Sunday, December 30, 2007

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ညွှန်း အမှတ်(၂)

အချိန်။၁၉၃၃ ခုနှစ် စက်တင်ဘာ လ တနင်္လာနေ့ ညနေ ၃ နာရီ
နေရာ။တက္ကသိုလ် သမဂ္ဂရှေ့ နှင့် ပုဂံဆောင်
သရုပ်ဆောင်။သိန်းဖေ ကျော်ငြိမ်း အောင်ဆန်း သီဟန် ကိုအုန်း သခင်ဗစိန်နှင့် အခြားကျောင်းသားများ

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ ကို ပြရန်
ထိုမှတစ်ဆင့် ရန်ကုန်တက္ကသိုလ် အဓိပတိ လမ်း အတိုင်း trolly ဖြင့်ပြရန်
ကျောင်းသားကျောင်းသူများဖြတ်သွားဖြတ်လာ ရှိစေ၇န်
ရန်ကုန်တက္ကသိုလ် သမဂ္ဂဘက်သို့ ကင်မရာ pan
သမဂ္ဂ ၀င်းအတွင်းမှ ထွက်လာသော ကျော်ငြိမ်း နှင့် သိန်းဖေ(လက်ထဲတွင် ဖိုင်တွဲတစ်တွဲ ကိုင်ထားစေ)
ကျော်ငြိမ်း။ဒါပြီးရင် ဘယ်သွားမှာလဲ
သိန်းဖေ။ပုဂံဆောင်လေ
ကျော်ငြိမ်း။ငါမလိုက်တော့ဖူးကွာ ကိုအောင်ဆန်းတို့ ကိုသီဟန် တို့ကို ခေါ်သွား
အောင်ဆန်းနှင့် သီဟန် နောက်မှဖြေးဖြေးချင်းလျောက်လာ။အောင်ဆန်း ချိုင်းကြားမှာ အိမ်တော်ရာ ထီး ညှပ်ထား
သီဟန်။ကိုသိန်းဖေ လုပ်တာ နေရာကျပါ့မလား
အောင်။ဘာကိုလဲ
သီဟန်။တွဲရေး ခွဲရေးကိစ္စမှာ ကျုပ်တို့တက္ကသိုလ်ကျောင်းသားတွေက ခွဲရေးဖက်က ထောက် ခံမယ် ဆိုတာလေ
အောင်။အေးလေ
သီဟန်။တွဲရေးကနိုင်သွားပြီပဲ
အောင်။ခုဟာက အယူခံလွှာလေ ဗမာပြည်ကို အိန္ဒိယ ကနေ ခွဲ ဖို့လိုတယ် ဆိုတဲ့အကြောင်း ဘိလပ်က အတွင်းဝန်ဆီပို့မှာ
သူ အဲဒါ လက်မှတ်လိုက်ထိုးခိုင်းနေတာပဲလေ မင်းမကြိုက်ရင် မထိုးနဲ့ပေါ့ ဘာရှုတ်စရာ ရှိလဲ
တံခါးဝမှာ ရပ်စောင့်နေကြသော ကျော်ငြိမ်း နှင့် သိန်းဖေ
အောင်ဆန်းတို့ကို ကြည့်နေ
ကျော်ငြိမ်း သိန်းဖေ အမြင်ဖြင့် စကားပြောရင်းလမ်းလျောက်လာကြသော အောင်ဆန်း သီဟန်
ကျော်ငြိမ်း။ကဲ ဟေ့လူတွေ သိန်းဖေ နဲ့ပုဂံဆောင် ဘယ်သူလိုက်မလဲ ကျုပ်တော့ ချိန်းထားတာ တစ်ခု ရှိလို့ နေခဲ့မယ်
သီဟန်။ကျုပ်လဲမအားဖူး
အောင်ဆန်း။ခင်ဗျားတစ်ယောက်ထဲ မသွားရဲဖူးဆိုရင် ကျုပ်လိုက်ခဲ့ပေးမယ် ကျုပ်သဘောကတော့ မလိုက်ချင်ဖူး
သိန်းဖေ။နေခဲ့ပါကွာ ငါတစ်ယောက်ထဲ မသွားရဲဖူးလို့ ဖြစ်နေပါဦးမယ်
ကျော်ငြိမ်း။အဲဒါအောင်ဆန်းပဲလေ
အောင်ဆန်း မပြုံးမရယ် တည်တည်ကြီးကြည့်နေ။သက်ပြင်းတစ်ချက်ချပြီးလှည့်ထွက်သွား။
camera high angle မှပြရန်
သိန်းဖေ ဖိုင်တွဲ ပိုက်ကာ မော်တော်ကားလမ်းကိုဖြတ်သွား။ကျန်သူများ ကျောင်းဝင်းအတွင်းသို့ဝင်သွားကြပုံ
ပုဂံဆောင်ရှေ့
သိန်းဖေ ရောက်လာ
ကျောင်းသားနှစ်ယောက်နှင့်ရပ်စကားပြော
ပြတင်းပေါက်ခန်းစီးတစ်ခုပွင့်သွား။
အတွင်းမှလူကိုထင်ထင်ရှားရှားပြရန်မလိုပါ။
ခန်းစီးဖွင့်လိုက်သူ ၏လက် Foreground ဖြင့် သိန်းဖေ နှင့် ကျောင်းသားနှစ်ဦး ရပ်ပြီး စကားပြောနေပုံ။
ခန်းစီးကိုပြန်ချလိုက်ပုံ
မြင်ကွင်းပိတ်သွား။
သိန်းဖေ။အဲဒီတော့ ခွဲရေးဖက်ကနေ ကျောင်းသားတွေထောက်ခံ ကြဖို့နဲ့ထောက်ခံတဲ့ကျောင်းသားတွေ ဟောဒီဖိုင်ထဲမှာ လက်မှတ်ထိုးပေးကြပါ။
ကျောင်းသား(၁)။ဝါဒါက ပြသနာ လာရှာရင်ကော
လူတစ်ယောက်လှေကားထောင့်အကွယ်ကနေ ထွက်လာ။ရေသောက်သလို လုပ်ရင်း သိန်းဖေ တို့ဆီ နားစွင့်။
သိန်းဖေ။အမှန်အတိုင်းပြောလိုက်ပေါ့ ဒါ သူပုန် ထ တာမှ မဟုတ်ပဲ
ကျောင်းသား(၂)။သူတို့နိုင်ငံ့ရေးသမားတွေက ခွဲရေး တွဲရေးကို ဆုံးဖြတ်ပြီးနေကြပြီပဲ။
သိန်းဖေ။ဟုတ်တယ် ကျွန်တော် တို့ ကျောင်းသားတွေကလဲ ကိုယ့်ဆန္ဒကို ထုတ်ပြဖို့လိုတာပဲ မဟုတ်လား ခင်ဗျားကို ဇွတ်အတင်း လက်မှတ်ထိုးခိုင်းနေတာ မဟုတ်ဖူးနော် ခင်ဗျား သံသယ ရှိရင် မထိုးပါနဲ့ ကဲ ကျွန်တော် သွားမယ် နက်ဖန်မနက် ဆုံကြတာပေါ့
ရေသောက်နေသူသည် ထိုရေခွက်ဖြင့်ပင် မျက်နှာသစ်လိုက်ပြီး လှမ်းမော့ကြည့်လိုက်
ကျောင်းခြံစည်းရိုးအပြင်မှ သတင်းစာဖတ်နေသူပြန်ကြည့်
သိန်းဖေ ထွက်လာ
ကျောင်းဆောင် အထွက်တံခါးနားသို့ရောက်လာ။
သတင်းစာဖတ်နေသူ၏ရှေ့မှအဖြတ်
သတင်းစာဖတ်သူ။(သတင်းစာနှင့်မျက်နှာကို ကွယ်ထားပြီးပြော)ကိုသိန်းဖေ
သိန်းဖေ တုန့်ကနဲရပ်သွား
သတင်းစာဖတ်သူ။(သတင်းစာနှင့်မျက်နှာကိုကွယ်လျက်ပြော)ကိုအုန်းရဲ့အခန်းကိုခုသွားလိုက်ပါ
သိန်းဖေ။ဘာဖြစ်လို့လဲ
သတင်းစာဖတ်သူ။(သတင်းစာနှင့်မျက်နှာကိုကွယ်လျက်ပြော)ကျုပ်ပြောတဲ့အတိုင်းလုပ်ပါ
သိန်းဖေ ပုခုံးတစ်ချက်တွန့်ပြီးနောက်ပြန်လှဲ့
High angle မှပြရန်
ကျောင်းစည်းရိုးတံခါးကို ဖြတ်ပြီးအဆောင်တွင်းသို့ဝင်သွားသော သိန်းဖေ။
အဆောင်ကော်ရစ်ဒါတစ်လျောက် လျောက်လာသော သိန်းဖေ
အခန်းတစ်ခန်းရှေ့တွင်ရပ်လိုက်
တံခါးခေါက်
(ဒေါက် ဒေါက် ဒေါက်)
(တံခါးခေါက်သံကို သိန်းဖေ ၏မျက်နှာပေါ်တွင်ပေးထားရန်)
(အတွင်းမှ ထွက်လာသောအသံ)၀င်ခဲ့ပါ
သိန်းဖေ မျက်ခုံးတစ်ချက်ပင့် တံခါးကို အသာ တွန်းဖွင့်ကာ ၀င်သွား
တံခါးဝမှာရပ်နေသော သိန်းဖေ
(အသံချည်းသာထွက်ပေါ်လာ)တံခါးပိတ်လိုက်ပါ
သိန်းဖေ တံခါးပိတ်လိုက်
(အသံပဲထွက်လာ)ပြီးရင် ဒီမှာလာထိုင်ပါဦး
သိန်းဖေ ရှေ့သို့လျောက်လာ ထိုင်ခုံအလွတ်မှာ ထိုင်လိုက်
(အသံရှင်)ချောင်းတစ်ချက်ဟန့်လိုက်ပြီးပြော။မောင်ရင့်နံမယ် က သိန်းဖေ နော်
သိန်းဖေ။ဟုတ်ကဲ့
(အသံရှင်)။မောင်ရင်တို့ကျောင်းသားသမဂ္ဂ က လူတွေက နိုင်ငံရေး စိတ်ဝင်စားတာ အံ့စရာပဲ သမဂ္ဂအမှုဆောင်တွေဆိုရင် အင်္ဂလိပ် အလိုတော်ရိ
တွေချည်းပဲ မဟုတ်လား
သိန်းဖေ။(ဟက်ဟက်ပက်ပက်ပြုံးလိုက်ပြီး)ဟုတ်ပါတယ် သခင်ဗစိန် ကျွန်တော် တို့အုပ်စုကလွဲရင်ပေါ့
အသံရှင်(ဗစိန်)။ဟဲဟဲ ကိုယ့်လူကပါးရည်နပ်ရည်ရှိသားပဲ
ပြောပြောဆိုဆို သခင်ဗစိန် အခန်းတွင်းမှထွက်လာ
သိန်းဖေ လိုက်ကြည့်နေ
သခင်ဗစိန် ထိုင်ခုံမှာ မထိုင်ပဲ လမ်းဆက်လျောက်ရင်းစကားပြော။ပြတင်းပေါက်နားထိသွား။သိန်းဖေ ကိုကျောခိုင်းထားရင်းနှင့်ပြောနေ။
ဗစိန်။အိန္ဒိယ ကနေ ဗမာပြည်ကို ခွဲ ထုတ်လိုက်ဖို့ အင်္ဂလိပ်တွေ က ကို လိုလားနေတာ ဆိုရင် မောင်ရင်ယုံမလား
(သိန်းဖေ ဇဝေဇ၀ါ ဖြစ်သွားပုံ)
ဗစိန်။အိန္ဒိယ စီးပွားရေးသမားတွေက အင်္ဂလိပ်စီးပွားရေးသမားတွေနဲ့ပခုံးချင်းယှဉ်နေကြပြီ ကွ။ဒိတော့ တို့တိုင်းပြည်ကို အင်္ဂလိပ်သက်သက် ခြယ်လှယ်ချင်တော့ ခွဲခိုင်းတာပေါ့ ဒါ ပထမအချက် နောက်အချက်က အိန္ဒိယ နဲ့ ဗမာပြည် ဟာ အင်္ဂလိပ်လက်အောက်မှာ တလုံးတစည်းထဲနေမှအင်္ဂလိပ်လက်အောက်ကနေ ပြိုင်တူလွတ်လပ်ကြမှာပေါ့ အဲဒီအခါကျမှ အိန္ဒိယ သတ်သတ် ဗမာ သတ်သတ် လွတ်လပ်ရေး ရကြရမှာပေါ့ မဟုတ်ဖူးလား။
(အထက်ပါ စကားပြောနေစဉ်တွင် ကို အုန်း အခန်းတွင်းသို့ဝင်လာကာ တိုက်ပုံကို တိုင်မှာချိတ်။ထိုင်ခုံမှာဝင်ထိုင်)
သိန်းဖေ တွေတွေ ကြီး စဉ်းစားနေ
ဗစိန်။ကျောင်းသားတွေ နိုင်ငံရေးမှာ စိတ်ပါလာ ကြတာကို ၀မ်းသာပါတယ် ကြိုလဲ ကြိုဆိုပါတယ် ဒါပေမဲ့ စဉ်းစဉ်းစားစားတော့လုပ်ကြပါ
လိုအပ်ရင် တို့ဆီအချိန်မရွေးလာခဲ့ကြပါ သတိတော့ရှိကြပါ
ကိုအုန်း။ကဲ အဆောင်ဝင်နောက်ကျနေဦးမယ် မောင်သိန်းဖေ ပြန်တော့
သိန်းဖေ မပြန်ချင်သလိုလိုဖြင့် ခတ်လေးလေး ထိုင်ရာမှထ
သခင်ဗစိန် အနားသို့လာပြီးလက်ဆွဲနှုတ်ဆက်
ကိုအုန်း။ကိုနုလဲ ကျောင်းပြန်လာတက်မယ် ကြားတယ်
သိန်းဖေ။ဟုတ်ကဲ့
ကိုအုန်း။သူရောက်လာရင် ဒီကိုခေါ်ခဲ့ကြပါဦး
သိန်းဖေ ခေါင်းညှိတ်ပြကာ လှည့်ထွက်။
သခင်ဗစိန် ပြတင်းပေါက်ကနေ အပြင်သို့ငေးနေ
ပြတင်းမှဝင်လာသော နေရောင်ဖျော့ က သခင်ဗစိန်၏၀ဲဖက်ပါးကို ထိနေ။
ခတ်လေးလေး လမ်းလျောက်ထွက်သွားသောသိန်းဖေ(ကျောဖက်မှသာပြရန်)
ဗစိန်။သူတို့အစုလေးက ဘယ်သူတွေတုန်း
ကိုအုန်း။သိန်းဖေ ကျော်ငြိမ်း အောင်ဆန်း သီဟန် ကိုနု အဲ ကိုနုကတော့ နယ်မှာ မိန်းမရနေပြီလို့ကြားတယ် ခုတော့ ကျောင်းပြန်လာတက်လိမ့်မယ်လို့ပြောတာပဲ
ဗစိန်။ကျုပ် သူတို့အစုနဲ့တွေ့ချင်တယ်။

2 comments:

TTT said...

very interesting, which person will act as General Aung San?

မောင်တင်ယု said...

ဗိုလ်ခူပ်အောင်ဆန်းအကြောင်းကိုတကယ်ကို ရုပ်ရှင်ဇတ်ကားကြီးဖြစ်ရိုက်မယ်ဆိုပြီးရေးမှာလား
သို့ တည်းမဟုတ်အခန်းဆက်တွဲအနေနဲ့ ဘလောက်ပေါ်မှာ ရေးဖို့ လားဆိုတာကိုသိချင်ပါတယ်၊
ရုပ်ရှင်ဇတ်ကားအဖြစ်ရိုက်ဖို့ ရည်ရွယ်ချက်ရှိရင်
ကျွန်တော်တို့ ပါဝင်ကူညီချင်လို့ ပါ၊