Showing posts with label News Features. Show all posts
Showing posts with label News Features. Show all posts

Wednesday, December 3, 2008

Zarganar to MyitKyiNar Prison, RSF Award and Burmese Artists' Voice

ဇာဂနာ မြစ်ကြီးနားထောင်၊ နယ်ခြားစည်းမထား သတင်းထောက်များ ဆုနဲ့

မြန်မာအနုပညာရှင်တွေရဲ့ အသံ

မိုးမခ အထောက်တော် ၀၀၂

နိုဝင်ဘာ ၄၊ ၂၀၀၈

ယမန်နေ့ညက ပြည်သူ့အချစ်တော် ကိုဇာဂနာကို မြစ်ကြီးနားထောင်၊ ဇော်သက်ထွေး - တောင်ကြီး၊ ကိုကတုံး - မြင်းခြံနှင့် သန့်စင်အောင် - ဖားအံထောင်များသို့ အသီးသီး ချုပ်နှောင်လိုက်သည်ဟု သိရသည်။

ယခုကဲ့သို့ မိသားစု သားချင်းများနှင့် လက်လှမ်းမမီသည့် ထောင်များကို ပြောင်းရွှေ့ချုပ်နှောင်လိုက်သည့်အတွက် အခက်အခဲမျိုးစုံနှင့် ပိုမိုရင်ဆိုင်စေရန် စစ်အစိုးရက ကောက်ကျစ်ယုတ်မာစွာ ဖန်တီးခြင်းဖြစ်ကြောင်း မိတ်ဆွေတဦးက ပြောလိုက်သည်။

ထိုအချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ပြင်သစ်အခြေစိုက် အာရ်အက်စ်အက်ဖ် - နယ်ခြားစည်းမထား သတင်းထောက်များအသင်းက ကိုဇာဂနာနှင့် နေဘုန်းလတ်တို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်ဖြစ်နေသည်။

ကဗျာဆရာ ကိုအောင်ဝေးက ပြောကြားရာတွင် - မိမိအနေဖြင့် စိတ်ထိခိုက်ရကြောင်း၊ ကိုဇာဂနာနှင့် နိုင်ငံရေးအကျဉ်းသားများ၊ အဓမ္မလူဝတ်လဲခံထားရသည့် သံဃာတော်များကို မြစ်ကြီးနား နယ်ခံများက ၀ိုင်းဝန်း ကာကွယ် ကူညီကြ၊ စောင့်ရှောက်ပေးကြမည်ကို မြင်ယောင်မိကြောင်း၊ ပြောကြားသည်။

ကိုဇာဂနာ ဇနီးသည် မလွင်မာဦးက ပြောကြားရာတွင် - နိုင်ငံတကာက အနုပညာရှင်များ၊ အဖွဲ့အစည်းများက ယခုကဲ့သို့ ဂုဏ်ပြုကြ၊ ဆုတွေ ချီးမြှင့်ကြသည့်အတွက် ၀မ်းသာပါကြောင်း၊ ထိုထက်သာမက နိုင်ငံတကာက အနုပညာရှင်များ အဖွဲ့အစည်းများက ၎င်းတို့၏ အနုပညာများ၊ ပညာအစွမ်းအစများကို အသုံးချပြီး ကိုဇာဂနာနှင့်တကွသော အကျဉ်းကျခံနေရသူ အနုပညာရှင်များ၊ ပုဂ္ဂိုလ်များအကြောင်းကို ပရိသတ်များ၊ လူအများတို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ စာနာ နားလည်လာကြစေရန်၊ မတရားသူ အာဏာရှင်များ အရှက် ဂုဏ်သိက္ခာ ပိုမိုကျဆင်းစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြောကြားလိုက်သည်။

ပန်းချီထိန်လင်း က

“သူက အနုပညာဘ၀ တလျောက်လုံး ပြည်သူတွေအတွက်၊ အားနည်းသူတွေအတွက်၊ အဖိနှိပ်ခံတွေအတွက် အနုပညာတွေ၊ ခွန်အားဖြစ်စေတဲ့ အက၊ သီချင်း၊ ပြက်လုံး၊ ဇာတ်လမ်း၊ ပြကွက်တွေ တင်ဆက်ခဲ့တာ။ ထောင်ထဲမှာတောင် စိတ်ကူးနဲ့တင် သီချင်းတွေ ပြက်လုံးတွေ ရုပ်ရှင်ကားတွေ ရိုက်ပြီး အသည်းထဲ စိတ်ထဲမှာ သိမ်းဆည်းထားတာ၊ သူလိုလူကို ကျနော်တို့က အလေးအနက် ပြုရမယ် …”

ဟု ဆိုလိုက်သည်။

ကိုဇာဂနာ မွေးထုတ်ခဲ့သည့် ၂၀၀၇ မျိုးဆက်သစ် ခေတ်ပြိုင်အငြိမ့်အဖွဲ့တခုဖြစ်သော “သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့” တာဝန်ခံ ကိုဂေါ်ဇီလာက ကိုဇာဂနာနှင့် အကျဉ်းခံ အနုပညာရှင်များ၊ ပုဂ္ဂိုလ်အသီးသီးတို့ကို ဂုဏ်ပြုရန်၊ သူတို့အရေးကိစ္စများကို သူတို့ကိုယ်စား အသံပြု ဖော်ထုတ်ကြရန် မြန်မာ အနုပညာရှင်များ အားလုံးနဲ့ အတူဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

Thursday, August 21, 2008

ကြံ့ခိုင်ရေးအသင်း၊ တရားသူကြီး ၂ ကြံ့ခိုင်ရေးအသင်း၊ တရားသူကြီး ၂ ကြံ့ခိုင်ရေးအသင်း၊ တရားသူကြီး ၂ ယောRemembering Zarganar - from MoeMaKa Team

မိုးမခတောထဲက သတင်းအပိုင်းအစများ
ကြံ့ခိုင်ရေးအသင်း၊ တရားသူကြီး ၂ ယောက်
အဝေးကြည့်မှန်ပြောင်း
သြဂုတ် ၂၁၊ ၂၀၀၈

ကြံ့ခိုင်ရေးအသင်း

"… လူမှုရေးအသင်းကြီးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲလိုက်ကြောင်း ယနေ့ည ၈း၀၀ နာရီ ရုပ်မြင်သံကြားသတင်းများတွင် ဖော်ပြထားသည်။ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလဲလိုက်သော်လည်း ခေါင်းဆောင်များမှာ အပြောင်းအလဲ မရှိဟု ဆိုသည်။ အသင်း၏ တံဆိပ်၊ အလံ၊ ၀တ်စုံတို့ကိုလည်း ပြောင်းလဲမည်မဟုတ်ဟု ဆိုသည်။

ကြံ့ခိုင်ရေးအသင်း နိုင်ငံရေးပါတီအဖြစ် တရားဝင် ပြောင်းလဲသွားမှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦး/ဒေါ် - - - - - က “ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ” ဟု ပြောကြားလိုက်သည်။

သို့သော်လည်း - - - - - - - - - - - - အဖွဲ့မှ ဦး/ဒေါ် - - - - - က ကြံ့ခိုင်ရေးအသင်း နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲမှုကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်သည်။ “ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -” ဟု ပြောလိုက်သည်။

ကြံ့ခိုင်ရေးအသင်းက ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။

ကြံ့ခိုင်ရေးအသင်းကို ၁၉၉၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အောက်ခြေအဖွဲ့ခွဲများအဖြစ် ပြည်နယ်တိုင်း အဆင့် ၁၇ ခု၊ ခရိုင် ၆၆ ခု၊ မြို့နယ်ပေါင်း ၃၂၀ နှင့် ရပ်ကွက်ကျေးရွာများတွင် ဖွဲ့စည်းထားသည်။ လူဦးရေ ၅၈ သန်းရှိသော မြန်မာပြည်တွင် ကြံ့ခိုင်ရေးအသင်းဝင်ပေါင်း ၂၃ သန်းရှိသည်ဟု အသင်းကြီးက ထုတ်ပြန်ကြေညာထားသည်။ …"

ဒီသတင်းက မနေ့ညက ကြေညာသွားတာ မဟုတ်ပါဘူး။ မကြေညာရသေးပါဘူး။ သတင်းဌာနတွေဟာ ဒီလိုပဲ ကြိုတင်ပြင်ဆင်ရပါတယ်။ တကယ်ဖြစ်လာတဲ့အခါ အသင့်ရေးထားပြီးသားကို ချက်ချင်း ထုတ်ပြန်တတ်ကြတာပါ။

၂၀၀၂ ခုနှစ် ဦးနေ၀င်း ကွယ်လွန်တုန်းက နာရီပိုင်းအတွင်းမှာပဲ နိုင်ငံတကာ သတင်းအေဂျင်စီကြီးတွေက သတင်းထုတ်ပြန်ကြတာ မှတ်မိမှာပါ။ ပရင့်အောက်ပြီး ဖတ်လိုက်တော့ ၂ မျက်နှာ ကျော်ပါရောလား။ ဦးနေ၀င်းရဲ့အချက်အလက်တွေကို ကြိုတင်ပြင်ဆင်ထားကြတာ ကြာပါပြီ။ ရန်ကုန်သတင်းထောက်တွေဆီက ဦးနေ၀င်း ဘယ်နေ့ ဘယ်အချိန်မှာ ဘာရောဂါနဲ့ ကွယ်လွန်တယ်ဆိုတဲ့ စာ ၁ကြောင်း ၂ကြောင်း သတင်းပို့ချက်ကို ထိပ်ဆုံးမှာထားပြီး သူတို့ ပြုစုထားတဲ့ အချက်တွေနဲ့ ဆက်လိုက်တော့ သတင်းရှည်ကြီးဖြစ်သွားပြီး ချက်ချင်း ထုတ်ပြန်နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် သတင်းလောက ထုံးစံအတိုင်း ကြံ့ခိုင်ရေးအသင်း သတင်းကို ကြိုတင်ပြင်ဆင်ထားရခြင်း ဖြစ်ပါကြောင်း။

အေးရာအေးကြောင်း တရားသူကြီး

ဟိုး ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး စိုးစံတော်မူတယ်။ ဒီနေ့ခေတ်မှာတော့ နေပြည်တော်မှာ မင်းတြားကြီး သန်းရွှေ စိုးစံတော်မူတယ်။ အေးချမ်းသာယာလွန်းတဲ့အပြင် ခေတ်မီနိုင်ငံတော်ကြီးအိပ်မက်လည်း မက်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လုံးဝ (လုံးဝ၊ လုံးဝ) မရှိ လို့ ဆိုပါတယ်။ ဒါက နေပြည်တော်မှာပါ။

အရှင်လတ်လတ် ရှေးဟောင်းမြို့တော်ဖြစ်သွားတဲ့ ရန်ကုန်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ဟန်တူသူတွေတော့ ရှိပါသတဲ့။ သူတို့ကို ထောင်ချတဲ့အခါ “မင်းတို့ကို ထောင်ဒဏ်ဘယ်လောက်ချလိုက်ပြီဟေ့” လို့ ပြီးစလွယ် ပြောလိုက်ရင် ရပါလျက်ကယ်နဲ့ တရားသူကြီးနဲ့ တရားရုံးနဲ့ ဘာနဲ့ အကျအန တရားစီရင်တယ်လို့ ဆိုတယ်။ ဒီအကျဉ်းသားတွေ ပင်ပန်းမှာစိုးလို့ ရန်ကုန်မြို့ပေါ်က တရားရုံးတွေကို ခေါ်မသွားဘဲ ထောင်ထဲမှာပဲ တရားရုံးတွေ ဖန်တီးထားပါတယ်။ တချက်ခုတ် သုံးလေးချက်မက ပြတ်တဲ့ စီစဉ်ချက်တွေပါပဲ။ အကျဉ်းသားတွေ အချိန်ကုန် သက်သာတယ်၊ ခရီးကျုံ့သွားတယ်၊ မော်တော်ယာဉ် အသုံးမပြုရတော့ ဆီဖိုးမကုန်ဘူး၊ ဓာတ်ဆီမကုန်တော့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာလည်း ကာကွယ်တဲ့သဘော။ သိပ်အကျိုး ရှိပါတယ်။

အားလုံးကောင်းပါသည်ခင်ဗျားလို့ ထင်ရပေမယ့် တရားသူကြီးတွေကတော့ အဲသလို မထင်ဘူးတဲ့ခင်ဗျာ။ တရားသူကြီးတွေဆိုတာ တရားရုံးတွေမှာ ဘုရင် မဟုတ်လား။ အခုတော့ သူ့တရားရုံးမှာ ရုံးမထိုင်ရဘဲ ထောင်ထဲသွားနေရတာ ခရီးဖင့်တယ်၊ ထောင်ထဲက တရားရုံးကိုရောက်ဖို့ တရားသူကြီးတွေကိုယ်တိုင် ဂိတ်သုံးလေးခုကို ဖြတ်နေရတယ်ဆိုတော့ သူတို့ ညည်းကြပါတယ်။ နို့ပေမယ့် စီရင်ချက်တို့ ဘာတို့အတွက်တော့ ခေါင်းမကိုက်ရပါဘူး တဲ့။ ဘယ်လို ဘယ်လို လုပ်လိုက် ဆိုတဲ့ ညွှန်ကြားချက်များ ရပြီးဖြစ်တဲ့အတွက် အလုပ်အကိုင်များက အေးရာအေးကြောင်းပါလို့ တရားသူကြီးတာဝန်ကျတဦးက ဆိုပါတယ်။

ဘာသိဘာသာ တရားသူကြီး

တရက်မှာ တရားသူကြီးက အင်းစိန်ထောင် တရားခွင်မှာ အိပ်ချင်မူးတူး ဖြစ်နေတယ်။ ထုံးစံအတိုင်း သူ့လက်ထဲ ရောက်လာတဲ့ စာရွက်ကို ဖတ်ပြပြီး အကျဉ်းသားကို မေးလိုက်တယ်။

တရားသူကြီး- “ဘာသာနဲ့ သာသနာညှိုးနွမ်းအောင် လုပ်တယ်ဆိုတာ အမှုမှာ ထင်ရှားနေတယ်။ ဘယ်လိုမျိုး ဖြေရှင်းချင်သေးလဲ … ။”

အကျဉ်းသား ၁- “ဘာသာနဲ့ သာသနာကို ညှိုးနွမ်းအောင် ဘယ်လိုမျိုးလုပ်ခဲ့လို့ ဘယ်က သက်သေအထောက်အထားတွေနဲ့ စွပ်စွဲရတာလဲ။ ထောက်ပြပါ …”

အကျဉ်းသား ၂- (အကျဉ်းသား ၁ကို မျက်စောင်းထိုး၍ကြည့်ပြီး) “ အော် ... မင်းကလည်း။ ဘုန်းကြီးကျောင်းတွေကို ၀င်ရိုက်ထားတာဟာ ဘာသာနဲ့ သာသနာကို ညိုးနွမ်းအောင် လုပ်တာပေါ့ … ဟ။ ”

တရားသူကြီးက အိပ်ချင်ပြေသွားတယ်လို့ ဆိုတယ်။ ရယ်လိုက်ရတာ ဖတ်ဖတ်မောလည်း မလုပ်ဖြစ်ဘူး၊ ရုံးတော်ကို စော်ကားမှု ဆိုပြီးလည်း အမှုထပ်မတိုးပါဘူး တဲ့။ စွဲထားတဲ့အမှုတွေက လေးငါးခု မကဘူး သိပ်များနေပြီတဲ့ တရားသူကြီးက အိမ်ရောက်တော့ ပြန်ပြောပြပါတယ်။

အဲဒီ အကျဉ်းသား ၂ ယောက်က ဘယ်သူတွေလဲ ဆိုတာကို ပဟေဠိ ထုတ်လိုက်ပါရဲ့။

(စာမရေးတာကြာပါပြီ။ အခုမှပဲ ရေးဖြစ်ပါတယ်။ သတင်းပို့ပေးသူများကို အဝေးကြည့်မှန်ပြောင်းက ကျေးဇူးတင်ပါတယ်။)

Thursday, June 5, 2008

မည်သည့်နိုင်ငံတကာအကူအညီမှ ပြည်သူတို့ထံသို့မရောက်

မည်သည့်နိုင်ငံတကာအကူအညီမှ ပြည်သူတို့ထံသို့မရောက်
စစ်အစိုးရ ပျက်ကွက်မှုလား၊ နိုင်ငံတကာအဖွဲ့များ ဘာလဲ ဘယ်လဲ

မိုးမခ

ဇွန် ၅၊ ၂၀၀၈

ဇာဂနာကို စစ်အစိုးရက မေးမြန်းစရာရှိလို့ဆိုပြီး မနေ့ညက ခေါ်ဆောင်သွားပါတယ်။ အဲဒီမတိုင်ခင်က ကိုဇာဂနာက ပြည်ပ သတင်းဌာနတွေကို ထုတ်ဖော်ပြောဆိုရာမှာ စစ်အစိုးရကတဆင့်သွားတဲ့ နိုင်ငံတကာရဲ့ တရားဝင်အကူအညီတွေ ပြည်သူတွေထံကို မရောက်ဘူးလို့ ပြောသွားပါတယ်။ အဲဒီကိစ္စအတွက် သူ တော်တော်ခံစားရပုံ ရှိပါတယ်။

အဲသည်မတိုင်ခင်မှာ ကိုဇာဂနာတို့ စေတနာရှင်အစုအဖွဲ့တွေအနေနဲ့ ကယ်ဆယ်ရေး၊ ကူညီရေး၊ စောင့်ရှောက်ရေး၊ ကျန်းမာရေးတွေအပြင် ပြန်လည်ထူထောင်ရေးတွေအထိပါ စဉ်းစားပြီး ဆောင်ရွက်နေတဲ့အကြောင်းကို ပြည်ပစာနယ်ဇင်းများကတဆင့် ပရိသတ်က သိရှိနေကြရပြီ ဖြစ်ပါတယ်။

ဖမ်းဆီးခြင်း မခံရမီ မိတ်ဆွေများကို ပြောကြားခဲ့ရာမှာ ပထမတချက်က

"UNDP ကို ကျနော်တို့က လပ္ပတ္တာ အရှေ့ခြမ်း သွားချင်လို့ အကူအညီတောင်းတာ နိုင်ငံရေး နဲ့ မပတ်သက်ချင်လို့ ပါလို့ ပြန်ပြောတယ်။ လုပ်အားပေး စေတနာရှင်တွေလည်း အဲလိုသိရတော့ တအား စိတ်ဆိုးကြတယ်။ ဒီကောင်တွေက အစိုးရ မျက်နှာညိုမှာ တယ်ကြောက်ကြတာကိုး။ သူတို့တွေကြောင့်ခက်နေတာ …" လို့ ပြောခဲ့ပါတယ်။

 (ရာဇ၀င်များရဲ့ သတို့သမီး၊ကာတွန်း ကိုပေါ၊မေ ၂၄၊ ၂၀၀၈)

ဒုတိယ တချက်ကတော့ အစိုးရဆီကို အပ်ထားတဲ့ နိုင်ငံတကာက အကူအညီတွေ ဒုက္ခသည် ပြည်သူတွေဆီကို မရောက်ဘူး။ ကိုယ်ထူကိုယ်ထနဲ့ မြန်မာ လုပ်အားပေးတွေ၊ စေတနာရှင်တွေက ရှာဖွေစုဆောင်း ဆောင်ရွက်နေရတယ်။ တခေါက် တခေါက် ဆင်းရင် အနည်းဆုံး သိန်း ၇၀ ရှိတယ်။ မရတော့လည်း ရတာနဲ့ လုပ်ကြရမှာပဲ။ ဒီပုံစံနဲ့ ရေရှည် လုပ်ကိုင်သွားရင် မလွယ်ဘူး။ နိုင်ငံတကာရဲ့ တိုက်ရိုက်အကူအညီတွေ အများကြီး လိုတယ် လို့ သူ့သဘောထားကို ထုတ်ပြောသွားပါတယ်။

တတိယ အချက်ကတော့ လက်တွေ့ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက် အကူအညီ စသည်တို့ကို စာရေးပြီးတော့ ယူအင်အဖွဲ့အစည်းကြီးဆီကို တင်ပြဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းက ဌာနေ ယူအင်အဖွဲ့တခုကတဆင့် ပေးပို့ခဲ့ပေမဲ့၊ ကိုဇာဂနာရေးတဲ့စာ "ပျောက်" သွားခဲ့ပါတယ်တဲ့။ အဲသည်လို စာတင်တာဟာ နိုင်ငံရေးလုပ်တာဖြစ်လို့ မဆောင်ရွက်ပေးလိုဘူးလို့ ငြင်းလိုက်တယ်လို့ ကိုဇာဂနာက မိတ်ဆွေတွေကို ပြန်ပြောခဲ့ပါတယ်။ ကိုဇာဂနာက အခု ကျနော် နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ လူ့အသက်တွေ လိုက်ကယ်နေတာ။ ကယ်ဆယ်ရေးတွေ လုပ်နေတာလို့ ပြန်ပြောခဲ့တယ်။ အဲသည်အတွက် အတော်ကို စိတ်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

 (Cartoon Beruma - Save the Generals first and they will save Burma ( later ...) !!,
May 18th 2008)

အဲဒီအဖြစ်တွေအပြီး နောက်တနေ့မှာ စစ်အုပ်စုက သူ့အိမ်မှာ လာရောက်ဆွေးနွေးခဲ့ပြီး ညနေ အစောပိုင်းကတည်း ဆွေးနွေးနေခဲ့ကြရာမှာ ညဥ့်နက်ပိုင်း အသံလွှင့်ဌာနတွေဆီက ဖုံးတွေ ၀င်လာချိန်မှာတော့ စစ်အုပ်စုက သူ့ကို အင်္ကျီအ၀တ်အစားအနည်းငယ်ယူပြီး လိုက်ခဲ့ဖို့ ခေါ်ဆောင်သွားတော့တာပဲ ဖြစ်ပါတယ်။

ကိုဇာဂနာကို ဖမ်းဆီးချိန်မှာ သူ့လုပ်အားပေး စေတနာရှင်တချို့ ဧရာဝတီကို ဆင်းသွားပြီး ဖြစ်ပါတယ်။ တချို့ကတော့ စစ်အစိုးရ စေခိုင်းတဲ့ လေဘေးရန်ပုံငွေ ရုပ်ရှင်ရိုက်ဖို့ မေမြို့ကို တက်သွားကြပြီ ဖြစ်ပါတယ်။

ကိုဇာဂနာ ပြောသလို ဒုက္ခသည် ပြည်သူတွေခင်မျာ တကယ်ကို ထိရောက်တဲ့ နိုင်ငံတကာက အကူအညီနဲ့ နိုင်ငံတော်အကူအညီ မရလို့ လမ်းပေါ်ထွက်ပြီး အလှူရှင်မျှော်နေရတာလား ဆိုတာကို လွန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေက ပြန်တက်လာတဲ့ စေတနာရှင်လုပ်အားပေးအဖွဲ့တွေရဲ့ မှတ်တမ်းအရ ကွဲကွဲပြားပြား မိုးမခအနေနဲ့ ကောက်ချက်ဆွဲပေးလို့ ရပါတယ်။

သူတို့တတွေ ဆင်းသွားတဲ့ မြို့က ဖျာပုံဖြစ်ပါတယ်။ မြို့ပေါ်မှာ ဒုက္ခသည်တွေကို ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ ကူညီချင်သူတွေအနေနဲ့ မကယ - မြို့နယ်အာဏာပိုင်တွေဆီမှာ အကူအညီပစ္စည်းတွေ ထားခဲ့လို့ရတယ်။ သူတို့တွေ တဆင့်ဆောင်ရွက်ပေးမယ်လို့ ပြောလာပေမယ့် စေတနာရှင် လုပ်အားပေးအဖွဲ့က နားမယောင်ခဲ့ပါဘူး။ သူတို့ ခရီးဆက်လာချိန်မှာ ကျိုက်လတ်နဲ့ မအူပင်ဖက်မှာ ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းတွေကို တွေ့ကြပြီး၊ ပါလာတဲ့ အိုးတွေ၊ ဆန်တွေ၊ ဓာတ်မီးတွေ နဲ့ အစားအသောက်တွေ လှူဖြစ်ကြပါတယ်။ အဲဒီဒုက္ခသည်တွေဟာ နောက်နေ့ဆိုရင် ရွာပျက်တွေဆီ ပြန်ဖို့ အာဏာပိုင်တွေက အမိန့်ပေးခံထားရတဲ့ သူတွေ၊ မိသားစုတွေပါ။

မေးတဲ့ မေးခွန်းက တခုတည်းပါပဲ။ နိုင်ငံတကာက အကူအညီတွေ ရရှိကြသလား။ မရပါဘူး။ ကြားတောင် မကြားဘူးပါဘူး။ ချောကလက်လည်း မကြားဖူးဘူး။ လုပ်အားပေးစေတနာရှင်တွေ ပေးတဲ့ ချိုချဉ်တွေကို ကလေးတွေက ၀မ်းသာအားရ စုပ်နေကြရတာ တွေ့ရပါတယ်။

အပျိုအရွယ် မိန်းကလေးတွေက စေတနာရှင်တွေဆီက လုံခြည်တို့၊ ဘောင်းဘီတို့ တောင်းပါတယ်။ မုန်တိုင်းအပြီးမှာ ယောင်္ကျားတွေက ပုဆိုးတွေကို မိန်းမတွေကိုပေး၊ ဘုန်းကြီးတွေက သင်္ကန်းတွေကို စုတ်ဖြဲပြီး ယောင်္ကျားတွေ၊ ကလေးတွေ ၀တ်ဖို့၊ ခြုံဖို့ပေးကြရလို့ အ၀တ်အစား မလောက်ငှပါဘူး။ ဘုန်းကြီးတွေမှာ သင်္ကန်းတောင် ကောင်းကောင်း ရုံစရာ မရှိပါဘူး။ မိဘမဲ့တဲ့ ကလေးတွေဟာ လမ်းပေါ်မှာ အဖေ၊ အမေ တစာစာ အော်ပြီး ရှာနေချိန်မှာ ကလေးတွေရဲ့ မျက်လုံးတွေကို တခြားက ဧည့်သည်တွေအဖို့ တည့်တည့်ကြည့်ရဲဖို့ သတ္တိမရှိနိုင်ကြဖူးလို့ သူတို့က မိုးမခကို အကြောင်းကြားကြပါတယ်။

ရတဲ့ ပိုက်ဆံတွေကို ဘုန်းကြီးတွေက ခွဲဝေလို့ အနီးအပါးက အိမ်တွေ အမိုးမိုးဖို့ ပေးရပါတယ်။ တအိမ်ကို မြန်မာကျပ်ငွေ ၅၀၀၀ လောက်ရကြပါတယ်တဲ့။ အဲဒီ ဘုန်းကြီးကျောင်းမှာ စာရင်းအရ ဒုက္ခသည် ၁၀၀၀ ကျော်ပါတယ်။ နိုင်ငံတကာက အကူအညီ၊ နိုင်ငံတော်က အကူအညီ ဘာမှ မရှိပါခင်ဗျား။

အဲဒီက အခုဓာတ်ပုံထဲမှာ ပါတဲ့ အပြာရောင် အမိုးအကာနဲ့ ယာယီ ဂိုဒေါင်တွေထဲမှာ စစ်အစိုးရက အဆင့်ဆင့် လက်ဆင့်ကမ်း ဖြန့်ချိတဲ့ လေဘေးအကူအညီတွေ အပုံလိုက်ရှိနေပါတယ်။ ဆန်တွေက မိုးသင့်လို့ အစိုပြန်ပြီး အောက်စော်တွေ နံလို့၊ သောက်မိရင် ချောင်းဆိုးတာသာ အဖတ်တင်မယ့် ဗီးဗီးအချိုရည်တွေကလည်း ရက်လွန်ပြီး အနံဆိုးတွေ ထွက်လို့၊ အဲဒီ ဂိုဒေါင်က အနံဆိုးကြီးက အစိုးရအကူအညီတွေ ဘာဖြစ်ကုန်ပြီလဲဆိုတာကို သက်သေ တကြော်ကြော် လိုက်နေတော့တာပါပဲ။

နိုင်ငံတကာက အကူအညီတွေဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ထိထိရောက်ရောက် မရောက်ပါဘူး။ စစ်အစိုးရ ပျက်ကွက်မှုလား၊ အထက်က အောက်ကို အဆင့်ဆင့် ပျက်စီးနေတာကြောင့်လား။ နိုင်ငံတကာက၊ ကုလက ပြည်တွင်းမှာ ရောက်ရှိဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက စိစစ် စုံစမ်းမှုတွေ မလုပ်နိုင်ကြလို့လား။ ကိုဇာဂနာပြောသလို နိုင်ငံရေး ပုဒ်မကို ကြောက်နေတာလား။ သူပြောခဲ့တာလေးနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်ပါမယ်။

အခု ကျနော်လုပ်နေတာ နိုင်ငံရေး မဟုတ်ပါ။ လူ့အသက် ကယ်နေတာ။ ကယ်ဆယ်ရေး လုပ်နေတာပါ။

မိတ်ဆွေတို့ကော ဘာလုပ်နေလဲ။ ဘာလဲ။ ဘယ်လဲ။