Monday, December 8, 2008

Human Rights Day - 60 Years


Cartoon Maung Yit - The World is celebrating 60 year of human rights day and still Burmese are suffering 60 years of imprisonments for human rights
December 7th , 2008

Thursday, December 4, 2008

Zarganar & Ne Phone Latt honored as cyber dissident at RSF

နယ်ခြားစည်းမထား သတင်းထောက်များက ကိုဇာဂနာနှင့် နေဘုန်းလတ်ကို ဂုဏ်ပြုဆုချီးမြှင့်

မိုးမခ ဓာတ်ပုံသတင်း

ဒီဇင်ဘာ ၄၊ ၂၀၀၈

စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး လွတ်လပ်မှုတို့အတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများကို ထိုအဖွဲ့က နှစ်စဉ် ရွေးချယ် ဆုချီးမြှင့်လေ့ရှိရာ ဒီနှစ်တွင် အင်တာနက် အတိုက်အခံ ဘလော့ဂါများအဖြစ် မြန်မာပြည်က စွယ်စုံရ အနုပညာရှင် ကိုဇာဂနာနှင့် ဘလော့ရေးသားသူ ကိုနေဘုန်းလတ်တို့ကို ရွေးချယ် ဂုဏ်ပြုလိုက်သည်ဟု သိရသည်။ ကိုဇာဂနာ၏ မိတ်ဆွေ လူရွှင်တော်၊ သရုပ်ဆောင်၊ ပန်းချီဆရာ၊ အနုပညာရှင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ပန်းချီ ထိန်လင်းက သူတို့ကိုယ်စား ဆုပေးပွဲကို တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

Wednesday, December 3, 2008

Zarganar to MyitKyiNar Prison, RSF Award and Burmese Artists' Voice

ဇာဂနာ မြစ်ကြီးနားထောင်၊ နယ်ခြားစည်းမထား သတင်းထောက်များ ဆုနဲ့

မြန်မာအနုပညာရှင်တွေရဲ့ အသံ

မိုးမခ အထောက်တော် ၀၀၂

နိုဝင်ဘာ ၄၊ ၂၀၀၈

ယမန်နေ့ညက ပြည်သူ့အချစ်တော် ကိုဇာဂနာကို မြစ်ကြီးနားထောင်၊ ဇော်သက်ထွေး - တောင်ကြီး၊ ကိုကတုံး - မြင်းခြံနှင့် သန့်စင်အောင် - ဖားအံထောင်များသို့ အသီးသီး ချုပ်နှောင်လိုက်သည်ဟု သိရသည်။

ယခုကဲ့သို့ မိသားစု သားချင်းများနှင့် လက်လှမ်းမမီသည့် ထောင်များကို ပြောင်းရွှေ့ချုပ်နှောင်လိုက်သည့်အတွက် အခက်အခဲမျိုးစုံနှင့် ပိုမိုရင်ဆိုင်စေရန် စစ်အစိုးရက ကောက်ကျစ်ယုတ်မာစွာ ဖန်တီးခြင်းဖြစ်ကြောင်း မိတ်ဆွေတဦးက ပြောလိုက်သည်။

ထိုအချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ပြင်သစ်အခြေစိုက် အာရ်အက်စ်အက်ဖ် - နယ်ခြားစည်းမထား သတင်းထောက်များအသင်းက ကိုဇာဂနာနှင့် နေဘုန်းလတ်တို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်ဖြစ်နေသည်။

ကဗျာဆရာ ကိုအောင်ဝေးက ပြောကြားရာတွင် - မိမိအနေဖြင့် စိတ်ထိခိုက်ရကြောင်း၊ ကိုဇာဂနာနှင့် နိုင်ငံရေးအကျဉ်းသားများ၊ အဓမ္မလူဝတ်လဲခံထားရသည့် သံဃာတော်များကို မြစ်ကြီးနား နယ်ခံများက ၀ိုင်းဝန်း ကာကွယ် ကူညီကြ၊ စောင့်ရှောက်ပေးကြမည်ကို မြင်ယောင်မိကြောင်း၊ ပြောကြားသည်။

ကိုဇာဂနာ ဇနီးသည် မလွင်မာဦးက ပြောကြားရာတွင် - နိုင်ငံတကာက အနုပညာရှင်များ၊ အဖွဲ့အစည်းများက ယခုကဲ့သို့ ဂုဏ်ပြုကြ၊ ဆုတွေ ချီးမြှင့်ကြသည့်အတွက် ၀မ်းသာပါကြောင်း၊ ထိုထက်သာမက နိုင်ငံတကာက အနုပညာရှင်များ အဖွဲ့အစည်းများက ၎င်းတို့၏ အနုပညာများ၊ ပညာအစွမ်းအစများကို အသုံးချပြီး ကိုဇာဂနာနှင့်တကွသော အကျဉ်းကျခံနေရသူ အနုပညာရှင်များ၊ ပုဂ္ဂိုလ်များအကြောင်းကို ပရိသတ်များ၊ လူအများတို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ စာနာ နားလည်လာကြစေရန်၊ မတရားသူ အာဏာရှင်များ အရှက် ဂုဏ်သိက္ခာ ပိုမိုကျဆင်းစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြောကြားလိုက်သည်။

ပန်းချီထိန်လင်း က

“သူက အနုပညာဘ၀ တလျောက်လုံး ပြည်သူတွေအတွက်၊ အားနည်းသူတွေအတွက်၊ အဖိနှိပ်ခံတွေအတွက် အနုပညာတွေ၊ ခွန်အားဖြစ်စေတဲ့ အက၊ သီချင်း၊ ပြက်လုံး၊ ဇာတ်လမ်း၊ ပြကွက်တွေ တင်ဆက်ခဲ့တာ။ ထောင်ထဲမှာတောင် စိတ်ကူးနဲ့တင် သီချင်းတွေ ပြက်လုံးတွေ ရုပ်ရှင်ကားတွေ ရိုက်ပြီး အသည်းထဲ စိတ်ထဲမှာ သိမ်းဆည်းထားတာ၊ သူလိုလူကို ကျနော်တို့က အလေးအနက် ပြုရမယ် …”

ဟု ဆိုလိုက်သည်။

ကိုဇာဂနာ မွေးထုတ်ခဲ့သည့် ၂၀၀၇ မျိုးဆက်သစ် ခေတ်ပြိုင်အငြိမ့်အဖွဲ့တခုဖြစ်သော “သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့” တာဝန်ခံ ကိုဂေါ်ဇီလာက ကိုဇာဂနာနှင့် အကျဉ်းခံ အနုပညာရှင်များ၊ ပုဂ္ဂိုလ်အသီးသီးတို့ကို ဂုဏ်ပြုရန်၊ သူတို့အရေးကိစ္စများကို သူတို့ကိုယ်စား အသံပြု ဖော်ထုတ်ကြရန် မြန်မာ အနုပညာရှင်များ အားလုံးနဲ့ အတူဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

Zarganar and Others sent to remote prisons

မျိုးဆက်သစ်လူငယ်များကို ထောင်ပြောင်း၊ လူရွှင်တော် ကိုဇာဂနာကိုလည်း ညတွင်းချင်း ထောင်ရွှေ့

နိုင်ငံရေး အကျဉ်းသားတို့ကို ဒေသခံ ပြည်သူနှင့် ၀န်ထမ်းတို့ ၀ိုင်းဝန်း ကူညီစောင့်ရှောက်ကြရန် ဆရာတော်များက မေတ္တာရပ်ခံ

မိုးမခ အထောက်တော် (ရန်ကုန်)

ဒီဇင်ဘာ ၃၊ ၂၀၀၈

ယမန်နေ့က ပြည်တွင်းရှိ မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ၎င်းတို့လူငယ်များကို ဝေးလံခေါင်ဖျားသော ထောင်များသို့ ပြောင်းရွှေ့ကြောင်း သတင်းထုတ်ပြန်သည်။ ပြည်သူအချစ်တော် ကိုဇာဂနာနှင့် မိတ်ဆွေများကိုလည်း ရန်ကုန်အင်းစိန်ထောင်က အခြားတနေရာသို့ ပြောင်းရွှေ့လိုက်ကြောင်း ကြားသိရသည်။

ဇေယျာသော်ကို ကော့သောင်း၊ အောင်ဇော်ဖြိုးကို တောင်ငူ၊ သီဟ၀င်းတင်ကို ညောင်ဦးထောင်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဆိုသည်။ ထိုင်းအခြေစိုက် အေအေပီပီ စာရင်းအရ နိုဝင်ဘာလအတွင်း နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ ၃၀၀ နီးပါးကို ထောင်ဒဏ်များ ကြီးလေးစွာ ချမှတ်ခဲ့ကြောင်း၊ မတရားပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာက အငြိမ်းစား သမ္မတများ၊ ခေါင်းဆောင်များဖြစ်သည့် ဂျော့ဘွတ်ခ်ျ (အကြီး)၊ ဂျင်မီကာတာ၊ ဟာဗယ်လ် စသည်တို့အပါအ၀င် ပုဂ္ဂိုလ်ကြီး ၁၁၂ ဦးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို လိပ်မူပြီး မြန်မာပြည်အကြပ်အတည်းကို အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုထားကြောင်း ပြည်ပသတင်းဌာနများတွင် ဖော်ပြထားသည်။

“အမျိုး ဘာသာ သာသနာကို အသက်တွေ ကိုယ်ကျိုးတွေ စွန့်လွှတ်ပြီး ဆောင်ရွက်ကြတဲ့ ဒကာတွေ ဒကာမတွေကို အခုလို ထောင်ချတယ်၊ အဝေးကို ပို့ပြီး မိဘတွေ သားချင်းတွေ လိုက်မမီအောင် ပင်ပန်းဆင်းရဲအောင် တပူပေါ် နှစ်ပူ သုံးပူ ဆင့်ကြတယ်။ ဆရာတော်ကတော့ အကုသိုလ်တွေထဲက ကုသိုလ်ရတဲ့အလုပ်ကို ရွေးပြီး စဉ်းစားတယ်။

ရန်ကုန်နဲ့ ဝေးတဲ့ နယ်အသီးသီးက အစိုးရ၀န်ထမ်းတွေ၊ လုံခြုံရေး ၀န်ထမ်းတွေ၊ အိမ်ရှင် သူတော်ကောင်း အမျိုးသားကောင်း အမျိုးကောင်းသားသမီးတွေအတွက် အရတော်တဲ့ အဖြစ်၊ ထူးတဲ့ အဖြစ်တခု ဖြစ်လာတာပဲ။

အခုလို အာဇာနည် သူတော်ကောင်း ဒကာတွေ ဒကာမတွေကို အဲဒီက ထောင်တွေထဲ ပို့လိုက်ပြီ၊ သူတို့တွေ ရောက်လာကြပြီ။ ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး ဂရုဏာ မေတ္တာတွေနဲ့ ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ ကူညီဖို့ အခွင့်အရေးကြီး အဲဒီအရပ်ကို ဆိုက်ရောက်လာတာပဲ။ ၀ိုင်းပြီး ကိုယ့်သားသမီးလို၊ မိခင် ဘခင်များလို၊ ညီအကို မောင်နှမတွေကို စောင့်ရှောက်ပေးထားကြပါ။ မရည်ရွယ်ဘဲနဲ့ ကုသိုလ်တွေ ရကြပါလိမ့်မယ်လို့ ဆရာတော်က မေတ္တာရပ် တောင်းပန်လိုက်ချင်ပါတယ်။

အဲဒီအထဲမှာ သင်္ကန်းချွတ်ပြီး လွှတ်လိုက်တဲ့ သံဃာတော်တွေလည်း ပါလာပါလိမ့်မယ်။ သူတို့ကိုလည်း ဂရုဏာနဲ့ စောင့်ရှောက်ပြီး သာသနာပြုပေးကြပါ။ မယူတတ်ရင် ငရဲကြီးပါတယ်။ အခုလို ခံယူလိုက်ရင် ကုသိုလ်ဖြစ်ပါလိမ့်မယ် ..”

ဟု ရန်ကုန်မြို့က သက်တော် ၀ါတော်ကြီး ဆရာတော်ကြီးတပါးက သဘောထားကို ထုတ်ပြန်မိန့်ကြားခဲ့သည်။

Wednesday, November 26, 2008

Zarganar awarded with "Freedom to Create" Prize

ဇာဂနာကို “လွတ်လပ်စွာ အနုပညာဖန်တီးခွင့်” ဆု ချီမြှင့်

မိုးမခ အထောက်တော် ၀၀၂၊ ဓာတ်ပုံ - နာရီ

နိုဝင်ဘာ ၂၆၊ ၂၀၀၈

ယနေ့ ဗုဒ္ဓဟူးနေ့၊ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ Art Venture အမည်ရတဲ့ အနုပညာရှင်များ စေတနာရှင်များအဖွဲ့က ရွေးချယ်ဂုဏ်ပြုတဲ့ “လွတ်လပ်စွာ အနုပညာဖန်တီးခွင့်” ဆုများမှာ မြန်မာပြည်ရဲ့ စွယ်စုံရ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာကိုလည်း ထူးချွန်ပြောင်မြောက်တဲ့ အကျဉ်းကျ အနုပညာရှင်တဦးအဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

၂၀၀၈ တနှစ်ပတ်လုံးမှာ နိုင်ငံတကာက အနုပညာလွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လူ့အခွင့်အရေး လွတ်လပ်ခွင့်တွေအတွက် အနုပညာရှင်များအသီးသီးရဲ့ ဆောင်ရွက်ချက်များ၊ ဖန်တီးမှုများကို ရွေးချယ် ဆုချီးမြှင့်ကြရန် ၀ိုင်းဝန်း အကြံပြုဖို့ ဖိတ်ခေါ်ခဲ့ရာမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက လျောက်လွှာပေါင်း ၁ ထောင် နီးပါးထဲက အနုပညာရှင် အစုအဖွဲ့ ၅ ခုကို ရွေးချယ်ခဲ့ပြီး ဆုငွေ ဒေါ်လာ ၁ သိန်း ခွဲကို ခွဲဝေပေးခဲ့တယ်လို့ ဆိုပါတယ်။
ကိုဇာဂနာ ကိုယ်စား မိတ်ဆွေတဦးက ဆုကို လက်ခံရယူခဲ့ပြီး အမေရိကန်နိုင်ငံရောက်နေတဲ့ ကိုဇာဂနာ ဇနီး၊ မလွင်မာဦးထံက ပေးပို့တဲ့ ကျေးဇူးစကားကို ဖတ်ကြားပြခဲ့တယ်လို့ သိရပါတယ်။ မလွင်မာဦးက -

သူတို့ အိမ်ထောင်သက် အနှစ် ၂၀ မှာ ကိုဇာဂနာ ဖမ်းဆီး ထိမ်းသိမ်းခံရတဲ့ ကာလတွေဟာ ၁၀ နှစ် နီးပါးရှိခဲ့တယ်။ သားတဦး သမီးတဦးနဲ့ ကိုဇာဂနာတို့ မိသားစု အတူတကွ ရပ်တည်ခဲ့ကြတယ်။ ထောင်ကျနေစဉ်ကလည်း ထောင်နံရံအပြင် အနီးဆုံးက အားပေးနိုင်ခဲ့တယ်။ သူ့အနုပညာတွေ ပိတ်ပင်ခံရတော့လည်း ပြည်ပသတင်းဌာနတွေကတဆင့် သူ့အနုပညာတွေ ပြည်သူတွေ နားမျက်စိရှေ့ ရောက်နိုင်ဖို့ မိသားစုက ကူညီခဲ့ကြတယ်။ အခုတော့ မိသားစုက အဝေးမှာရောက်နေလို့ အခုလို ထောင်ဒဏ် အနှစ် ၄၀ ကျော် ကျခံချိန်မှာ ကျမတို့ အနီးကပ် မစောင့်ရှောက်နိုင်တော့လို့ စိတ်ထိခိုက်ရပါတယ် … လို့ ပြောကြားတယ် လို့ ပရိသတ်တဦးက ပြန်ပြောပြပါတယ်။

မလွင်မာဦးက ဆက်လက်ပြောကြားရာမှာ -ဒီဆုဟာ ကိုဇာဂနာအတွက်သာ မဟုတ်ပါဘူး၊ အဖိနှိပ်ခံထားရတဲ့၊ ယုံကြည်ချက်အတွက် လွတ်လပ်မှုအတွက် အဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးသမားတွေအတွက်၊ သူတို့ရဲ့ မိဘတွေ၊ သားသမီးတွေ၊ မိသားစုတွေ အားလုံးအတွက် နိုင်ငံတကာက အနုပညာရှင်တွေ၊ ပြည်သူတွေက အလေးအနက်နဲ့ မမေ့မလျော့ အတူတကွ ရှိနေကြတယ်၊ ဂုဏ်ယူလျက်ရှိတယ်၊ အားပေးဂုဏ်ပြုလျက်ရှိတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ကျမ ခံစားမိပါတယ်လို့ စကားလက်ဆောင်ပေးတယ်လို့ သိရပါတယ်။

ပထမဆုကို ဇင်ဘာဘွေက ပြဇာတ်အဖွဲ့က ရပါတယ်။ ဇင်ဘာဘွေက သမ္မတကြီးကို သရော်တဲ့ ပြဇာတ်ဟာ ပြည်တွင်းမှာ အလွန်လူကြိုက်များလွန်းလို့ အာဏာပိုင်တွေက အစဉ် အနှောက်အယှက်ပေးခံရတယ်လို့ သိရပါတယ်။

ဒုတိယဆုကတော့ ဘားလရုဇ်က ပြဇာတ်အဖွဲ့တခုဖြစ်တယ်။ သူတို့ကလည်း နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေကို ဖီဆန်တဲ့ အနုပညာတွေကို ရဲရဲရင့်ရင့် တင်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

တတိယဆုကတော့ ပါကစ္စတန်က မွတ်ဆလင် မက်ဒေါ်နာလို့ လူသိများတဲ့ ခေတ်ပေါ် အဆိုတော်ဖြစ်ပါတယ်။ သူ့သီချင်းတွေက အဖိနှိပ်ခံ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ သီချင်းတွေ၊ အယူသီး တယူသန်တဲ့ ဘာသာရေးအယူအဆတွေကို ဝေဖန်တဲ့ အနုပညာတွေကို တင်ဆက်လို့ ထောက်ခံသူကော ကန့်ကွက်သူတွေကောနဲ့ ပွဲဆူတဲ့ ပညာရှင်တဦး ဖြစ်ပါတယ်။

နောက်တဆုကတော့ ဘရာဇီးက ကလေးသူငယ်တွေရဲ့ ညှင်းပမ်းသတ်ဖြတ်ခံရတဲ့ အကြောင်း သီချင်း စီဒီတခု ဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ ကလေး ၇၀ ကျော်က လစဉ် အသတ်ခံနေရတာကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။

“ကိုဇာဂနာအတွက် ဆုကို ကြေငြာတော့ - ဒီလူဟာ သရော်တဲ့သူ၊ ပြက်လုံးထုတ်တဲ့သူလို့ စပြောလိုက်တယ်။ ပြီးတော့ ဒီလူဟာ အစိုးရက မည်သို့ပင် ပိတ်ပင်တားဆီး ဖိနှိပ်ထားစေကာမူ ပြည်သူလူထုကြားထဲကို မီဒီယာမျိုးစုံ အထိရောက်ဆုံးသုံးပြီးတော့ အရောက်ပို့နိုင်တဲ့သူလို့ ဆက်ပြောလိုက်တယ်။ အင်မတန် ရဲရင့်တဲ့သူ၊ ထောင်အကြိမ်ကြိမ် ကျတဲ့သူ၊ ၂၀၀၇ စက်တင်ဘာမှာ အနုပညာရှင်တွေကို စည်းရုံးပြီး သပိတ်မှောက်သံဃာတွေကို ဆွမ်းကပ်တဲ့သူ၊ စွယ်စုံတဲ့နည်းတွေသုံးနိုင်တဲ့သူ - သရုပ်ဆောင်မယ်၊ သီချင်းဆိုမယ်၊ စာရေးမယ်၊ အင်တာနက်သုံးမယ်၊ အင်တာဗျူးတွေလုပ်မယ်၊ နည်းမျိုးစုံနဲ့ ပြည်သူထံအရောက် လူ့အခွင့်အရေးကိစ္စအားလုံးကို ထုတ်ဖော်ပြောဆိုသူ ဖြစ်တယ်လို့ ဆက်ပြောပြီးတော့ အကျဉ်းကျနေတဲ့ အနုပညာရှင်တဦးအဖြစ် သူ့ကို ဆုချီးမြှင့် ဂုဏ်ပြုလိုက်ပါတယ် … လို့ ကြေငြာတာဗျာ …”

လို့ ပွဲတက်ရောက်သူ မြန်မာအနုပညာရှင်တဦးက မိုးမခကို ပြောပြပါတယ်။

ဆုချီးမြှင့်တဲ့ အတ်ဗင်းချားအဖွဲ့အပြင် မိတ်ဆွေ အနုပညာရှင်များ၊ စာနယ်ဇင်း သမဂ္ဂပေါင်းစုံက ပညာရှင်များ စုစည်းကြပြီး ကိုဇာဂနာတင်သာမက အကျဉ်းကျ အနုပညာရှင်တွေဖြစ်တဲ့ ကိုစောဝေ၊ ကိုဝင်းမော် (ရွှေသံစဉ်)၊ နေဘုန်းလတ်တို့အပြင် အသီးသီးသော အဖိနှိပ်ခံ ပညာရှင်တွေ လွတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်ကြဖို့ ဆော်သြကြဖို့ကို ဆန္ဒရှိကြပုံရကြောင်း ပရိသတ်တဦးက ထင်မြင်ချက်ပေးခဲ့ပါတယ်။

(ဓာတ်ပုံ - ဆု၊ ဇာဂနာအကြောင်းကို ၀ါရင့်သရုပ်ဆောင်တဦး မိတ်ဆက်ပေးနေစဉ်၊ ဆုပေးပွဲ မြင်ကွင်း)

Monday, November 24, 2008

Zarganar, Aung Way and Nge Oo Mon

စွယ်စုံရအနုပညာရှင် ဇာဂနာ၏ သမီး ငယ်ဦးမွန်။ နိုဝင်ဘာ ၂၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့၊ ဟောလိဝုဒ်လမ်း (Hollywood boulevard)ပေါ်ရှိ ဓာတ်ပုံဆိုင်တခုတွင် ရိုက်ကူးထားသောပုံဖြစ်သည်။ အဆိုပါလမ်းတွင် ရုပ်ရှင်၊ ဂီတနယ်ပယ်မှ ထင်ရှားသူတို့၏အမည်များကို ရွေရောင်ကြယ်ပွင့်များပေါ်တွင် ရေးထွင်းဂုဏ်ပြုထားသည်။
နာမည်
အောင်ဝေး
နိုဝင်ဘာ ၂၄၊ ၂၀၀၈

ကျနော့်သားက မေးတယ်။

‘ကြယ်တွေမှာ

နာမည်ရှိသလားဖေဖေ’ တဲ့။

မြစ်ကမ်းနဖူးမှာ

ထိုင်တဲ့ည

သားက

ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။

ကျနော်က

ကြယ်တွေတလက်လက်ထ

ရေစီးထဲငေးလို့ ။

အေး ... မတော်တဲ့ကြယ်တွေမှာ

နာမည်မရှိဘူး

တော်တဲ့ကြယ်တွေကျတော့ ... ... ... ...

... ... ... ...။

အဲ့ဒီလို အဲ့ဒီလို

ကြယ်တလုံးချင်းစီရဲ့ နာမည်

ကျနော်ပြောပြ။

ဖေဖေ ... ဒါဆိုရင်

ကမ္ဘာပေါ်မှာ

သားနာမည်နဲ့ ကြယ်လည်း

ရှိမှာပေါ့နော်။

ကျနော် သားကိုပြုံးကြည့်ရင်း

ခေါင်းညိတ်ပြတော့

သားကပျော်သွားပြီး

ကျနော့် မျက်လုံးထဲမှာ

သူ့ နာမည်နဲ့ ကြယ်ကို

ရှာတွေ့ သွားတယ်။

သားက ဖအေထက်

ပိုပြီးတော်ရမယ် မဟုတ်လား။

ကျနော်က သားကိုထမ်းလို့ 

ကျနော့်ကို

မြစ်ကမ်းပါးကထမ်းလို့ 

အိမ်ပြန်လာတဲ့လမ်းမှာ

ခေတ်ကလည်း

စီးတုန်းပါ။

ဖအေ နဲ့ သား

လွမ်းမိတဲ့ တရားမှာ

နာမည်တွေလည်း

စီးဆင်းနေတုန်းပေါ့။ ။

အောင်ဝေး (၁၉၉၉)

Saturday, November 22, 2008

Zarganar - 45 Years

အိုင် (I) သုံးလုံး နဲ့ ကိုဇာဂနာ

(ဘီဘီစီ) နိုဝင်ဘာလ ၂၁ ရက် ၂၀၀၈ ခုနှစ်

စွယ်စုံအနုပညာရှင် လူရွှင်တော် ကိုဇာဂနာ ခေါ် ကိုသူရကို ဒီကနေ့ အီလက်ထရွန်နစ် ပုဒ်မတွေနဲ့ ထောင်ဒဏ် ၄၅ နှစ်ချလိုက်ပါတယ်။ ဒါပေမယ့် သူဟာ နောက်ထပ် အမှု ၄ မှုကို ဆက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

သူ့ကို ထောင်ချခဲ့တာနဲ့ပတ်သက်ပြီး သူဟာ အိုင် သုံးလုံးကြောင့် ဒုက္ခရောက်ရတာ၊ IT အိုင်တီကိုလေ့လာခဲ့ပြီး INTERNET အင်တာနက်ကို သုံးခဲ့လို့ INSEIN အင်းစိန်ကို ရောက်ခဲ့ရတာ ဆိုပြီး ကိုဇာဂနာက ပြက်လုံးထုတ်ခဲ့တယ်လို့ ခယ်မဖြစ်သူက ပြောပြပါတယ်။


ကိုဇာဂနာနဲ့ အမှုတွဲတခုတည်းဖြစ်တဲ့ ကိုဇော်သက်ထွေးနဲ့ ကိုသန့်ဇင်အောင် တို့ကို ထောင် ၁၅ နှစ်အသီးသီးချ ခဲ့ပြီး ကိုတင်မောင်အေးကို ထောင် ၂၉ နှစ် ချခဲ့ပါတယ်။

ရန်ကုန် သာသနာ့သိပ္ပံကျောင်းတိုက်က သံဃာ ၅ ပါးနဲ့ လူ ၆ ဦးကိုလည်း ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပေ မယ့် နှစ်ဘယ်လောက်စီချခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။


အရှင် ဂမ္ဘီရကို ထောင်ဒဏ် ၆၅ နှစ်

စက်တင်ဘာသံဃာ့အရေးအခင်းမှာ ဦးဆောင်ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုက ဆရာတော် အရှင်ဂမ္ဘီရကို ဒီကနေ့ ထောင်ဒဏ် ၁၂ နှစ် ထပ်ပြီး ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၁၂ နှစ်၊ ကြာသပတေးနေ့က ထောင်ဒဏ် ၄၄ နှစ်ချခဲ့တဲ့အတွက် အခုဆိုရင် အရှင်ဂမ္ဘီရဟာ စုစုပေါင်း ထောင်ဒဏ် ၆၈ နှစ် ကျခံရမှာဖြစ်ပါတယ်။

အရှင်ဂမ္ဘီရကို သာသနာကို ညှိုးနွမ်းအောင်လုပ်မှု၊ အီလက်ထရွန်နစ်အမှု၊ မတရားသင်းနဲ့ ဆက်သွယ်မှု၊ ဆူပူအောင်လုပ်မှုတွေနဲ့ စွဲချက်တင် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အရှင်ဂမ္ဘီရနဲ့အတူ ၁၁ ဦးကို ပြစ်ဒဏ်တွေချမှတ်ခဲ့တဲ့အနက် ဦးကေလာသ ကို နောက်ထပ် ၄ နှစ် ချမှတ် ခဲ့တဲ့အတွက် စုစုပေါင်း ထောင် ၃၉ နှစ်၊ မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက ကို နောက်ထပ် ၄ နှစ်ချခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆ လ၊ ဦးအိန္ဒရိယ ကို ၁၄ နှစ်၊ ဦးသုမန ခေါ် စာရေးဆရာ မင်းဆက် ကို ၆ နှစ်၊ အရှင်ဂမ္ဘီရရဲ့ အကိုတော်စပ်သူ ကိုအောင်ကျော်ကျော်နဲ့ ကိုကျော်ကျော်နိုင်ကို ထောင် ၁၄ နှစ်စီ အသီးသီး ချခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေကိုလည်း ထောင်ဒဏ်ချမှတ်

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေထဲက ကျန်တဲ့သူတွေကိုလည်း ဆက်လက်ထောင်ချနေရာမှာ လူငယ်အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ချလိုက်ပါတယ်။

၅ နှစ် ထောင်ကျသူတွေထဲမှာ ကိုသိန်းသန်းထွန်း ခေါ် စမ်းချောင်းကိုကိုကြီး၊ ကိုဇော်ထက်ကိုကို၊ မသရဖီသိမ့်သိမ့်ထွန်း စတဲ့သူ ၈ ဦးကို ထောင် ၅ နှစ်ချလိုက်ပြီး ကျန်တဲ့ ကိုသော်ဇင်ထွန်း၊ ကိုစောမျိုးလှိုင် စတဲ့ သူ ၅ ဦးကိုတော့ ထောင်ဒဏ် ၃ နှစ် ချလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်နဲ့ စက်တင်ဘာလ ဆန္ဒပြမှုတွေနောက်ပိုင်း ဖမ်းဆီးခံရသူ ၉၆၀ ကျော်ရှိပြီး အခုအချိန်အထိ အဲဒီထဲကနေ ထောင်ဒဏ်အပြစ်ပေးလိုက်သူ ၁၈၀ ကျော်ရှိနေပြီလို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဘီဘီစီကို ပြောပါတယ်။

(ဓာတ်ပုံ-AP)

Thursday, October 23, 2008

White Rainbow - Burmese Poetry Festival 2006 Part One


ဇာဂနာ၊ စောဝေ၊ ဇော်သက်ထွေးနဲ့ အောင်ဝေး ပြီးတော့

၂၀၀၆ အဖြူရောင် သက်တံ အမှတ်တရ

အပိုင်း ၁

မိုးမခ ရုပ်သံ

အောက်တိုဘာ ၂၃၊ ၂၀၀၈

အဖြူရောင် သက်တံ ၂၀၀၆ ကဗျာရွတ်ဆိုပွဲ ဖြစ်ပါတယ်။ ခုခံအားကျဆင်းတဲ့ရောဂါ ကူးစက်ခံထားရတဲ့ မြန်မာကလေးငယ်များအတွက် အဲသည်တုံးက မြန်မာ အနုပညာ ညီအကိုမောင်နှမတွေရဲ့ အနုပညာအလှူပွဲ တခုဖြစ်ပါတယ်။

ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသူတွေက ၂၀၀၇ စက်တင်ဘာအရေးအခင်းမှာ ပြည်ပမဲဇာရောက်ခဲ့ရသူ အောင်ဝေး၊ အဲဒီနောက် ကဗျာတပုဒ်နဲ့ အကျဉ်းကျနေသူ စောဝေ၊ ၂၀၀၈ နာဂစ်မုန်တိုင်း အရေးအခင်းမှာ အဖမ်းဆီးခံခဲ့ရတဲ့ ဇာဂနာ၊ ဇော်သက်ထွေးတို့တွေ အပါအ၀င် ဖြစ်ပါတယ်။

သူတို့တွေကို အမှတ်တရ အနေနဲ့၊ ပြီးတော့ စစ်အစိုးရဖိနှိပ်မှုတွေကြောင့် ခုချိန်မှာ ခိုကိုးရာမဲ့ ချို့တဲ့လျက်ရှိနေတဲ့ HIV ရောဂါသင့် ကလေးသူငယ်များ အားလုံးသို့

၂၀၀၆ တုံးက ထိုးခဲ့တဲ့ခေါင်းလောင်း …

အခု … လက်ဆင့်ကမ်းလိုက်တဲ့ …

လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်းသံ …

ကဗျာ …

(ဒီနေရာက သွာုးကည့်နိုင်ပါပြီ - MoeMaKa Dot Net Video Archives)

Tuesday, October 21, 2008

Zarganar won Canada PEN award

လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်

ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈

သတ္တိရှိရှိဖြင့် လွပ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့မှုများအတွက် လူရွှင်တော်ဇာဂနာကို ကနေဒါ ကလောင်ရှင်များအဖွဲ့ က One Humanity Award (တမျိုးတည်းသောလူသားဆု) ချီးမြှင့်လိုက်သည်။


လွပ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ် မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟုလူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။

ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကနေဒါကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက်ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက် ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဇာဂနာပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာ ချက်၌ ပြောသည်။

အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကိုကျော်ဖြတ်၍ မတူညီသည့်ယဉ် ကျေးမှုများအကြား လှုံ့ဆော်ဆက်သွယ်ပေါင်းကူးပေးရာ၌ ထူးကဲစွာဆောင်ရွက်နိုင်သူများ ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှုကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာဖော်ထုတ်ပြသရာ၌ မည်သည့်ကြားခံကိုမဆိုဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင် ရွက်ခြင်းတို့အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။

ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများပွဲ တော်ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာခုံ ကွက်လပ်တခုထား ပေးကာ ဂုဏ်ပြုသွားမည်ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။

ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ကြည်ဦး က ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကိုလုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကိုဆွမ်းကပ်တာတွေလုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်းကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ်နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘော တူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုးအနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကိုလုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့် အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပေး အပ်သည့် Lillian Hellman and Dashiell Hammett Grant ဆုရရှိခဲ့ဖူးသည်။

ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများဆောင်ရွက်ခွင့်ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ်စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်းခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာများမှ တဆင့် စစ်အစိုးရကို ထိထိမိမိ ဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံဖမ်းဆီးအကျဉ်းချခြင်းခံထားရသည်။

Thursday, October 16, 2008

Min Swe Thit - Zarganar from Mizzima








(က)

ဇာဂနာ

ကိုသူရ မိခင်၏ဇာတိက မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကဖြစ်သည်။ အထက်တန်းကျောင်းသား မောင်သူရ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း မိခင်ဇာတိ တောင်စွန်းသို့ အလည်ရောက်၍ နေသည်။ ဆွေမျိုးများနှင့် တရုန်းရုန်း ….။ ကေလာသတောင်သို့ တတ်သည်။ ကျိုက်ထီးဆောင်း ဘုရားသို့ သွား၏။ ဆွေမျိုးညီအစ်ကို မောင်နှမများနှင့် …..။ ရန်ကုန်သား မောင်သူရ ကျေးလတ်တွင် ပျော်နေ၏။ ထိုစဉ် …. တောင်စွန်းသို့ အငြိမ့်ပွဲဝင်၏။ အငြိမ့်က မော်လမြိုင်အငြိမ့် ….။ ဗလာပွဲပင် …..။ စင်ထိုးသည်နှင့် မောင်သူရ အငြိမ်မနေနိုင်တော့ …… စင်ပေါ်တက်ချင်နေ၏။ ဆွေမျိုးများက မြှောက်ပေးကြ၏။ အငြိမ့်မှ လူရွှင်တော်ကြီးများနှင့် ရင်းနှီးအောင် ကြိုးစားပေးကြ၏။ မြို့ခံများက ဧည့်ခံရင်း ….လူရွှင်တော်ကြီးများနှင့် ရင်းနှီးသွားကြသည်။ လူရွှင်တော်ကြီး နှစ်ယောက်က မောင်သူရအား ပျက်လုံးတွေ တိုက်ပေး၏။ သင်ပေး၏။ မောင်သူရက ခြေတကြွကြွ…..။ ဆွေမျိုးများကလည်း အားပါးတရ….။ ညရောက်ပြီ…..။ အငြိမ့်ထွက်ပြီ ……။ ၁၅-နှစ်သား မောင်သူရလည်း လူရွှင်တော် အ၀တ်အစားများနှင့် စင်ပေါ်မှာ …..။ ညနေက လူရွှင်တော်ကြီးများ တိုက်ပေးထားသည့် ပျက်လုံးများကို ပျက်ရန်အသင့် ….။ စင်ပေါ်ရောက်တော့ …. ညနေက ပျက်လုံးများ သင်ပေးခဲ့သည့် လူရွှင်တော်ကြီး နှစ်ယောက်က လူရွှင်တော်လေး မောင်သူရအား လှည့်၍ပင် မကြည့် …. ။ သူတို့နှစ်ဦးပင် ပျက်လုံးများအား ရေပက်မ၀င် ပျက်၍ နေကြ၏။ ပရိတ်သတ်က တ၀ါးဝါး ….တဟားဟား…..။ လူရွှင်တော်လေး မောင်သူရ ငေါင်၍ နေသည်။ ဘယ်အချိန် သူဝင်ပျက်ရပါ့မလဲ ….။ တွေး၍ ကြည့်၏။ ငေး၍ ကြည့်၏။ ဤသို့နှင့် ဇက်စင်ပေါ်၌ တောကြည့်တောင်ကြည့် ဖြစ်၍လာသည်။ ပရိတ်သတ်အား ကြည့်ရင်း အားငယ်လာသည်။ လူရွှင်တော်ကြီး နှစ်ယောက်ကတော့ မင်မောင်းအပြည့်နှင့် ပျက်၍ကောင်းဆဲ …..။ တဖြည်းဖြည်းနှင့် လူရွှင်တော်လေးမောင်သူရ ဇာတ်စင်ပေါ်၌ နေရင်း ….. ရင်ထဲ၌ မျက်ရည်တွေ ပြည့်လာ၏။ အငြိမ့်စင်တိုင် အကွယ်သို့ မသိမသာ ခိုဝင်းရင်း …. တိုးဝင်ရင်း နှင့် ……။ ပရိတ်သတ်အား မျက်နှာမပြ၀ံ့တော့ ….။ နှင်းမှုန်များအောက်၌ မောင်သူရ ချွေများ စို၍ နေခဲ့ရ၏။

ထိုစဉ်က …. ဇာဂနာဟူ၍ မဖြစ်သေး …..။

"ကျနော့် ဘ၀မှာ ဘယ်လိုမှ မမေ့နိုင်ခဲ့သလို သင်ခန်းစာ အကြီးကြီးရခဲ့တဲ့ အချိန်တစ်ခုပါပဲ။ ကိုယ့်မှာ ကျည်ဆန်မရှိလို့ ဆိုပြီး သူများပစ်တာ ခံခဲ့ရတာပါ။ သည့်အတွက်ကြောင့်လည်း ကျနော် ၀မ်းစာပြည့်အောင် ကြိုးစားခဲ့ရသလို နေရာရအောင် ကြိုးစားခဲ့ရပါတယ်"

( ရတီ -၂၀၀၆ခုနှစ် မတ်လထုတ် ဇာဂနာ၏ဆောင်းပါး -စာမျက်နှာ ၁၇၄ မှ )

(ခ)


ကိုသူရသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားဘ၀တွင် ….. ကျောင်းကပွဲများ၌ အငြိမ့် ကဖြစ်လာ၏။ ဆဌမအကြိမ် သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အခမ်းအနား၌ အငြိမ့်ပွဲပါ၏။ ကိုသူရတို့၏ အငြိမ့် ….။ " ပုလဲသွယ်အငြိမ့်" ဟူ၍ အမည်ပေးသည်။ အခြား ကျောင်းသားများနှင့်အတူ ကိုသူရလဲ လူရွှင်တော် လုပ်သည်။ ပုလဲသွယ်အငြိမ့်တွင် …. လူရွှင်တော် လေးယောက်ရှိ၏။ မိုလာ၊ စကေလာ၊ တင်ချာနှင့် ဇာဂနာဟူ၍ အမည်ပေးကြ၏။ အားလုံး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားများနှင့် ရင်းနှီးသည့် အသုံးအဆောင် အမည်များ …..။ ဤတွင် ကိုသူရမှ ဇာဂနာ ဖြစ်လာခဲ့၏။ (ကို) ဇာဂနာ၏ အနုပညာ ဖြေဖျော်မှုက ……သစ်ပုတ်ပင်နှင့် အင်းယားကမ်းစပ်၌ပင် ရပ်၍မနေ ….။ ပြည်သူလူထု အတွင်းသို့ တိုး၍ စီးဝင်ရန် ကြိုးစား၏။ ရန်ကုန်တက္ကသိုလ်(လှိုင်)မှ အနုပညာရှင်များနှင့် ပေါင်းပြီး ရန်ကုန်မြို့တော် ခန်းမတွင် ဖျော်ဖြေခဲ့ကြ၏။ ဂီတဖက်မှ ကိုင်ဇာ၊ ဗထူးချစ်၊ မောင်မောင်ချန်တို့နှင့် တွဲမိလာခဲ့၏။

(ဂ)


ရန်ကုန်မြို့တော် ခန်းမရှေ့ စင်တင်ဖျော်ဖြေပွဲပြီးသည့်နောက် …. (ကို) ဇာဂနာ စဉ်းစားသည်။ ကံ့ကော်တောအား ကျော်ခဲ့ပြီ….။ လူထုကြီးအတွင်း များများနဲ့ မြန်မြန် ပျံ့နှံနိုင်အောင် အနုပညာကို ဘယ်လိုဖြန့်မလဲ……။ အငြိမ့်စင်ပေါ် တက်ကပါက …. တစ်ပွဲကြည့်မှ ပရိတ်သတ်က ငါးထောင်….တစ်သောင်း……။ နည်းသည်။ အားမရ…..။ (ကို) ဇာဂနာ စဉ်းစား၏။ ကြားခံမီဒီယာ အသုံးပြုရမည်။ အများဆုံးနှင့် အမြန်ဆုံး ပျံ့နှံ့နိုင်သည်က ရုပ်မြင်သံကြား…..။ TV ပရိတ်သတ်က သန်းဂဏန်းအထိ ရှိသည်။ တစ်နိုင်ငံလုံး …. တနံ … တလျား ….။ ချက်ချင်း ပျံ့နှံ့မည်။ ဤတွင် မြန်မာ့ ရုပ်မြင်သံကြား အစီအစဉ်တွင် ဖျော်ဖြေအငြိမ့် ကပြနိုင်ရေး အတွက် (ကို) ဇာဂနာ လုံးပမ်း၏။

၁၉၈၄….ခုနှစ် ။

လွတ်လပ်ရေးနေ့ ဂုဏ်ပြုအငြိမ့်အား မြန်မာ့ ရုပ်မြင်သံကြားတွင် ဖျော်ဖြေနိုင်ရေးအတွက် (ကို) ဇာဂနာ ကြိုးစား၏။ ထိုစဉ်က " မိုးနတ်သူဇာအငြိမ့်" အား ထူထောင်ပြီး ဖြစ်သည်။ မင်းသမီးက (မ) သီတာဝင်း……။ လူရွှင်တော်များက …..တက်တူ၊ စုတ်ချွန်း၊ ပိန်ပိန်နှင့် ဇာဂနာတို့ ဖြစ်သည်။ ရုပ်မြင်သံကြား ဂုဏ်ပြုအစီအစဉ်တွင် (ကို) ဇာဂနာက သမိုင်းရေးရာ နောက်ခံထားသော အငြိမ့်ခန်းအား လုပ်ချင်၏။ (ကို) ဇာဂနာအချိန်ပေး၍ လုပ်ခဲ့ရသည်။ ရှေ့မှီ….အနုပညာသည်ကြီးများနှင့် တွေ့၏။ မေး၏။ မှင်သက်ခဲ့ရ၏။ အမေ (ဒေါ်)အောင်ကြည်၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဂီတလုလင်မောင်ကိုကို၊ (ဒေါ်)ထား၊ မြန်မာ့အသံ ဦးသစ္စာ…..တို့က (ကို) ဇာဂနာအား ကူညီပေးကြ၏။ လမ်းညွှန် ပေးခဲ့ကြ၏။ ဤသို့နှင့် …… သမိုင်း အချက်အလက်များအား (ကို) ဇာဂနာ မှတ်သား ရှာဖွေခဲ့ရ၏။ ၁၉၄၇ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်ဌာနအား ဆရာကြီး ဦးဥာဏ ခေါင်းဆောင်၍ ဖွဲ့စည်းခဲ့၏။ ပြဇာတ်ဌာန၏ ဌာနမှူးက ဒဂုံဆရာတင် …။ ဆရာရန်နိုင်စိန်က ထိုဌာန၏ ၀န်ထမ်းတစ်ဦး….။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ ….. လွတ်လပ်ရေးရလျှင် ….. မြန်မာ့အသံမှ ထုတ်လွှင့်ရန် လွတ်လပ်ရေး သီချင်းတစ်ပုဒ် လိုသည်။ ရှိပြီး သီချင်းက ဆရာရွှေတိုင်ညွှန့်ရေးသည့် ဂျပန်ခေတ်ရွှေရည်စိမ် လွတ်လပ်ရေးပေးတုန်းက သုံးခဲ့သည့် သီချင်း ဖြစ်သည်။ မသုံးချင်….။ သို့နှင့် ….. သီချင်းသစ်အား ရွေးကြ၏။ ဆရာကြီးဦးဥာဏက စာသားရေးပြီး ….ဆရာရန်နိုင်စိန်က အသံထည့်၏။ ဤသို့နှင့် လွတ်လပ်ရေးသီချင်းသစ် တစ်ပုဒ်ရလာ၏။ ဤသီချင်းအား ၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ မနက် (၄)နာရီ (၂၀) မီနစ်တွင် မြန်မာ့အသံမှ လွတ်လပ်ရေးကြေညာပြီးသည်နှင့် ထုတ်လွှင့်ခဲ့၏။

ဤသီချင်းအား (ကို) ဇာဂနာက ၁၉၈၄ခုနှစ် လွတ်လပ်ရေးနေ့ မြန်မာ့ရုပ်မြင်သံကြား ဂုဏ်ပြုအစီအစဉ် ဖြေဖျော်ခန်းတွင် " မိုးနတ်သူဇာ အငြိမ့်" ၏အဖွင့် သီချင်းအဖြစ် ပြန်၍ဖော်ထုတ်ခဲ့၏။

"……. ဗမာဟေ့ ဗမာ ကမ္ဘာရှေ့မှာ ဗမာဟေ့လို့ ကြွားဝင့်စရာ တို့အဆင့်အတန်းနဲ့ လျှမ်းတင့်ဝေဆာပြီ ဒါတို့ပြည် ဒါတို့မြေ ဒါတို့ပြည် အဖိုးမဖြတ်တဲ့ လွတ်လပ်ရေးနဲ့ အေးချမ်းသာယာစည် တိုင်းရင်းသား လူမျိုးတိုင်းသည် အခွင့်အရေးညီညီ တကယ်လွတ်လပ်ပါပြီ"

(ရတီ-၂၀၀၅ခုနှစ် အောက်တိုဘာလထုတ် ဇာဂနာ၏ဆောင်းပါး၊ စာမျက်နှာ ၁၇၃ မှ )

(ဃ)


ဇာဂနာနှင့် မိုးနတ်သူဇာက ခွဲ၍မရတော့ ….။ တွဲ၍သာ မြင်နေကြသည်။ ဇာဂနာ၏ ပျက်လုံးများက လူထုကြားမှ လာသည့် ပျက်လုံးများ ဖြစ်၍ လူထုနှင့် ထိမိ၏။ ခေတ်ကြီးက သရော်စရာများနှင့် ပြည့်နေ၍ ဇာဂနာ၏ ပျက်လုံးများက ခေတ်နှင့်ညီ၍ နေသည်။ မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေရသလို ….၊ နိုင်ငံအနှံ့ မြို့ကြီးများတွင်လည်း စင်တင်၍ ဖျော်ဖြေကြရသည်။ ဇာဂနာက မိုးနတ်သူဇာအား ဤမျှနှင့် အားမရ …..။ ရပ်မနေချင်….။ အငြိမ့်သဘင်အား ပြောင်းလဲချင်၏။ ဤတွင် မိုးနတ်သူဇာမှ စလိုသည်။

ထိုင်မသိမ်းတွေဝတ်၊ ဆံထုံးကြီးတွေထုံးပြီး အငြိမ့်မင်းသမီးတွေ ကနေတာကြာပြီ…..ရိုးလောက်ပြီ။ ကိုးရီယားမှာလို ၊ ဗီယက်နမ်မှာလို ယပ်တောင်ယိမ်းတွေ …..၊ လယ်သမားယိမ်းတွေလိုမျိုးနှင့် အငြိမ့်ကို တင်ဆက်ချင်သည်။

ကောက်စိုက်သမ သီချင်း……။

အငြိမ့်မင်းသမီးနှင့်အဖွဲ့က ကောက်စိုက်သမ၀တ်စုံနဲ့ လယ်ကွင်းထဲတွင် ကောက်စိုက်ရင်း သီချင်းဆိုမည်။ ပြီးလျှင် ….. အကအပိုဒ်ပြောင်း ….။ ဒီတော့ ….. မင်းသမီးဝတ်စုံနှင့် ပြန်ကမည်။ တင်ဆက်ပုံပြောင်းမည်။ အကြောင်းအရာက လူထုဘ၀သို့ ၀င်မည်။

ညဘက် အပျိုမလေးတွေအနား ကာလသားလူပျိုတွေ လူပျိုလှည့်မည်။ လသာသာတွင် ….။ ကောင်မလေးတွေက ဗိုင်းငင်ချင် ငင်နေကြမည်။ လူပျိုကာလသားတွေက အနားတွင် စကားထာဖွက်မည်….။ ကျေးလက်ကို ဖော်မည်။ သီချင်းက ကျေးလက်သီချင်း ….။ ပြီးလျှင်တော့ အငြိမ့်မင်းသမီးက ….အကစွမ်းရည် ပြဖို့အတွက်ကတော့ စင်ပေါ်တက်ပြီး ကစေမည်။ ဤတွင်လည်း မင်းသမီး၏ အကကို တစ်ယောက်တည်း ကနေသည်ထက် ပို၍ "ကြွ"စေရန် အားဖြည့်မှုအဖြစ် ဟာမိုနီ ယိမ်းအဖွဲ့ကို ထည့်မည်။ မင်းသမီးနှင့် ယိမ်းအဖွဲ့၏ အကသည် ဆန့်ကျင်ဖက် ဆန်မည်ဆိုသော် …..ကြည့်သူအမြင်တွင်မူ လိုက်ဖက်မှု ရှိနေရမည်။ ဤသိုပ…. မိုးနတ်သူဇာတွင်စ၍ အငြိမ့်ရှုတင်အား ပြောင်းချင်၏။ ပြောင်းလဲလိုသော် ဇာဂနာနှင့် ရှေးရိုးစွဲတို့အကြား ပြဿနာဖြစ်၏။ ပရိပက္ခသည် ကြီး၍လာသည်။ နောက်ဆုံး …..မိုးနတ်သူဇာ ကွဲခဲ့၏။ မင်းသမီး (မ) သီတာဝင်း ဦးဆောင်သည့် မိုးနတ်သူဇာနှင့် (ကို) ဇာဂနာအသစ် ထူထောင်သည့် မြပုဏ္ဍာမာအငြိမ့်ဟူ၍ ….။

မြပုဏ္ဍာမာတွင် (ကို) ဇာဂနာနှင့်တွဲဖက် အညီဆုံးက "အရိုင်း" ဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော တင်ဆက်မှု အသစ်များနှင့် မြပုဏ္ဍာမာအား စခဲ့ကြ၏။ မြန်မာ့ရုပ်မြင်သံကြားမှ "အမှတ်တရ ရတနာပုံ" အစီအစဉ်တွင် မြပုဏ္ဍာမာ၏ "ရှေးအငြိမ့်၊ အမျိုးသားအငြိမ့်" အစီအစဉ်တို့အား တင်ဆက် ဖျော်ဖြေခဲ့၏။ (ကို) ဇာဂနာ၏ "နေကောင်းသွားမှာပါ …." ၊ "အားလည်း နာတယ်၊ ခင်လည်း ခင်တယ် ….." ၊ သနားတယ် …." ၊ သိနေတယ်လေ …." ။ ပျက်လုံးများက လူထုစကား ဖြစ်၍လာသည်။

လူရွှင်တော်များနှင့် ပျက်လုံးများမှာမူ ပြောစရာမရှိ…..။ "အား" ကောင်းသည်ဟု ဆိုရမည်။ မြပုဏ္ဍာမာ၏ အငြိမ့်ခန်းအဖွင့်အား ပရိတ်သတ် စိတ်ဝင်စားရန် (ကို) ဇာဂနာတို့ ပြင်ကြရပြန်သည်။ မင်းသမီး၏ အကအား ပရိတ်သတ်က တခုတ်တရထိုင်ပြီး ကြည့်ရှုချင်စေရန် မြပုဏ္ဍာမာ၏ အငြိမ့်အဖွင့် တေးထပ်အား အမျိုးသားနေ့ ဂုဏ်ပြုတေးထပ်နှင့် စသည်။ ရုပ်ရှင်မင်းသားကြီး (ဦး)၀င်းဦးက ရေးပေး၏။

"….. မျိုးမြန်မာ စံပမာပြုသိရန်ဆို ကနက်၏သဏ္ဍာန် သီဟာကြငှာန်း ရွှေနန်းရွှေထီး ပြည်ကြီး ဟန်ထည် စည်တီးသံကြွယ် တစ်ခေတ်တစ်ချိန်က လျှမ်း ……."

(ရတီ-၂၀၀၆ခုနှစ် ဖေဖော်ဝါရီလထုတ် ဇာဂနာ၏ဆောင်းပါး စာမျက်နှာ -၁၈၁ မှ)

(င)


၁၉၈၈ ခုနှစ် "၈" လေးလုံး အရေးတော်ပုံကြီးအတွင်း၌ (ကို) ဇာဂနာသည် အနုပညာရှင် တစ်ဦးအနေနှင့် ဒီမိုကရေစီ အရေးတိုက်ပွဲတွင် တက်တက်ကြွကြွ ပါဝင်ခဲ့၏။ ရန်ကုန်မြို့ရှိ လူထုတရားပွဲများတွင် (ကို) ဇာဂနာ အုပ်စိုးသူ အာဏာရှင်များအား သရော်သည့် ပျက်လုံးများက ထိမိလှ၏။

မကြာ …. ။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုက (ကို) ဇာဂနာအား ရန်ကုန်မြို့ဘားလမ်းရှိ စပယ်ဦးစာပေတိုက် အတွင်းမှာပင် ၀င်ရောက်၍ ဖမ်းဆီးခဲ့၏။

အငြိမ့်စင် မီးရောင်အောက်မှ နံရံလေးဘက်အကြား အမှောင်တိုက်အတွင်းသို့ (ကို) ဇာဂနာ ရောက်သွားခဲ့တော့၏။ သို့သော် …. (ကို) ဇာဂနာ၏ ပျက်လုံးများကမူ လူထုအကြား၌ ပျံ့နှံ၍နေ၏။ စစ်အုပ်စုမှ သေနတ်ပြ၍ (ကို) ဇာဂနာ၏ ပျက်လုံးများအား ဖမ်းဆီး၍မရ ….။

(စ)


"အင်းစိန်" မှ ပြန်လာခဲ့ပြီးနောက် (ကို) ဇာဂနာ အငြိမ့်စင်ပေါ်သို့ တက်ခွင့်မရတော့ …..။ အာဏာရှင်တို့သည် (ကို) ဇာဂနာ၏ ပျက်လုံးများအား ဒီဝီဇံ တပ်မကြီးတစ်ခု၏ ကျည်ပစ်အားထက် ကြောက်လန့်ဟန်တူ၏။ (ကို) ဇာဂနာအား အငြိမ့်ကခွင့် လုံးဝခွင့်မပြုတော့ …..။

နှစ် နှစ်ဆယ်လုံးလုံး (ကို) ဇာဂနာ အငြိမ့်ကခွင့် မရ၊ ပျက်လုံး ထုတ်ခွင့်မရ …..။

ကန့်လန့်ကာ …..။ မီးရောင်အောက်၌ ဖျော်ဖြေ ကပြခွင့်မရသည့် (ကို) ဇာဂနာ…..။ ဘာလုပ်မည်နည်း ….။ သူ၏ အနုပညာက "ရပ်" ၍ မနေ…..။ "အ"၍ မသွား…..။ လူထုထံသို့ စီးဝင်ရန် ကြိုးစားဆဲ….။ (ကို) ဇာဂနာသည် …..ကန့်လန့်ကာ မီးရောင်အောက်မှနေ၍ …. ပိတ်ကားဖလင်ကြားနှင့် ဖန်သားပြင်သို့ ကူးပြောင်းရန် သူ့၏ အနုပညာအား လူထုထံသို့ စိမ့်ဝင် စီးဆင်းစေပြန်၏။

ဤတွင် …. ဟာသသရုပ်ဆောင် (ကို)ဇာဂနာ …. ဒါရိုက်တာ မောင်သူရ …. ဟူ၍ ဖြစ်လာခဲ့ပြန်၏။ အငြိမ့်စင်တွင် ကိုယ်တိုင် မီးရောင်အောက်သို့ မ၀င်နိုင်သော်လည်း …. ကန့်လန့်ကာ နောက်ကွယ်မှနေ၍ ၀ါယမ စိုက်ပြန်သည်။ ကင်ကောင်း၊ ဂေါ်ဇီလာ၊ ညောင်ညောင် ….။ ထင်ပေါ် ၊ ဒိန်းဒေါင်၊ အာနို ….။ ထိန်ထိန်၊ စုတ်ဖွား၊ ချက်စူး….တို့အား (ကို)ဇာဂနာက မီးရောင်အောက်သို့ ရောက်အောင်ပို့ပေး၏။

အငြိမ့်စင်ပေါ်သို့ တက်ခွင့်မရသည့် (ကို)ဇာဂနာသည် ဖန်သားပြင်မှတဆင့် "မိုးအငြိမ့်" ဟူ၍ VCD နှင့် လူထုအား ဖျော်ဖြေပြန်၏။ အောင်မြင်၏။ လူထုမှ အားပေး၏။ ထိုနောက်…. ရာဇာနေ၀င်းနှင့် " ရာဇာကြီး နှစ်ပါးခွင်" အား ဒါရိုက်တာ မောင်သူရမှ ရိုက်၏။ အငြိမ့်စင်မြင့်မှ လုပ်ချင်သည်များအား လုပ်ခွင့်မရခင် (ကို)ဇာဂနာမှ လုပ်နေခြင်းဖြစ်၏။ သြဂတ်စတြာနှင့်နှစ်ပါးက၏။ မြေ၀ိုင်းအကလည်းပါ၏။

အငြိမ့်စင်မြင့်မှ စ၍ ပရိတ်သတ်သိခဲ့ရသော (ကို)ဇာဂနာ သည် နှစ်-နှစ်ဆယ်လုံးလုံး အငြိမ့်ကခွင့် မရခဲ့…။ သို့သော် …. လူထုပရိတ်သတ်ကမူ လူရွှင်တော် ဇာဂနာအဖြစ် သူတို့၏ နှလုံးသည်းပွက်၌ စွဲမြဲစွာ ထင်နေဆဲ ….။ အငြိမ့်ကပြခွင့် မရသည့်နောက် …. ရုပ်ရှင်နှင့် ဗွီဒီယိုတို့တွင် သရုပ်ဆောင်သည်။ ဟာသ သရုပ်ဆောင် (ကို)ဇာဂနာ အဖြစ် လူထုပရိတ်သတ်က လက်ခံ အားပေးကြ၏။ တဖန်…. ရုပ်ရှင် ၊ ဗွီဒီယို ဇာတ်ကားများ ရိုက်၏။ ဒါရိုက်တာ မောင်သူရအဖြစ်နှင့် ….။ ဒါရိုက်တာ မောင်သူရ ရိုက်ကူးသည့် ဇာတ်ကားများက …. မဲပြာပုဆိုးကားများမဟုတ် ….။ တွေးစရာပါ၏။ စဉ်းစားရန် ပါ၏။ နိမိတ်ပုံများသုံး၏။ သင်္ကေတများပါ၏။ ထူးသည်ဟု ဆိုရမည့်ကားများ ….။

(ဆ)


လွန်ခဲ့သည့် ၂-နှစ်လောက်က ကြည့်ခဲ့ရသည့် VCD ဇာတ်ကားအား ပြန်၍ သတိရမိသည်။ ဒါရိုက်တာက မောင်သူရ ….။ မင်းသမီး တစ်ယောက်မှ မပါ။ မင်းသားဟု ပြော၍ရမည်က …..လူမင်း ….။ အဓိက ဇာတ်ကောင်များက ….(ကို)ဇာဂနာနှင့် (ကို)ကျော်သူတို့ နှစ်ယောက် ….။ ဇာတ်ရံများ ပါသည်။ အားလုံး လူရွှင်တော်များပင် ….။ ညောင်ညောင်… တစ်ယောက်ကိုတော့ မှတ်မိနေ၏။ (ကို)ကျော်သူနှင့် (ကို)ဇာဂနာတို့ နှစ်ယောက် ငွေကြေးပြည့်စုံသည့် လုပ်ငန်းရှင်ကြီးများ …..။ သူတို့နှစ်ယောက် အလောင်းအစား ပြုလုပ်ကြ၏။ အခြေခံမရှိသော သူတစ်ယောက်အား ငွေကြေးများ ပုံပေးလိုက်လျှင် ဘာဖြစ်သွားမလဲ……။ အလုံးစုံ ပျက်စီးခြင်းသို့ ဆိုက်သွားမည်လား….။ ဒါမှမဟုတ် …. ။ လောင်းကြေးက ကော်ဖီခါးခါး တစ်ခွက်ကြေး….။ ဤတွင် ဒါရိုက်တာ မောင်သူရ ရိုက်ပြ၏။ လူမင်းက ရန်ကုန်ဆင်ခြေဖုံး ကျူးကျော် ရပ်ကွက်တွင် နေသည်။ ပထွေးနှင့် … … ပထွေးက အရက်သမား၊ အမေက ပထွေးကို ကြောက်ရသည်။ ပထွေးက မင်းသားကြီး (ဦး)အောင်လွင် …..။ လူမင်းက မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် လုပ်သည့် အလုပ်ကြမ်းသမား …..။ အလုပ်သမားပထွေးနှင့် ကြီးခဲ့ရသည့် လူငယ်တစ်ဦး …..။ ပညာမသင်ခဲ့ရ…..။ လောကနီတိမသိ။ လုပ်ခထဲမှ ပထွေးအား အရက်ဖိုး ပေးရသည်။ ဤဇာတ်ကောင် လူမင်းအား (ကို)ကျော်သူနှင့် (ကို)ဇာဂနာက ငွေကျပ် ဆယ်သိန်းခေါ်ပေးပြီး …. သူဘာဖြစ်မည်ကို အလောင်းအစား လုပ်ကြ၏။ မကြာ …. ငွေဆယ်သိန်းအား မစီမံတတ်၍ လူမင်း အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်သွား၏။ မိခင်သေ၏။ ဘ၀ပျက်၏။

ဤတွင် (ကို)ကျော်သူနှင့်(ကို)ဇာဂနာတို့၏ ဒိုင်ယာလော့များနှင့် ဇာတ်လမ်းအားပို့၏။ အာဏာ၊ လုပ်ပိုင်ခွင့်၊ ငွေကြေးဓနတို့ကား ကောင်းမွန်စွာ စီမံခန့်ခွဲမှု မပြုလုပ်နိုင်ပဲ ပိုင်ဆိုင်နေပါက … မိမိနှင့် မိမိ ပါတ်ဝန်ကျင်းကိုပါ အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်ရောက်စေကြောင်း …..။ ပြီးပြီ …..။

သို့သော် …. ကျနော်က ဒါရိုက်တာ မောင်သူရ ရိုက်ပြသည့် "နိမိတ်ပုံ" များအား ရှာနေမိသည်။ လူမင်းအား လူမင်းအဖြစ် မမြင်တော့…..။

(ကို)ဇာဂနာက အနုပညာတွင် အဘက်ဘက်မှ အောင်မြင်သည်ဟု ဆိုရမည်။ ဘာကြောင့်နည်း …။ (ကို) ဇာဂနာ က သူ၏ အနုပညာအား သူ၏ နှလုံးသားနှင့် ဖန်တီး၏။ သူ့နှလုံးသွေးက လူထု၏ နှလုံးသွေးနှင့် ဆက်၍ စီးမျှောနေသည်။ လူထု ရင်ခုန်လျှင် (ကို)ဇာဂနာ ရင်ခုန်၏။ လူထု ရယ်ရွှင်လျှင် (ကို)ဇာဂနာ ရယ်ရွှင်၏။ လူထုတိုက်ပွဲဝင်လျှင် ထိုတိုက်ပွဲ၌ (ကို) ဇာဂနာရှိ၏။ ထိုကြောင့် …. (ကို)ဇာဂနာ၏ အနုပညာက လူထု၏အနုပညာ….။ လူထုနှလုံးသည်းပွတ်မှ လာသည့် အနုပညာ ……။

(ပြည်သူ့အနုပညာရှင်များအား ဂုဏ်ပြုပါသည်)

မင်းဆွေသစ်

Thursday, August 21, 2008

ကြံ့ခိုင်ရေးအသင်း၊ တရားသူကြီး ၂ ကြံ့ခိုင်ရေးအသင်း၊ တရားသူကြီး ၂ ကြံ့ခိုင်ရေးအသင်း၊ တရားသူကြီး ၂ ယောRemembering Zarganar - from MoeMaKa Team

မိုးမခတောထဲက သတင်းအပိုင်းအစများ
ကြံ့ခိုင်ရေးအသင်း၊ တရားသူကြီး ၂ ယောက်
အဝေးကြည့်မှန်ပြောင်း
သြဂုတ် ၂၁၊ ၂၀၀၈

ကြံ့ခိုင်ရေးအသင်း

"… လူမှုရေးအသင်းကြီးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲလိုက်ကြောင်း ယနေ့ည ၈း၀၀ နာရီ ရုပ်မြင်သံကြားသတင်းများတွင် ဖော်ပြထားသည်။ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလဲလိုက်သော်လည်း ခေါင်းဆောင်များမှာ အပြောင်းအလဲ မရှိဟု ဆိုသည်။ အသင်း၏ တံဆိပ်၊ အလံ၊ ၀တ်စုံတို့ကိုလည်း ပြောင်းလဲမည်မဟုတ်ဟု ဆိုသည်။

ကြံ့ခိုင်ရေးအသင်း နိုင်ငံရေးပါတီအဖြစ် တရားဝင် ပြောင်းလဲသွားမှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦး/ဒေါ် - - - - - က “ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ” ဟု ပြောကြားလိုက်သည်။

သို့သော်လည်း - - - - - - - - - - - - အဖွဲ့မှ ဦး/ဒေါ် - - - - - က ကြံ့ခိုင်ရေးအသင်း နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲမှုကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်သည်။ “ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -” ဟု ပြောလိုက်သည်။

ကြံ့ခိုင်ရေးအသင်းက ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။

ကြံ့ခိုင်ရေးအသင်းကို ၁၉၉၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အောက်ခြေအဖွဲ့ခွဲများအဖြစ် ပြည်နယ်တိုင်း အဆင့် ၁၇ ခု၊ ခရိုင် ၆၆ ခု၊ မြို့နယ်ပေါင်း ၃၂၀ နှင့် ရပ်ကွက်ကျေးရွာများတွင် ဖွဲ့စည်းထားသည်။ လူဦးရေ ၅၈ သန်းရှိသော မြန်မာပြည်တွင် ကြံ့ခိုင်ရေးအသင်းဝင်ပေါင်း ၂၃ သန်းရှိသည်ဟု အသင်းကြီးက ထုတ်ပြန်ကြေညာထားသည်။ …"

ဒီသတင်းက မနေ့ညက ကြေညာသွားတာ မဟုတ်ပါဘူး။ မကြေညာရသေးပါဘူး။ သတင်းဌာနတွေဟာ ဒီလိုပဲ ကြိုတင်ပြင်ဆင်ရပါတယ်။ တကယ်ဖြစ်လာတဲ့အခါ အသင့်ရေးထားပြီးသားကို ချက်ချင်း ထုတ်ပြန်တတ်ကြတာပါ။

၂၀၀၂ ခုနှစ် ဦးနေ၀င်း ကွယ်လွန်တုန်းက နာရီပိုင်းအတွင်းမှာပဲ နိုင်ငံတကာ သတင်းအေဂျင်စီကြီးတွေက သတင်းထုတ်ပြန်ကြတာ မှတ်မိမှာပါ။ ပရင့်အောက်ပြီး ဖတ်လိုက်တော့ ၂ မျက်နှာ ကျော်ပါရောလား။ ဦးနေ၀င်းရဲ့အချက်အလက်တွေကို ကြိုတင်ပြင်ဆင်ထားကြတာ ကြာပါပြီ။ ရန်ကုန်သတင်းထောက်တွေဆီက ဦးနေ၀င်း ဘယ်နေ့ ဘယ်အချိန်မှာ ဘာရောဂါနဲ့ ကွယ်လွန်တယ်ဆိုတဲ့ စာ ၁ကြောင်း ၂ကြောင်း သတင်းပို့ချက်ကို ထိပ်ဆုံးမှာထားပြီး သူတို့ ပြုစုထားတဲ့ အချက်တွေနဲ့ ဆက်လိုက်တော့ သတင်းရှည်ကြီးဖြစ်သွားပြီး ချက်ချင်း ထုတ်ပြန်နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် သတင်းလောက ထုံးစံအတိုင်း ကြံ့ခိုင်ရေးအသင်း သတင်းကို ကြိုတင်ပြင်ဆင်ထားရခြင်း ဖြစ်ပါကြောင်း။

အေးရာအေးကြောင်း တရားသူကြီး

ဟိုး ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး စိုးစံတော်မူတယ်။ ဒီနေ့ခေတ်မှာတော့ နေပြည်တော်မှာ မင်းတြားကြီး သန်းရွှေ စိုးစံတော်မူတယ်။ အေးချမ်းသာယာလွန်းတဲ့အပြင် ခေတ်မီနိုင်ငံတော်ကြီးအိပ်မက်လည်း မက်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လုံးဝ (လုံးဝ၊ လုံးဝ) မရှိ လို့ ဆိုပါတယ်။ ဒါက နေပြည်တော်မှာပါ။

အရှင်လတ်လတ် ရှေးဟောင်းမြို့တော်ဖြစ်သွားတဲ့ ရန်ကုန်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ဟန်တူသူတွေတော့ ရှိပါသတဲ့။ သူတို့ကို ထောင်ချတဲ့အခါ “မင်းတို့ကို ထောင်ဒဏ်ဘယ်လောက်ချလိုက်ပြီဟေ့” လို့ ပြီးစလွယ် ပြောလိုက်ရင် ရပါလျက်ကယ်နဲ့ တရားသူကြီးနဲ့ တရားရုံးနဲ့ ဘာနဲ့ အကျအန တရားစီရင်တယ်လို့ ဆိုတယ်။ ဒီအကျဉ်းသားတွေ ပင်ပန်းမှာစိုးလို့ ရန်ကုန်မြို့ပေါ်က တရားရုံးတွေကို ခေါ်မသွားဘဲ ထောင်ထဲမှာပဲ တရားရုံးတွေ ဖန်တီးထားပါတယ်။ တချက်ခုတ် သုံးလေးချက်မက ပြတ်တဲ့ စီစဉ်ချက်တွေပါပဲ။ အကျဉ်းသားတွေ အချိန်ကုန် သက်သာတယ်၊ ခရီးကျုံ့သွားတယ်၊ မော်တော်ယာဉ် အသုံးမပြုရတော့ ဆီဖိုးမကုန်ဘူး၊ ဓာတ်ဆီမကုန်တော့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာလည်း ကာကွယ်တဲ့သဘော။ သိပ်အကျိုး ရှိပါတယ်။

အားလုံးကောင်းပါသည်ခင်ဗျားလို့ ထင်ရပေမယ့် တရားသူကြီးတွေကတော့ အဲသလို မထင်ဘူးတဲ့ခင်ဗျာ။ တရားသူကြီးတွေဆိုတာ တရားရုံးတွေမှာ ဘုရင် မဟုတ်လား။ အခုတော့ သူ့တရားရုံးမှာ ရုံးမထိုင်ရဘဲ ထောင်ထဲသွားနေရတာ ခရီးဖင့်တယ်၊ ထောင်ထဲက တရားရုံးကိုရောက်ဖို့ တရားသူကြီးတွေကိုယ်တိုင် ဂိတ်သုံးလေးခုကို ဖြတ်နေရတယ်ဆိုတော့ သူတို့ ညည်းကြပါတယ်။ နို့ပေမယ့် စီရင်ချက်တို့ ဘာတို့အတွက်တော့ ခေါင်းမကိုက်ရပါဘူး တဲ့။ ဘယ်လို ဘယ်လို လုပ်လိုက် ဆိုတဲ့ ညွှန်ကြားချက်များ ရပြီးဖြစ်တဲ့အတွက် အလုပ်အကိုင်များက အေးရာအေးကြောင်းပါလို့ တရားသူကြီးတာဝန်ကျတဦးက ဆိုပါတယ်။

ဘာသိဘာသာ တရားသူကြီး

တရက်မှာ တရားသူကြီးက အင်းစိန်ထောင် တရားခွင်မှာ အိပ်ချင်မူးတူး ဖြစ်နေတယ်။ ထုံးစံအတိုင်း သူ့လက်ထဲ ရောက်လာတဲ့ စာရွက်ကို ဖတ်ပြပြီး အကျဉ်းသားကို မေးလိုက်တယ်။

တရားသူကြီး- “ဘာသာနဲ့ သာသနာညှိုးနွမ်းအောင် လုပ်တယ်ဆိုတာ အမှုမှာ ထင်ရှားနေတယ်။ ဘယ်လိုမျိုး ဖြေရှင်းချင်သေးလဲ … ။”

အကျဉ်းသား ၁- “ဘာသာနဲ့ သာသနာကို ညှိုးနွမ်းအောင် ဘယ်လိုမျိုးလုပ်ခဲ့လို့ ဘယ်က သက်သေအထောက်အထားတွေနဲ့ စွပ်စွဲရတာလဲ။ ထောက်ပြပါ …”

အကျဉ်းသား ၂- (အကျဉ်းသား ၁ကို မျက်စောင်းထိုး၍ကြည့်ပြီး) “ အော် ... မင်းကလည်း။ ဘုန်းကြီးကျောင်းတွေကို ၀င်ရိုက်ထားတာဟာ ဘာသာနဲ့ သာသနာကို ညိုးနွမ်းအောင် လုပ်တာပေါ့ … ဟ။ ”

တရားသူကြီးက အိပ်ချင်ပြေသွားတယ်လို့ ဆိုတယ်။ ရယ်လိုက်ရတာ ဖတ်ဖတ်မောလည်း မလုပ်ဖြစ်ဘူး၊ ရုံးတော်ကို စော်ကားမှု ဆိုပြီးလည်း အမှုထပ်မတိုးပါဘူး တဲ့။ စွဲထားတဲ့အမှုတွေက လေးငါးခု မကဘူး သိပ်များနေပြီတဲ့ တရားသူကြီးက အိမ်ရောက်တော့ ပြန်ပြောပြပါတယ်။

အဲဒီ အကျဉ်းသား ၂ ယောက်က ဘယ်သူတွေလဲ ဆိုတာကို ပဟေဠိ ထုတ်လိုက်ပါရဲ့။

(စာမရေးတာကြာပါပြီ။ အခုမှပဲ ရေးဖြစ်ပါတယ်။ သတင်းပို့ပေးသူများကို အဝေးကြည့်မှန်ပြောင်းက ကျေးဇူးတင်ပါတယ်။)

Tuesday, August 12, 2008

Zarganar Legacy Lives on with Thee Lay Thee - Burmese Troupe

သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့ နယ်လှည့် ကပြရန် အစီအစဉ်များရှိ

မိုးမခ အထောက်တော် ၀၀၃

သြဂုတ် ၁၂၊ ၂၀၀၈

ထိုင်းနိုင်ငံတွင် အခြေပြုပြီး မြန်မာပရိသတ်များနှင့် အသံလွှင့်အစီအစဉ်များအတွက် ဖျော်ဖြေနေသည့် သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့သားများ ယခုလကုန်တွင် ဂျပန်နိုင်ငံသို့ သွားရောက် ကပြရန် အစီအစဉ်များရှိကြောင်း သိရသည်။

အဖွဲ့ခေါင်းဆောင် ဂေါ်ဇီလာက ပြောကြားရာတွင် နာဂစ်မုန်တိုင်း ရန်ပုံငွေပွဲ ကပြပြီးနောက်ပိုင်း အသံလွှင့်အစီအစဉ်များလည်း စီစဉ်ဖြစ်ကြောင်း၊ နိုဘယ်ဆုရှင်များ ချင်းမိုင်သို့လာရောက် လည်ပတ်စဉ်ကလည်း အမျိုးသမီးများတိုးတက်ရေးအဖွဲ့ (SWA)ရဲ့ စီစဉ်မှုနဲ့ ကပြခဲ့ကြကြောင်း၊ ၈ လေးလုံး အနှစ် ၂၀ အထိမ်းအမှတ်အဖြစ် ဘန်ကောက်ရှိ နိုင်ငံတကာသတင်းသမားများ အစည်းအရုံးတွင် အမှတ်တရပွဲ တင်ဆက်ခဲ့ကြောင်း ပြောပြသည်။

၈ လေးလုံး အထိမ်းအမှတ် တင်ဆက်မှုတွင် စစ်အစိုးရအဆက်ဆက်၏ ကျောင်းသားလူငယ်များအပေါ်၊ ပြည်သူများအပေါ် နှိပ်ကွပ်မှုများကို သရုပ်ဖော်တင်ဆက်ခဲ့ရာ တက်ရောက်သူ မြန်မာများသာမက နိုင်ငံတကာ ပရိသတ်များက နှစ်ချိုက်ကြသည်ကို တွေ့ရကြောင်း၊ ဆေးရောင်စုံအဖွဲ့သားများသည် ပြည်ပရောက် မြန်မာများကို ပျော်ရွှင်စေရေး၊ ဘ၀အမောပြေစေရေးတို့အတွက် အစီအစဉ်များသာမက ကျန်းမာရေးနှင့် လူ့အခွင့်အရေးပညာပေး အစီအစဉ်များ၊ လက်ရှိရင်ဆိုင်နေရသော လူမှုရေး၊ နိုင်ငံရေး အကြပ်အတည်းများကို ထင်ဟတ်သော သရုပ်ဖော်အစီအစဉ်များကိုပါ တိုးချဲ့တင်ဆက်လာဖြစ်ကြောင်း ပြောကြားသည်။

“ဂမ်ဘာရီတို့၊ ဘက်ကီမွန်းတို့တွေကိုပါ ထည့်ပြီး ပြက်လုံးထဲမှာ ပြက်တယ်ဗျာ။ အမြင်တွေ အထင်တွေနဲ့ တကယ်တမ်း ကျနော်တို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ မတိုက်ဆိုင်တာတွေ၊ လွဲချော်နေတာတွေကိုပါ စဉ်းစားစရာဖြစ်အောင် ထင်ဟတ်တဲ့ အစီအစဉ်တွေကိုပါ ထည့်လာပြီ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ပိတ်ဆို့ထားတဲ့ အနုပညာတွေ ကိုယ်စား ပြီးတော့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ကိုဇာဂနာနဲ့တကွ အနုပညာရှင်တွေ ကိုယ်စား ကျနော်တို့က မြန်မာပြည်သူတွေကိုကော၊ နိုင်ငံတကာက ပရိသတ်တွေကို ပွင့်လင်းတဲ့ တင်ဆက်မှုတွေ ထုတ်ဖော်နေရမယ်လို့ ခံယူတယ်” ဟု ကိုဂေါ်ဇီလာက ရှင်းပြသည်။

“အခက်အခဲတွေကတော့ အများကြီးပါပဲ။ မြန်မာပရိသတ်တွေရဲ့ အားပေးကူညီမှုတွေ နိုင်ငံတကာက အစုအဖွဲ့တွေရဲ့ ၀ိုင်းဝန်း ကြတာတွေနဲ့ သီးလေးသီးနဲ့ ဆေးရောင်စုံအဖွဲ့ဟာ ဆက်လက် လှုပ်ရှားရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ ရှေ့ကို ခရီးဆက်ပြီး မြန်မာပြည်၊ မြန်မာအနုပညာအရေးကိစ္စတွေ၊ မြန်မာပြည်သားတွေရဲ့ ခံစားချက်တွေကို ထင်ဟတ် သရုပ်ဖော်တဲ့ အစီအစဉ်တွေ ဆက်လက် ဆောင်ရွက်နေမှာ ဖြစ်ပါတယ်” ဟု ၎င်းက မိုးမခသို့ ပြောကြားခဲ့ပါသည်။

မိုးမခရဲ့ ၀က်ဆိုက်တခုဖြစ်သည့် မိုးမခ ဒေါ့နက် ( http://moemaka.net ) တွင်လည်း ၎င်းတို့၏ ကိုရီးယား၊ ဂျပန် ကပွဲများကို အပိုင်းလိုက်ခွဲပြီး တင်ဆက်ထားပါသည်။ နာဂစ်လေဘေးကိစ္စများကို နိုင်ငံတကာက မြန်မာများ ရောက်ရာနေရာက နီးစပ်ရာ စုဝေးပြီး ကူညီကြဖို့အရေးကို ရည်ရွယ်လျက် နှိုးဆော်သည့်အနေဖြင့် ၎င်းတို့အစီအစဉ်များကို မေတ္တာဖြင့် ထုတ်လွှင့်ပေးရန် သီးလေးသီးအဖွဲ့က ခွင့်ပြုချက်နှင့် တင်ဆက်လျက်ရှိခြင်း ဖြစ်ပါသည်။

Thursday, August 7, 2008

Zarganar and Zaw Thet Htwe appeared at court inside Insein Jail

ဇာဂနာ၊ ဇော်သက်ထွေးကို ရုံးထုတ် အမှုစွဲဆို၊

ရှေ့နေဖြင့် ဆောင်ရွက်ခွင့်များကို နှောင့်နှေးအောင် ပြုလုပ်ထား

မိုးမခ

သြဂုတ် ၈၊ ၂၀၀၈

ယမန်နေ့က မြန်မာ့အမျိုးသားရေး ဆောင်ရွက်သူ ကိုဇာဂနာနှင့် ကို ဇော်သက်ထွေးတို့ကို အကျဉ်းချထားရမှ ထုတ်ယူပြီး အင်းစိန်ထောင်တွင်း တရားရုံးတွင် ပုဒ်မများတပ် အမှုစွဲဆိုလိုက်သည်။

နာဂစ်မုန်တိုင်းအရေးအခင်းတွင် ရှေ့တန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများကို စေတနာ့ဝန်ထမ်းဆောင်ရွက်နေချိန် ၎င်းတို့ကို စစ်အစိုးရက ဖမ်းဆီးခဲ့သည်။ ဇွန်လဆန်းတွင် အကြောင်းတစုံတရာ မပြဘဲ ဖမ်းဆီးခဲ့ရာမှ ယခု ၂ လ ကျော်မှ ရုံးထုတ်ခြင်း ဖြစ်သည်။

ဆူပူလှုံဆော်သည့် ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံရေး ပုဒ်မ ၅ (ည)၊ မတရားသင်းဆက်သွယ် ပုဒ်မ ၁၇ (က)၊ ဗီဒီယို ပုဒ်မ၊ အီလက်ထရောနစ် ပုဒ်မ စသည့် ပုဒ်မပေါင်း များစွာတပ်ပြီး အမှုစွဲဆိုခြင်း ဖြစ်သော်လည်း ကိုဇာဂနာ၊ ကိုဇော်သက်ထွေး၊ ကိုကတုံး၊ ကိုသန့်စင်အောင်တို့အတွက် ကိုယ်စားပြု ဆောင်ရွက်ရန် ရှေ့နေကို တရားရုံးက လက်ခံခြင်း မပြုခဲ့ချေ။ အကြောင်းပြချက်မှာ တရားခံနှင့် မိသားစုဖက်က ပါဝါလွှဲပေးရန် လိုအပ်သေးသည်ဟု အကြောင်းပြသည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် အခြား နိုင်ငံရေးသမားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားလူငယ်များစွာကို မတရားဖမ်းဆီးထားပြီး၊ ယခုကဲ့သို့ အကျဉ်းထောင်တွင်းရှိ တရားရုံးများတွင် လျို့ဝှက်ရုံးထုတ်ခြင်း၊ မိသားစုများ ရှေ့နေများလာရောက် လျောက်လဲမှု ပျက်ကွက်စေရန် လုပ်ကြံခြင်း၊ မတရား ထောင်ဒဏ်များ ချမှတ်ပြီးနောက် အလုပ်ကြမ်းများဖြင့် ရဲဘက်စခန်းများ ပို့၍ ပြင်ပနှင့် အဆက်ဖြတ်ခြင်း၊ အကျဉ်းထောင် ရဲဘက်စခန်းများတွင် အသက်အန္တရယ် ကျရောက်စေခြင်း တို့ကြောင့် မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

မကြာသေးမီကပင် နိုင်ငံရေးအကျဉ်းသား နေလင်းစိုးသည် မွန်ပြည်နယ် ရဲဘက်စခန်းတွင် ကျောက်ပိပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ထိုင်းအခြေစိုက် အေအေပီပီ အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

Saturday, July 26, 2008

8888 - 20 Years, Zarganar


၈၈ အနှစ် ၂၀

(အခန်းဆက်များ)

ဇာဂနာ ရဲ့ ၈၈ ဒိုင်ယာရီ အပိုင်းအစများ

ဇာဂနာ

( မိုးမခရဲ့ မိတ်ဆက် - ဇာဂနာ အနှစ် ၂၀ - မျက်စိထဲ ပေါ်လာသမျှကို အရင် တင်ပြလိုက်ချင်ပါတယ်။

၁၉၈၈ သြဂုတ်လ အရေးတော်ပုံမှာ အနုပညာရှင်တဦး၊ ကျောင်းသားတဦး အနေနဲ့ ရှေ့တန်းက ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် ရှေးမဆွကတည်းက ရင်းနှီးသူ၊

၁၉၉၀ ၀န်းကျင်မှာ စစ်အစိုးရ ရွေးကောက်ပွဲကို သရော်တဲ့ သူတောင်းစားညီလာခံ ပြဇာတ်ကို နယ်လှည့် ကပြ၀ံ့သူ၊ တဦးတည်းသာမဟုတ် အနုပညာဝိုင်းတော်သားတွေနှင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သူ၊ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖမ်းဆီးခံရပြီး ထောင် ၅ နှစ် ကျခဲ့သူ၊

၁၉၉၅ နှောင်းပိုင်း တောက်လျောက် အနုပညာရှင်၊ ဒါရိုက်တာတဦးအနေဖြင့် ရပ်တည်ပြီး လူမှုရေး ကူညီမှုများ၊ ကျန်းမာရေး စောင့်ရှောက်ရေး ပညာပေး ရုပ်သံများ ဆောင်ရွက်သူ။

သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာ အဖြူရောင် သက်တံ လှုပ်ရှားမှု၊ ထောင်က လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားများဖက်က ရပ်တည် ထောက်ခံမှုများကြောင့် စစ်အစိုးရ မျက်မုန်းကျိုးခြင်း ခံရသူ။

ပွင့်လင်း လွတ်လပ်သော ဝေဖန်မှုများကြောင့် ၂၀၀၆ တွင် အနုပညာလုပ်ငန်းများ အပိတ်ခံရသူ၊ သို့သော်လည်း ပွင့်လင်းလွတ်လပ်တဲ့ အနုပညာအမွေအဖြစ် သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့ကို မျိုးဆက်သစ် မျိုးစေ့ချပေးခဲ့သူ။

၂၀၀၇ စက်တင်ဘာ သံဃာအရေးတော်ပုံမှာ မြန်မာပြည်သူတွေရဲ့ တရားမ၀င်သော်လည်း အားလုံးအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် ရဲရင့်စွာ ရပ်တည်သူ၊ အထိမ်းသိမ်းခံခဲ့ရသော်လည်း လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း စစ်အစိုးရ ဦးချိုးထားတဲ့ ပြည်သူတွေ ရဲရင့်တက်ကြွလာစေဖို့ ဆေးရောင်စုံအငြိမ့်က ပြည်သူတွေကြားဆင်းပြီး ကပြချိန်တွင် လိုက်လံ အားပေးဆောင်ရွက်သူ၊ အဖိနှိပ်ခံ သံဃာတော်များ၊ နိုင်ငံရေးသမားများကို ပြုစုစောင့်ရှောက် လှူဒါန်းထောက်ပံ့သူ။

၂၀၀၈ နှစ်ဦးပိုင်း စစ်အစိုးရရဲ့ အတုအယောင် အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီးလည်း ပွင့်လင်းစွာ ဝေဖန်ရဲသူ၊ ၂၀၀၈ မေ နာဂစ်မုန်တိုင်းအပြီး ဒုက္ခသည် ပြည်သူကြီးထံသို့ ရှိစုမဲ့စုတွေကို ထုပ်ပိုးပြီး ကယ်ဆယ်ရေး၊ ကုညီရေးတွေ ဆောင်ရွက်သူ၊ စစ်အစိုးရရဲ့ လူထုအပေါ် တာဝန်မကျေခဲ့မှု၊ ရက်စက်မှုများကို ရဲရဲရင့်ရင့် အားလုံးရှေ့မှာ အားလုံးကိုယ်စား ထုတ်ဖော်ဝေဖန်ခဲ့သဖြင့် စစ်အစိုးရရဲ့ ထပ်မံဖမ်းဆီးခြင်း ခံထားရသူ - ဇာဂနာ … ။

သူ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက သူရဲ့ ဘယ်တော့မှ နောက်မဆုတ်ခဲ့တဲ့ ခြေလှမ်းများ အကြောင်း တင်ဆက်လိုက်တာပါ။ )


၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့မှာ တပ်မတော်ကအာဏာသိမ်းပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့မှာ ကျွန်တော် အဖမ်းခံရပါတယ်။ ၁၉၈၉ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ တစ်ခါ ၁၉၉၀ခုနှစ် မေလ ၁၉ ရက်နေ့မှာ ထပ်ဖမ်းခံရပြီး ထောင်ငါးနှစ် အချခံခဲ့ရပါတယ်။ ပထမအကြိမ် အဖမ်းခံရစဉ်တုန်းက ထောင်တွင်းမှာ ခိုးကြောင်ခိုးဝှက် ရေးခဲ့ရတဲ့ဒိုင်ယာရီ (အမှန်ကတော့ စာရွက် အပိုင်းအစလေးတွေပါ) ကို တစ်လောက အမှတ်တရ ပြန်ရလိုက်တဲ့အခါ တအား ၀မ်းသာသွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မပျောက်ပျက်အောင် သိမ်းထားပေးတဲ့ ထောင်ဝန်ထမ်းအဖိုးကြီးကိုလဲ
ကျေးဇူးတင်မဆုံးပါ။ ဒါကြောင့်လည်း ဒီနေရာကနေ မှတ်တမ်းတင်လို့ ဖော်ပြသွားပါရစေ။

၁၉၈၈ ခုနှစ်သည် အရေးတော်ပုံနှစ်ဟု ဆိုရမလောက်ပင် အစိုးရအားဆန့်ကျင်သော အရေးအခင်းများသည် တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ မောင်ဘုန်းမော် အရေးအခင်းဟု အမည်တွင်ခဲ့သည့် မတ်လလှုပ်ရှားမှု ဂျင်ဂလိပွဲတော်ဟု ကင်ပွန်းတပ်ခံခဲ့ရသည့် ဇွန်လအရေးအခင်း၊ ရှစ် လေး လုံး ဟု ကျော်ကြားခဲ့သော သြဂုတ်လ အရေးအခင်း၊ ထိုသည့်နောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အုံကြွလှုပ်ရှားခဲ့သည့် ဒီမိုကရေစီအရေးတော်ပုံတို့ပင်တည်း။

သြဂုတ်လ ၂၂ ရက်မှ အစပြုခဲ့သော ယင်းဒီမိုကရေစီအရေးတော်ပုံသည်ကားး မြန်မာ့သမိုင်းတွင် မကြုံဘူးလောက်အောင် လူတန်းစား အလွှာပေါင်းစုံ ပါဝင်သည့် အစိုးရဆန့်ကျင်သော လှုပ်ရှားမှုကြီးဖြစ်ရကား ဆရာဝန်များ အနုပညာရှင်များ ရှေ့နေများစသည့် အသိပညာရှင် အတတ်ပညာရှင်များသာမက အိုးမဲ့အိမ်မဲ့ အခြေနေမဲ့များ၏ လမ်းဘေးသမဂ္ဂပါမကျန် တော်လှန် တိုက်ပွဲဝင်ခဲ့ကြလေသည်။

အနုပညာရှင် တစ်ပိုင်းတစဖြစ်နေသော ကျွန်တော်တို့သူငယ်ချင်းတသိုက်မှာလည်း ဤအရေးတော်ပုံ အစကာလများကပင် ပါဝင်ခဲ့ရကား ကျောင်းသားစိတ် တစ်ပိုင်း ကျန်နေသည့် အတွင်းဓာတ်၏ လှုံဆော်မှုကြောင့် တဖြေးဖြေး နက်မှန်းမသိ နက်ရှိုင်းစွာ ဝင်ရောက် ဆင်နွဲမိလေတော့သည်။

ထိုစဉ်က ကျွှန်တော်တို့၏ စုရပ်ဖြစ်သော ရန်ကုန်မြို့ ၂၁ လမ်းရှိ (ယခင် သဘင်ကောင်စီ ရုံးခန်း) မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သမဂ္ဂ ရုံးခန်းသည်လည်း အနယ်နယ် အရပ်ရပ်မှ သပိတ်ခေါင်းဆောင်များ ကိုယ်စားလှယ်များ စတည်းချရာ နေရာတစ်ခုလည်း ဖြစ်လာလေသည်။ ရွှေပြည်အေးသမားများ၊ အကဲခတ် ဆရာများ၊ ရရင် ရ မရရင် ချ ဆိုသော ပုဂ္ဂိုလ်များ၏ ငြင်းခုန်ရာ စည်းဝေးခန်းမတစ်ခုလည်း ဖြစ်ခဲ့လေသည်။

ကျွန်တော်တို့ သူငယ်ချင်းတသိုက်မှာလည်း တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် မကြုံရလောက်အောင်ပင် ဟောပြောပွဲများ စည်ဝေးပွဲများ နယ်စည်းရုံရေး ခရီးစဉ်များ၊ ဆန္ဒပြပွဲများ၊ အလှုခံကိစ္စများနှင့် ချာလပတ် ရမ်းနေကြရကား တစ်ဦးနှင့် တစ်ဦး ဆက်သွယ်လိုလျင်ပင် ရုံးရှေ့ ကျေုာက်သင်ပုန်းမှတစ်ဆင့်သာ ဆက်သွယ်ရသည့်ဘ၀သို့ ဆိုက်ရောက်ရလေတော့သည်။

သို့သော်လည်း ကျွန်တော်တို့ လူတသိုက်ကို မျက်နှာချင်း ပြန်လည်ဆုံစည်းခွင်ရအောင် ဖန်တီးပေးလိုက်သည့်အရာကား ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပေါ်ပေါက် လာပါတော့သည်။ အခြား မဟုတ်ပါ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းပင်တည်း။

ထို့နေ့ ညနေ ၆းဝဝ နာရီခန့်၌ သဘင်သမဂ္ဂ ရုံးခန်းတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် အလျှိုအလျှို ရောက်လာကြပါတော့သည်။ ဘာလုပ်ကြမလဲ ဘာတွေ ဆက်လုပ်ကြဦးမလဲ ဘယ်လို လုပ်ကြမလဲ …

သေချာတာတခုကတော့ နဂို နာမည်ကြီးနေကြသည့်အတိုင်း မိမိတို့ လူတသိုက်သည် အဖမ်းခံရလိမ့်မည်။ သည်တော့ ထွက်ပြေးကြမလား၊ သွား အဖမ်းခံမလား၊ တောခိုကြမလား … တခုခုတော့ လုပ်ရပေလိမ့်မည်။

ပထမဆုံးတော့ သည်နေရာမှ အမြန် စွန့်ခွာရလိမ့်မည်။ အကယ်၍များ စစ်တပ်သည် သူ့တို့ကြေညာထားသည့်အတိုင်း အင်အားသုံး၍ သည်နေရာကို ဝင်ရှင်းခဲ့လျင်၊ လမ်းသူ လမ်းသားများ အချောင်သက်သက် ထိခိုက် နစ်နာကြမည် မဟုတ်တုံ့လော့။

မိမိတို့ အပေါ် သံယောဇဉ်ကြီးမားနေပြီးဖြစ်သော လမ်းသူ လမ်းသားများ ကလည်း သူတို့ ကာကွယ်ပေးပါမည်၊ ဖွက်ထားပေးပါမည်၊ မသွားကြပါနှင့်ဟု အတန်တန် တားကြလေသည်။ သို့သော်လည်း ကျွန်တော်တို့ တသိုက်မှာ ဆုံးဖြတ်ထားသည့်အတိုင်း ကိုယ့်ပစ္စည်းလေးတွေ ကိုယ်ဆွဲ၊ ရုံးခန်းတွင်းမှ စာရွက်စာတမ်းများကို အလျင်အမြန် ဖျောက်ဖျက်ကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းသို့ ရွှေ့ပြောင်းခဲ့ကြတော့သည်။

ထိုအချိန်က ဆေးရုံကြီးဝင်းအတွင်း၌ အစာငတ်ခံ ဆန္ဒပြနေကြသော အုပ်စု အဖွဲ့အစည်း အသီးသီး တို့မှာလည်း ညမထွက်ရ အမိန့်ကြောင့်ပင် အိမ်ပြန်ခွင့်မရဘဲ လူနာဆောင်အသီးသီး၌ သောင်တင်နေကြလေသည်။

ထိုကြောင့်ပင် ကျွန်တော်တို့ သူငယ်ချင်းတသိုက်မှာ အုပ်စု သုံးစုခွဲပြီး အဝတ်လျှော်စက် ဓာတ်အားပေးစက်နှင့် ရေခဲတိုက်များအတွင်းသို့ ဝင်ရောက် ပုန်းအောင်း နေရတော့သည်။

တချက် တချက်တွင် စစ်အစိုးရ အလိုမရှိ ဟူသော အော်သံများ၊ သေနပ်သံများ၊ လမ်းမများပေါ်တွင် ချထားသော အပိတ်အဆို့ အကာအရံများကို လိုက်လံရှင်းလင်းနေသည့် စစ်ကားသံများကို နာခံရင်း တစ်ညတာခရီးကို ကျော်လွန်ခဲ့ရသည်။

ဤနေရာတွင် ကျွန်တော်နှင့်အတူ ပုန်းအောင်းခဲ့သူများကို မှတ်တမ်းတင်လိုပါသည်။ ကျွန်တော်တို့ သဘင်သမဂ္ဂမှ မိုးဝင်း၊ မိုးမင်း၊ အရိုင်း၊ ညီညီလှိုင်(ညောင်ညောင်)၊ ညီဝင်းစိန်၊ ဖိုးဖြူ၊ စိုးဟန်၊ တပ်မတော် မှတ်တမ်းရုံးမှ တပ်ကြပ်အောင်သန်း၊ ကျောင်းသား တပ်ပေါင်းစုမှ ရွှေရောင် အောင်ဇော်မျိုး၊ ရုပ်ရှင် သရုပ်ဆောင် ဇင်ဝိုင်းနှင့် တောင်ဥက္ကလာပမှ ဆိတ်မ ဆိုသူတို့ ဖြစ်ပါသည်။

ညတွင်းချင်းပင် ကျောင်းသား သမဂ္ဂမှ မင်းမင်း၊ ဇော်ထွန်းတို့ ခေါင်းဆောင်သည့် အစာငတ်ခံ ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအဖွဲ့သို့ လှမ်း၍ ဆက်သွယ်ပြီး မနက်မိုးလင်းသည်အထိ မည်သည့်နေရာမှ မသွားရန်နှင့် သောင်တင်နေသည့် ကလေးများကိစ္စ မိမိတို့လာမှ ရှင်းပေးမည်ဖြစ်ကြောင်း အကြောင်းကြားထားရပေသည်။

သို့ဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၅းဝဝ နာရီ ထိုးသည့် အချိန် မှာတော့ ကျွန်တော်တို့၏စီစဉ်ပေးမှုဖြင့် အိမ်ပြန်ပို့နိုင်ခဲ့လေသည်။ သည်နောက်မှတော့ ညက ကြိုတင်စီစဉ်ထားသည့်အတိုင်း စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ချီတက်ရန် စိုင်းပြင်းကြရလေတော့သည်။

သည်မှာတင် ပြသနာက စ ပါလေပြီ။ ဆေးရုံကြီးအတွင်းရှိ သူအစုနှင့်သူ ရှိနေကြသော အဖွဲ့အသီးသီးသည် အင်တင်တင် ဖြစ်နေကြလေသည်။ တောင်လိုလို မြောက်လိုလို အစည်းအဝေး လုပ်ဦးမလိုလို၊ အီးအီး ပါဦးမလိုလိုနှင့် ချီတက်ရန်ကိစ္စကို ရှောင်ဖယ် ရှောင်ဖယ် လုပ်ကြတော့သည်။

သည်တစ်ခါက တကယ်ကို သေနပ်နှင့် ပစ်တော့မှာ မဟုတ်လား။ ကျွန်တော်တို့ သူငယ်ချင်းတစု ခေါင်းချင်းဆိုင်ရတော့၏။

ကဲ … ဘယ်သူမှ မထွက်ခင်တုန်းကတည်းက တို့ ထွက်ခဲ့တယ်၊ နောက် တနိုင်ငံလုံး ပါလာတော့၊ ဒို့ အရေးမှ မလုပ်ရရင် ခေတ်မမီတော့ဘူးဟဲ့ ဆိုပြီး ပါလာလိုက်ကြတာ၊ ခုတော့ ဘယ် တကောင်တမြီးမှ မတွေ့ရတော့ဘူး။ ခု ချက်ချင်း ပစ်ပါ၊ ဖမ်းပါနဲ့ စင်ပေါ်ကနေ လက်သီးလက်မောင်းတန်းခဲ့တဲ့ ဘယ် အနုပညာရှင်သမားဆိုတာတွေမှလည်း အရိပ်တောင် မတွေ့ရတော့၊ တို့ ဘယ်လိုလုပ်မလဲ၊ ကလေးတွေကိုချည်းပဲ မင်းတို့ ချီတက်ကြတော့ ဆိုပြီး လွှတ်လိုက်တော့မလား၊ အသေခံခိုင်းလိုက်တော့မှာလား။ ကိုင်း … ဘယ်သူ ထွက်ထွက်၊ မထွက်ထွက် တို့ ထွက်တယ်ကွာ ဟု ကြိမ်းဝါးပြီး၊ ကိုဇင်ဝိုင်းရယ်၊ (မိုးဝင်း)ရယ်၊ မောင်စိန်ထွန်း(မိုးမင်း)ရယ်၊ အောင်သန်းဦး(အရိုင်း)ရယ်၊ မောင်ရွှေရောင်ရယ်၊ ကျွန်တော်ရယ်၊ နောက်ပြီး ကျောင်းသားဟောင်းများအဖွဲ့မှ နိုင်လင်းနှင့် ကျော်မြင့်တို့ပါ ပေါင်းကာ စုစုပေါင်း ရှစ်ယောက်တည်းဖြင့် စတင် ချီတက်ခဲ့ကြပါတော့သည်။

စစ်အစိုးရ အလိုမရှိ။ စောမောင် အစိုးရ အလိုမရှိ။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ကျောင်းသားပြည်သူ သတ်ဖို့မဟုတ်ဘူး … စသော ကြွေးကြော်သံများဖြင့် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းတလျှောက် ထိုမှ ဘုရားလမ်း၊ မဟာဗန္ဓုလလမ်း၊ ဘုန်းကြီးလမ်းမှတဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ပြန်လည်ချီတက်ခဲ့ကြရာ တစ်ပတ် ပတ်မိသည့်အချိန်မှာဖြင့် လူတန်းကြီးမှာ နှစ်ထောင် သုံးထောင်ခန့် ဖြစ်လာတော့သည်။ ဤသို့ဖြင့် ထပ်မံ ရောက်ရှိလာသော အဖွဲ့များနှင့် ပူးပေါင်းကာ လူ လေးထောင် ကျော်ကျော်ခန့်ကို ဦးဆောင်ပြီး မြို့တော်ခန်းမသို့ ဦးတည်လိုက်တော့၏။ ( ဆက်လက်ဖော်ပြပါဦးမယ်)