Saturday, July 26, 2008

8888 - 20 Years, Zarganar


၈၈ အနှစ် ၂၀

(အခန်းဆက်များ)

ဇာဂနာ ရဲ့ ၈၈ ဒိုင်ယာရီ အပိုင်းအစများ

ဇာဂနာ

( မိုးမခရဲ့ မိတ်ဆက် - ဇာဂနာ အနှစ် ၂၀ - မျက်စိထဲ ပေါ်လာသမျှကို အရင် တင်ပြလိုက်ချင်ပါတယ်။

၁၉၈၈ သြဂုတ်လ အရေးတော်ပုံမှာ အနုပညာရှင်တဦး၊ ကျောင်းသားတဦး အနေနဲ့ ရှေ့တန်းက ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် ရှေးမဆွကတည်းက ရင်းနှီးသူ၊

၁၉၉၀ ၀န်းကျင်မှာ စစ်အစိုးရ ရွေးကောက်ပွဲကို သရော်တဲ့ သူတောင်းစားညီလာခံ ပြဇာတ်ကို နယ်လှည့် ကပြ၀ံ့သူ၊ တဦးတည်းသာမဟုတ် အနုပညာဝိုင်းတော်သားတွေနှင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သူ၊ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖမ်းဆီးခံရပြီး ထောင် ၅ နှစ် ကျခဲ့သူ၊

၁၉၉၅ နှောင်းပိုင်း တောက်လျောက် အနုပညာရှင်၊ ဒါရိုက်တာတဦးအနေဖြင့် ရပ်တည်ပြီး လူမှုရေး ကူညီမှုများ၊ ကျန်းမာရေး စောင့်ရှောက်ရေး ပညာပေး ရုပ်သံများ ဆောင်ရွက်သူ။

သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာ အဖြူရောင် သက်တံ လှုပ်ရှားမှု၊ ထောင်က လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားများဖက်က ရပ်တည် ထောက်ခံမှုများကြောင့် စစ်အစိုးရ မျက်မုန်းကျိုးခြင်း ခံရသူ။

ပွင့်လင်း လွတ်လပ်သော ဝေဖန်မှုများကြောင့် ၂၀၀၆ တွင် အနုပညာလုပ်ငန်းများ အပိတ်ခံရသူ၊ သို့သော်လည်း ပွင့်လင်းလွတ်လပ်တဲ့ အနုပညာအမွေအဖြစ် သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့ကို မျိုးဆက်သစ် မျိုးစေ့ချပေးခဲ့သူ။

၂၀၀၇ စက်တင်ဘာ သံဃာအရေးတော်ပုံမှာ မြန်မာပြည်သူတွေရဲ့ တရားမ၀င်သော်လည်း အားလုံးအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် ရဲရင့်စွာ ရပ်တည်သူ၊ အထိမ်းသိမ်းခံခဲ့ရသော်လည်း လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း စစ်အစိုးရ ဦးချိုးထားတဲ့ ပြည်သူတွေ ရဲရင့်တက်ကြွလာစေဖို့ ဆေးရောင်စုံအငြိမ့်က ပြည်သူတွေကြားဆင်းပြီး ကပြချိန်တွင် လိုက်လံ အားပေးဆောင်ရွက်သူ၊ အဖိနှိပ်ခံ သံဃာတော်များ၊ နိုင်ငံရေးသမားများကို ပြုစုစောင့်ရှောက် လှူဒါန်းထောက်ပံ့သူ။

၂၀၀၈ နှစ်ဦးပိုင်း စစ်အစိုးရရဲ့ အတုအယောင် အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီးလည်း ပွင့်လင်းစွာ ဝေဖန်ရဲသူ၊ ၂၀၀၈ မေ နာဂစ်မုန်တိုင်းအပြီး ဒုက္ခသည် ပြည်သူကြီးထံသို့ ရှိစုမဲ့စုတွေကို ထုပ်ပိုးပြီး ကယ်ဆယ်ရေး၊ ကုညီရေးတွေ ဆောင်ရွက်သူ၊ စစ်အစိုးရရဲ့ လူထုအပေါ် တာဝန်မကျေခဲ့မှု၊ ရက်စက်မှုများကို ရဲရဲရင့်ရင့် အားလုံးရှေ့မှာ အားလုံးကိုယ်စား ထုတ်ဖော်ဝေဖန်ခဲ့သဖြင့် စစ်အစိုးရရဲ့ ထပ်မံဖမ်းဆီးခြင်း ခံထားရသူ - ဇာဂနာ … ။

သူ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက သူရဲ့ ဘယ်တော့မှ နောက်မဆုတ်ခဲ့တဲ့ ခြေလှမ်းများ အကြောင်း တင်ဆက်လိုက်တာပါ။ )


၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့မှာ တပ်မတော်ကအာဏာသိမ်းပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့မှာ ကျွန်တော် အဖမ်းခံရပါတယ်။ ၁၉၈၉ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ တစ်ခါ ၁၉၉၀ခုနှစ် မေလ ၁၉ ရက်နေ့မှာ ထပ်ဖမ်းခံရပြီး ထောင်ငါးနှစ် အချခံခဲ့ရပါတယ်။ ပထမအကြိမ် အဖမ်းခံရစဉ်တုန်းက ထောင်တွင်းမှာ ခိုးကြောင်ခိုးဝှက် ရေးခဲ့ရတဲ့ဒိုင်ယာရီ (အမှန်ကတော့ စာရွက် အပိုင်းအစလေးတွေပါ) ကို တစ်လောက အမှတ်တရ ပြန်ရလိုက်တဲ့အခါ တအား ၀မ်းသာသွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မပျောက်ပျက်အောင် သိမ်းထားပေးတဲ့ ထောင်ဝန်ထမ်းအဖိုးကြီးကိုလဲ
ကျေးဇူးတင်မဆုံးပါ။ ဒါကြောင့်လည်း ဒီနေရာကနေ မှတ်တမ်းတင်လို့ ဖော်ပြသွားပါရစေ။

၁၉၈၈ ခုနှစ်သည် အရေးတော်ပုံနှစ်ဟု ဆိုရမလောက်ပင် အစိုးရအားဆန့်ကျင်သော အရေးအခင်းများသည် တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ မောင်ဘုန်းမော် အရေးအခင်းဟု အမည်တွင်ခဲ့သည့် မတ်လလှုပ်ရှားမှု ဂျင်ဂလိပွဲတော်ဟု ကင်ပွန်းတပ်ခံခဲ့ရသည့် ဇွန်လအရေးအခင်း၊ ရှစ် လေး လုံး ဟု ကျော်ကြားခဲ့သော သြဂုတ်လ အရေးအခင်း၊ ထိုသည့်နောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အုံကြွလှုပ်ရှားခဲ့သည့် ဒီမိုကရေစီအရေးတော်ပုံတို့ပင်တည်း။

သြဂုတ်လ ၂၂ ရက်မှ အစပြုခဲ့သော ယင်းဒီမိုကရေစီအရေးတော်ပုံသည်ကားး မြန်မာ့သမိုင်းတွင် မကြုံဘူးလောက်အောင် လူတန်းစား အလွှာပေါင်းစုံ ပါဝင်သည့် အစိုးရဆန့်ကျင်သော လှုပ်ရှားမှုကြီးဖြစ်ရကား ဆရာဝန်များ အနုပညာရှင်များ ရှေ့နေများစသည့် အသိပညာရှင် အတတ်ပညာရှင်များသာမက အိုးမဲ့အိမ်မဲ့ အခြေနေမဲ့များ၏ လမ်းဘေးသမဂ္ဂပါမကျန် တော်လှန် တိုက်ပွဲဝင်ခဲ့ကြလေသည်။

အနုပညာရှင် တစ်ပိုင်းတစဖြစ်နေသော ကျွန်တော်တို့သူငယ်ချင်းတသိုက်မှာလည်း ဤအရေးတော်ပုံ အစကာလများကပင် ပါဝင်ခဲ့ရကား ကျောင်းသားစိတ် တစ်ပိုင်း ကျန်နေသည့် အတွင်းဓာတ်၏ လှုံဆော်မှုကြောင့် တဖြေးဖြေး နက်မှန်းမသိ နက်ရှိုင်းစွာ ဝင်ရောက် ဆင်နွဲမိလေတော့သည်။

ထိုစဉ်က ကျွှန်တော်တို့၏ စုရပ်ဖြစ်သော ရန်ကုန်မြို့ ၂၁ လမ်းရှိ (ယခင် သဘင်ကောင်စီ ရုံးခန်း) မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သမဂ္ဂ ရုံးခန်းသည်လည်း အနယ်နယ် အရပ်ရပ်မှ သပိတ်ခေါင်းဆောင်များ ကိုယ်စားလှယ်များ စတည်းချရာ နေရာတစ်ခုလည်း ဖြစ်လာလေသည်။ ရွှေပြည်အေးသမားများ၊ အကဲခတ် ဆရာများ၊ ရရင် ရ မရရင် ချ ဆိုသော ပုဂ္ဂိုလ်များ၏ ငြင်းခုန်ရာ စည်းဝေးခန်းမတစ်ခုလည်း ဖြစ်ခဲ့လေသည်။

ကျွန်တော်တို့ သူငယ်ချင်းတသိုက်မှာလည်း တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် မကြုံရလောက်အောင်ပင် ဟောပြောပွဲများ စည်ဝေးပွဲများ နယ်စည်းရုံရေး ခရီးစဉ်များ၊ ဆန္ဒပြပွဲများ၊ အလှုခံကိစ္စများနှင့် ချာလပတ် ရမ်းနေကြရကား တစ်ဦးနှင့် တစ်ဦး ဆက်သွယ်လိုလျင်ပင် ရုံးရှေ့ ကျေုာက်သင်ပုန်းမှတစ်ဆင့်သာ ဆက်သွယ်ရသည့်ဘ၀သို့ ဆိုက်ရောက်ရလေတော့သည်။

သို့သော်လည်း ကျွန်တော်တို့ လူတသိုက်ကို မျက်နှာချင်း ပြန်လည်ဆုံစည်းခွင်ရအောင် ဖန်တီးပေးလိုက်သည့်အရာကား ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပေါ်ပေါက် လာပါတော့သည်။ အခြား မဟုတ်ပါ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းပင်တည်း။

ထို့နေ့ ညနေ ၆းဝဝ နာရီခန့်၌ သဘင်သမဂ္ဂ ရုံးခန်းတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် အလျှိုအလျှို ရောက်လာကြပါတော့သည်။ ဘာလုပ်ကြမလဲ ဘာတွေ ဆက်လုပ်ကြဦးမလဲ ဘယ်လို လုပ်ကြမလဲ …

သေချာတာတခုကတော့ နဂို နာမည်ကြီးနေကြသည့်အတိုင်း မိမိတို့ လူတသိုက်သည် အဖမ်းခံရလိမ့်မည်။ သည်တော့ ထွက်ပြေးကြမလား၊ သွား အဖမ်းခံမလား၊ တောခိုကြမလား … တခုခုတော့ လုပ်ရပေလိမ့်မည်။

ပထမဆုံးတော့ သည်နေရာမှ အမြန် စွန့်ခွာရလိမ့်မည်။ အကယ်၍များ စစ်တပ်သည် သူ့တို့ကြေညာထားသည့်အတိုင်း အင်အားသုံး၍ သည်နေရာကို ဝင်ရှင်းခဲ့လျင်၊ လမ်းသူ လမ်းသားများ အချောင်သက်သက် ထိခိုက် နစ်နာကြမည် မဟုတ်တုံ့လော့။

မိမိတို့ အပေါ် သံယောဇဉ်ကြီးမားနေပြီးဖြစ်သော လမ်းသူ လမ်းသားများ ကလည်း သူတို့ ကာကွယ်ပေးပါမည်၊ ဖွက်ထားပေးပါမည်၊ မသွားကြပါနှင့်ဟု အတန်တန် တားကြလေသည်။ သို့သော်လည်း ကျွန်တော်တို့ တသိုက်မှာ ဆုံးဖြတ်ထားသည့်အတိုင်း ကိုယ့်ပစ္စည်းလေးတွေ ကိုယ်ဆွဲ၊ ရုံးခန်းတွင်းမှ စာရွက်စာတမ်းများကို အလျင်အမြန် ဖျောက်ဖျက်ကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းသို့ ရွှေ့ပြောင်းခဲ့ကြတော့သည်။

ထိုအချိန်က ဆေးရုံကြီးဝင်းအတွင်း၌ အစာငတ်ခံ ဆန္ဒပြနေကြသော အုပ်စု အဖွဲ့အစည်း အသီးသီး တို့မှာလည်း ညမထွက်ရ အမိန့်ကြောင့်ပင် အိမ်ပြန်ခွင့်မရဘဲ လူနာဆောင်အသီးသီး၌ သောင်တင်နေကြလေသည်။

ထိုကြောင့်ပင် ကျွန်တော်တို့ သူငယ်ချင်းတသိုက်မှာ အုပ်စု သုံးစုခွဲပြီး အဝတ်လျှော်စက် ဓာတ်အားပေးစက်နှင့် ရေခဲတိုက်များအတွင်းသို့ ဝင်ရောက် ပုန်းအောင်း နေရတော့သည်။

တချက် တချက်တွင် စစ်အစိုးရ အလိုမရှိ ဟူသော အော်သံများ၊ သေနပ်သံများ၊ လမ်းမများပေါ်တွင် ချထားသော အပိတ်အဆို့ အကာအရံများကို လိုက်လံရှင်းလင်းနေသည့် စစ်ကားသံများကို နာခံရင်း တစ်ညတာခရီးကို ကျော်လွန်ခဲ့ရသည်။

ဤနေရာတွင် ကျွန်တော်နှင့်အတူ ပုန်းအောင်းခဲ့သူများကို မှတ်တမ်းတင်လိုပါသည်။ ကျွန်တော်တို့ သဘင်သမဂ္ဂမှ မိုးဝင်း၊ မိုးမင်း၊ အရိုင်း၊ ညီညီလှိုင်(ညောင်ညောင်)၊ ညီဝင်းစိန်၊ ဖိုးဖြူ၊ စိုးဟန်၊ တပ်မတော် မှတ်တမ်းရုံးမှ တပ်ကြပ်အောင်သန်း၊ ကျောင်းသား တပ်ပေါင်းစုမှ ရွှေရောင် အောင်ဇော်မျိုး၊ ရုပ်ရှင် သရုပ်ဆောင် ဇင်ဝိုင်းနှင့် တောင်ဥက္ကလာပမှ ဆိတ်မ ဆိုသူတို့ ဖြစ်ပါသည်။

ညတွင်းချင်းပင် ကျောင်းသား သမဂ္ဂမှ မင်းမင်း၊ ဇော်ထွန်းတို့ ခေါင်းဆောင်သည့် အစာငတ်ခံ ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအဖွဲ့သို့ လှမ်း၍ ဆက်သွယ်ပြီး မနက်မိုးလင်းသည်အထိ မည်သည့်နေရာမှ မသွားရန်နှင့် သောင်တင်နေသည့် ကလေးများကိစ္စ မိမိတို့လာမှ ရှင်းပေးမည်ဖြစ်ကြောင်း အကြောင်းကြားထားရပေသည်။

သို့ဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၅းဝဝ နာရီ ထိုးသည့် အချိန် မှာတော့ ကျွန်တော်တို့၏စီစဉ်ပေးမှုဖြင့် အိမ်ပြန်ပို့နိုင်ခဲ့လေသည်။ သည်နောက်မှတော့ ညက ကြိုတင်စီစဉ်ထားသည့်အတိုင်း စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ချီတက်ရန် စိုင်းပြင်းကြရလေတော့သည်။

သည်မှာတင် ပြသနာက စ ပါလေပြီ။ ဆေးရုံကြီးအတွင်းရှိ သူအစုနှင့်သူ ရှိနေကြသော အဖွဲ့အသီးသီးသည် အင်တင်တင် ဖြစ်နေကြလေသည်။ တောင်လိုလို မြောက်လိုလို အစည်းအဝေး လုပ်ဦးမလိုလို၊ အီးအီး ပါဦးမလိုလိုနှင့် ချီတက်ရန်ကိစ္စကို ရှောင်ဖယ် ရှောင်ဖယ် လုပ်ကြတော့သည်။

သည်တစ်ခါက တကယ်ကို သေနပ်နှင့် ပစ်တော့မှာ မဟုတ်လား။ ကျွန်တော်တို့ သူငယ်ချင်းတစု ခေါင်းချင်းဆိုင်ရတော့၏။

ကဲ … ဘယ်သူမှ မထွက်ခင်တုန်းကတည်းက တို့ ထွက်ခဲ့တယ်၊ နောက် တနိုင်ငံလုံး ပါလာတော့၊ ဒို့ အရေးမှ မလုပ်ရရင် ခေတ်မမီတော့ဘူးဟဲ့ ဆိုပြီး ပါလာလိုက်ကြတာ၊ ခုတော့ ဘယ် တကောင်တမြီးမှ မတွေ့ရတော့ဘူး။ ခု ချက်ချင်း ပစ်ပါ၊ ဖမ်းပါနဲ့ စင်ပေါ်ကနေ လက်သီးလက်မောင်းတန်းခဲ့တဲ့ ဘယ် အနုပညာရှင်သမားဆိုတာတွေမှလည်း အရိပ်တောင် မတွေ့ရတော့၊ တို့ ဘယ်လိုလုပ်မလဲ၊ ကလေးတွေကိုချည်းပဲ မင်းတို့ ချီတက်ကြတော့ ဆိုပြီး လွှတ်လိုက်တော့မလား၊ အသေခံခိုင်းလိုက်တော့မှာလား။ ကိုင်း … ဘယ်သူ ထွက်ထွက်၊ မထွက်ထွက် တို့ ထွက်တယ်ကွာ ဟု ကြိမ်းဝါးပြီး၊ ကိုဇင်ဝိုင်းရယ်၊ (မိုးဝင်း)ရယ်၊ မောင်စိန်ထွန်း(မိုးမင်း)ရယ်၊ အောင်သန်းဦး(အရိုင်း)ရယ်၊ မောင်ရွှေရောင်ရယ်၊ ကျွန်တော်ရယ်၊ နောက်ပြီး ကျောင်းသားဟောင်းများအဖွဲ့မှ နိုင်လင်းနှင့် ကျော်မြင့်တို့ပါ ပေါင်းကာ စုစုပေါင်း ရှစ်ယောက်တည်းဖြင့် စတင် ချီတက်ခဲ့ကြပါတော့သည်။

စစ်အစိုးရ အလိုမရှိ။ စောမောင် အစိုးရ အလိုမရှိ။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ကျောင်းသားပြည်သူ သတ်ဖို့မဟုတ်ဘူး … စသော ကြွေးကြော်သံများဖြင့် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းတလျှောက် ထိုမှ ဘုရားလမ်း၊ မဟာဗန္ဓုလလမ်း၊ ဘုန်းကြီးလမ်းမှတဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ပြန်လည်ချီတက်ခဲ့ကြရာ တစ်ပတ် ပတ်မိသည့်အချိန်မှာဖြင့် လူတန်းကြီးမှာ နှစ်ထောင် သုံးထောင်ခန့် ဖြစ်လာတော့သည်။ ဤသို့ဖြင့် ထပ်မံ ရောက်ရှိလာသော အဖွဲ့များနှင့် ပူးပေါင်းကာ လူ လေးထောင် ကျော်ကျော်ခန့်ကို ဦးဆောင်ပြီး မြို့တော်ခန်းမသို့ ဦးတည်လိုက်တော့၏။ ( ဆက်လက်ဖော်ပြပါဦးမယ်)