Monday, December 8, 2008

Human Rights Day - 60 Years


Cartoon Maung Yit - The World is celebrating 60 year of human rights day and still Burmese are suffering 60 years of imprisonments for human rights
December 7th , 2008

Thursday, December 4, 2008

Zarganar & Ne Phone Latt honored as cyber dissident at RSF

နယ်ခြားစည်းမထား သတင်းထောက်များက ကိုဇာဂနာနှင့် နေဘုန်းလတ်ကို ဂုဏ်ပြုဆုချီးမြှင့်

မိုးမခ ဓာတ်ပုံသတင်း

ဒီဇင်ဘာ ၄၊ ၂၀၀၈

စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး လွတ်လပ်မှုတို့အတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများကို ထိုအဖွဲ့က နှစ်စဉ် ရွေးချယ် ဆုချီးမြှင့်လေ့ရှိရာ ဒီနှစ်တွင် အင်တာနက် အတိုက်အခံ ဘလော့ဂါများအဖြစ် မြန်မာပြည်က စွယ်စုံရ အနုပညာရှင် ကိုဇာဂနာနှင့် ဘလော့ရေးသားသူ ကိုနေဘုန်းလတ်တို့ကို ရွေးချယ် ဂုဏ်ပြုလိုက်သည်ဟု သိရသည်။ ကိုဇာဂနာ၏ မိတ်ဆွေ လူရွှင်တော်၊ သရုပ်ဆောင်၊ ပန်းချီဆရာ၊ အနုပညာရှင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ပန်းချီ ထိန်လင်းက သူတို့ကိုယ်စား ဆုပေးပွဲကို တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

Wednesday, December 3, 2008

Zarganar to MyitKyiNar Prison, RSF Award and Burmese Artists' Voice

ဇာဂနာ မြစ်ကြီးနားထောင်၊ နယ်ခြားစည်းမထား သတင်းထောက်များ ဆုနဲ့

မြန်မာအနုပညာရှင်တွေရဲ့ အသံ

မိုးမခ အထောက်တော် ၀၀၂

နိုဝင်ဘာ ၄၊ ၂၀၀၈

ယမန်နေ့ညက ပြည်သူ့အချစ်တော် ကိုဇာဂနာကို မြစ်ကြီးနားထောင်၊ ဇော်သက်ထွေး - တောင်ကြီး၊ ကိုကတုံး - မြင်းခြံနှင့် သန့်စင်အောင် - ဖားအံထောင်များသို့ အသီးသီး ချုပ်နှောင်လိုက်သည်ဟု သိရသည်။

ယခုကဲ့သို့ မိသားစု သားချင်းများနှင့် လက်လှမ်းမမီသည့် ထောင်များကို ပြောင်းရွှေ့ချုပ်နှောင်လိုက်သည့်အတွက် အခက်အခဲမျိုးစုံနှင့် ပိုမိုရင်ဆိုင်စေရန် စစ်အစိုးရက ကောက်ကျစ်ယုတ်မာစွာ ဖန်တီးခြင်းဖြစ်ကြောင်း မိတ်ဆွေတဦးက ပြောလိုက်သည်။

ထိုအချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ပြင်သစ်အခြေစိုက် အာရ်အက်စ်အက်ဖ် - နယ်ခြားစည်းမထား သတင်းထောက်များအသင်းက ကိုဇာဂနာနှင့် နေဘုန်းလတ်တို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်ဖြစ်နေသည်။

ကဗျာဆရာ ကိုအောင်ဝေးက ပြောကြားရာတွင် - မိမိအနေဖြင့် စိတ်ထိခိုက်ရကြောင်း၊ ကိုဇာဂနာနှင့် နိုင်ငံရေးအကျဉ်းသားများ၊ အဓမ္မလူဝတ်လဲခံထားရသည့် သံဃာတော်များကို မြစ်ကြီးနား နယ်ခံများက ၀ိုင်းဝန်း ကာကွယ် ကူညီကြ၊ စောင့်ရှောက်ပေးကြမည်ကို မြင်ယောင်မိကြောင်း၊ ပြောကြားသည်။

ကိုဇာဂနာ ဇနီးသည် မလွင်မာဦးက ပြောကြားရာတွင် - နိုင်ငံတကာက အနုပညာရှင်များ၊ အဖွဲ့အစည်းများက ယခုကဲ့သို့ ဂုဏ်ပြုကြ၊ ဆုတွေ ချီးမြှင့်ကြသည့်အတွက် ၀မ်းသာပါကြောင်း၊ ထိုထက်သာမက နိုင်ငံတကာက အနုပညာရှင်များ အဖွဲ့အစည်းများက ၎င်းတို့၏ အနုပညာများ၊ ပညာအစွမ်းအစများကို အသုံးချပြီး ကိုဇာဂနာနှင့်တကွသော အကျဉ်းကျခံနေရသူ အနုပညာရှင်များ၊ ပုဂ္ဂိုလ်များအကြောင်းကို ပရိသတ်များ၊ လူအများတို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ စာနာ နားလည်လာကြစေရန်၊ မတရားသူ အာဏာရှင်များ အရှက် ဂုဏ်သိက္ခာ ပိုမိုကျဆင်းစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြောကြားလိုက်သည်။

ပန်းချီထိန်လင်း က

“သူက အနုပညာဘ၀ တလျောက်လုံး ပြည်သူတွေအတွက်၊ အားနည်းသူတွေအတွက်၊ အဖိနှိပ်ခံတွေအတွက် အနုပညာတွေ၊ ခွန်အားဖြစ်စေတဲ့ အက၊ သီချင်း၊ ပြက်လုံး၊ ဇာတ်လမ်း၊ ပြကွက်တွေ တင်ဆက်ခဲ့တာ။ ထောင်ထဲမှာတောင် စိတ်ကူးနဲ့တင် သီချင်းတွေ ပြက်လုံးတွေ ရုပ်ရှင်ကားတွေ ရိုက်ပြီး အသည်းထဲ စိတ်ထဲမှာ သိမ်းဆည်းထားတာ၊ သူလိုလူကို ကျနော်တို့က အလေးအနက် ပြုရမယ် …”

ဟု ဆိုလိုက်သည်။

ကိုဇာဂနာ မွေးထုတ်ခဲ့သည့် ၂၀၀၇ မျိုးဆက်သစ် ခေတ်ပြိုင်အငြိမ့်အဖွဲ့တခုဖြစ်သော “သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့” တာဝန်ခံ ကိုဂေါ်ဇီလာက ကိုဇာဂနာနှင့် အကျဉ်းခံ အနုပညာရှင်များ၊ ပုဂ္ဂိုလ်အသီးသီးတို့ကို ဂုဏ်ပြုရန်၊ သူတို့အရေးကိစ္စများကို သူတို့ကိုယ်စား အသံပြု ဖော်ထုတ်ကြရန် မြန်မာ အနုပညာရှင်များ အားလုံးနဲ့ အတူဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

Zarganar and Others sent to remote prisons

မျိုးဆက်သစ်လူငယ်များကို ထောင်ပြောင်း၊ လူရွှင်တော် ကိုဇာဂနာကိုလည်း ညတွင်းချင်း ထောင်ရွှေ့

နိုင်ငံရေး အကျဉ်းသားတို့ကို ဒေသခံ ပြည်သူနှင့် ၀န်ထမ်းတို့ ၀ိုင်းဝန်း ကူညီစောင့်ရှောက်ကြရန် ဆရာတော်များက မေတ္တာရပ်ခံ

မိုးမခ အထောက်တော် (ရန်ကုန်)

ဒီဇင်ဘာ ၃၊ ၂၀၀၈

ယမန်နေ့က ပြည်တွင်းရှိ မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ၎င်းတို့လူငယ်များကို ဝေးလံခေါင်ဖျားသော ထောင်များသို့ ပြောင်းရွှေ့ကြောင်း သတင်းထုတ်ပြန်သည်။ ပြည်သူအချစ်တော် ကိုဇာဂနာနှင့် မိတ်ဆွေများကိုလည်း ရန်ကုန်အင်းစိန်ထောင်က အခြားတနေရာသို့ ပြောင်းရွှေ့လိုက်ကြောင်း ကြားသိရသည်။

ဇေယျာသော်ကို ကော့သောင်း၊ အောင်ဇော်ဖြိုးကို တောင်ငူ၊ သီဟ၀င်းတင်ကို ညောင်ဦးထောင်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဆိုသည်။ ထိုင်းအခြေစိုက် အေအေပီပီ စာရင်းအရ နိုဝင်ဘာလအတွင်း နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ ၃၀၀ နီးပါးကို ထောင်ဒဏ်များ ကြီးလေးစွာ ချမှတ်ခဲ့ကြောင်း၊ မတရားပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာက အငြိမ်းစား သမ္မတများ၊ ခေါင်းဆောင်များဖြစ်သည့် ဂျော့ဘွတ်ခ်ျ (အကြီး)၊ ဂျင်မီကာတာ၊ ဟာဗယ်လ် စသည်တို့အပါအ၀င် ပုဂ္ဂိုလ်ကြီး ၁၁၂ ဦးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို လိပ်မူပြီး မြန်မာပြည်အကြပ်အတည်းကို အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုထားကြောင်း ပြည်ပသတင်းဌာနများတွင် ဖော်ပြထားသည်။

“အမျိုး ဘာသာ သာသနာကို အသက်တွေ ကိုယ်ကျိုးတွေ စွန့်လွှတ်ပြီး ဆောင်ရွက်ကြတဲ့ ဒကာတွေ ဒကာမတွေကို အခုလို ထောင်ချတယ်၊ အဝေးကို ပို့ပြီး မိဘတွေ သားချင်းတွေ လိုက်မမီအောင် ပင်ပန်းဆင်းရဲအောင် တပူပေါ် နှစ်ပူ သုံးပူ ဆင့်ကြတယ်။ ဆရာတော်ကတော့ အကုသိုလ်တွေထဲက ကုသိုလ်ရတဲ့အလုပ်ကို ရွေးပြီး စဉ်းစားတယ်။

ရန်ကုန်နဲ့ ဝေးတဲ့ နယ်အသီးသီးက အစိုးရ၀န်ထမ်းတွေ၊ လုံခြုံရေး ၀န်ထမ်းတွေ၊ အိမ်ရှင် သူတော်ကောင်း အမျိုးသားကောင်း အမျိုးကောင်းသားသမီးတွေအတွက် အရတော်တဲ့ အဖြစ်၊ ထူးတဲ့ အဖြစ်တခု ဖြစ်လာတာပဲ။

အခုလို အာဇာနည် သူတော်ကောင်း ဒကာတွေ ဒကာမတွေကို အဲဒီက ထောင်တွေထဲ ပို့လိုက်ပြီ၊ သူတို့တွေ ရောက်လာကြပြီ။ ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး ဂရုဏာ မေတ္တာတွေနဲ့ ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ ကူညီဖို့ အခွင့်အရေးကြီး အဲဒီအရပ်ကို ဆိုက်ရောက်လာတာပဲ။ ၀ိုင်းပြီး ကိုယ့်သားသမီးလို၊ မိခင် ဘခင်များလို၊ ညီအကို မောင်နှမတွေကို စောင့်ရှောက်ပေးထားကြပါ။ မရည်ရွယ်ဘဲနဲ့ ကုသိုလ်တွေ ရကြပါလိမ့်မယ်လို့ ဆရာတော်က မေတ္တာရပ် တောင်းပန်လိုက်ချင်ပါတယ်။

အဲဒီအထဲမှာ သင်္ကန်းချွတ်ပြီး လွှတ်လိုက်တဲ့ သံဃာတော်တွေလည်း ပါလာပါလိမ့်မယ်။ သူတို့ကိုလည်း ဂရုဏာနဲ့ စောင့်ရှောက်ပြီး သာသနာပြုပေးကြပါ။ မယူတတ်ရင် ငရဲကြီးပါတယ်။ အခုလို ခံယူလိုက်ရင် ကုသိုလ်ဖြစ်ပါလိမ့်မယ် ..”

ဟု ရန်ကုန်မြို့က သက်တော် ၀ါတော်ကြီး ဆရာတော်ကြီးတပါးက သဘောထားကို ထုတ်ပြန်မိန့်ကြားခဲ့သည်။