Monday, October 22, 2007

ဇာဂနာအဖမ်းခံရခြင်း(၃)

အောင်သပြေနိမိတ်ကောင်းယူမယ်လေ(အပိုင်း၃)

zarganar | 21 October, 2007 23:44

အောင်သပြေ နိမိတ်ကောင်းယူမယ်လေ ဆိုတဲ့ကိုအံ့ကြီးသိချင်းစာသားဟာ ဇာ၈နာ့ပါးစပ်ထဲတရစပ်ကိုရောက်နေပါတော့တယ်။မရောက်ခံနိုင်ပါရိုးလား။ဇာဂနာ ရောက်နေတဲ့နေရာက နာမယ်ကျော် အောင်သပြေ စစ်ကြောရေးစခန်းလေ။၂၆ စက်တင်ဘာ မနက် ၇နာရီလောက်မှာ အင်းစိန် သီးသန့်ထောင်ကနေ ဇာ၈နာ ကို ဒီအောင်သပြေစခန်းထဲခေါ်လာတာကိုး။၂၄ ပေ ၄၈ပေ ကျယ်တဲ့နှစ်ထပ်ဆောင်ရဲ့ အနောက်တောင်ထောင့်စွန်းအခန်းမှာ ကွပ်ပျစ်တလုံးနဲ့ ဇာ၈နာ စံမြန်းခွင့်ရခဲ့ပါတယ်။စောင်မရှိ ခေါင်းအုံးမရှိ ခြင်တော့ရှိ ဆိုတဲ့ ၁၀ပေ ၁၂ ပေ အခန်းထဲ သုံးည နဲ့လေးရက်တိတိ စစ်ကြောမေးမြန်းခံရပြီးသကာလ ၂၉ စက်တင်ဘာ၂၀၀၇ ညနေ ၆ နာရီလောက်မှာတော့ ရဲအုပ် ကိုသက်နိုင်က ကိုသူရရေ ရွှေ့မယ် အဆင်သင့်သာ ပြင်ထားပေတော့တဲ့။ဇာ၈နာ တော်တော် ပျော်သွားတယ်။ဟုတ်တယ်လေ တစ်ယောက်ထဲ အခန်းထဲလှောင်ပိတ် နေ နေရတာ နဲ့စာရင် ထောင် ထဲမှာ ဘော်ဒါတွေနဲ့တော်ကီ လေး ပွားရင်း အချိန်တွေကုန်ရတာက ပိုသက်သာ တာပေါ့။နောက်တစ်ခုက ပေါ်ဦးတို့ ၈ျင်မီ တို့နဲ့တွေ့ရမှာ သေချာတယ်။ကိုယ်တွေ့ကြုံခဲ့ရတာတွေ သူတို့နဲ့ဖောက်သည်ချမယ်။ရှေ့ဆက် လုပ်သင့်လုပ်ထိုက်တာတွေ တိုင်ပင်မယ် ဆွေးနွေးမယ်။အရေးကြီးတာကတော့ ဘောလုံးအသင်းလိုပဲ အရန်အင်အားကောင်းအောင် ဖွဲ့စည်းဖို့။စိတ်ကူးတွေတယဉ်ယဉ် နဲ့ ခေါ်ဆောင်ရာကားနောက်လိုက်လာတဲ့အချိန်မှာ ဘွားဆို အင်းစိန်ထောင်ကြီးလဲတွေ့လိုက်ရော ရွေ့ နိပ်ပဟ လို့ရေ ရွတ်မိလိုက်ပါတော့တယ်။ဒါကြောင့်ပြောတာပေါ့ အောင်သပြေ ဟာ နိမိတ်ကောင်းပါတယ်လို့

No comments: