Tuesday, June 17, 2008

အနုပညာရှင် ဇာဂနာ၊ အယ်ဒီတာ ဇော်သက်ထွေးတို့ကို ဖမ်းဆီးပြီးနောက်ပိုင်း ကယ်ဆယ်ရေး စေတနာရှင်များကို စစ်အစိုးရက လိုက်လံ ဖမ်းဆီး၊ နှောက်ယှက်နေဆဲ

အနုပညာရှင် ဇာဂနာ၊ အယ်ဒီတာ ဇော်သက်ထွေးတို့ကို ဖမ်းဆီးပြီးနောက်ပိုင်း ကယ်ဆယ်ရေး စေတနာရှင်များကို စစ်အစိုးရက လိုက်လံ ဖမ်းဆီး၊ နှောက်ယှက်နေဆဲ - (မိုးမခ) - ဇွန် ၁ရ၊ ၂၀၀၈

၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ အဲင်အယ်ဒီ လူငယ်များနှင့် စာနယ်ဇင်းသမားများ၏ နာဂစ်လေဘေး ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကပစ်မှတ်ထားပြီး လိုက်လံနှောက်ယှက်လျက်ရှိသည်ဟု ဆိုသည်။ စေတနာရှင်လုပ်အားပေးများ၊ ထောက်ပံ့သူများကိုလည်း အလှူငွေများ၏ ဇစ်မြစ်ကို စုံစမ်းခြင်း၊ စာရင်းကောက်ယူခြင်းများ ပြုလုပ်နေသည်။

စာနယ်ဇင်းသမားတဦးက ထင်မြင်ချက်ပြောကြားရာတွင် - အိမ်တွေ ရုံးတွေမှာ လိုက်မေး၊ ပြီးတော့ ခေါ်ပြီး စစ်ဆေး၊ အဲဒါမျိုးတွေ လုပ်လာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာနှောင့်နှေးကုန်တာပေါ့။ တချို့ကလည်း ခရီးလွန်ပြီး မလာနိုင်တော့တဲ့အခါ ရှောင်နေသလိုလို သတင်းတွေ၊ ကောလဟာလတွေ ဖြစ်ကုန်ပြီး စိုးရိမ်စိတ်တွေ ပိုများ၊ မိသားစုတွေမှာ ပူပန်သောကတွေဖြစ် အဲဒါမျိုးတွေ လူမှုဒုက္ခအပြင် စိတ်ဒုက္ခတွေပါ ဖန်တီးနေတာ - ဟု ဆိုသည်။

ဂျာနယ်တိုက်တွေကိုလည်း ၀င်ရောက် ရှာဖွေမည်၊ စုံစမ်းစစ်ဆေးမည် စသည့်သတင်းများ ထွက်နေသဖြင့် တိုက်ပိုင်များ၊ အယ်ဒီတာချုပ်များက ၀န်ထမ်းများကို လေဘေးသတင်းလိုက်ရာတွင် စစ်အစိုးရကို မငြိုငြင်မိစေရန် ဖိအားပေးလာကြသည် ဆိုသည်။

စေတနာဝန်ထမ်း ကယ်ဆယ်ရေး အလှူရှင်ကားများကို မြစ်ဝကျွန်းပေါ်ခရီးလမ်းတလျောက်တွင် လုံထိန်းများက တားပြီး စစ်ဆေးလျက်ရှိသည်။ ကားပေါ်အထိတက်ပြီး မှတ်ပုံတင်စစ်၊ စာရင်းကောက်ရုံသာမက အလှူပစ္စည်းများကိုပါ လိုက်လံစစ်ဆေးနေသည်။ ထိုမှတ်တမ်းများအပြင် လှိုင်သာယာမြို့အထွက် စစ်ဆေးရေးဂိတ်နားတ၀ိုက် စစ်တပ်က ဒုက္ခသည်များကို အဓမ္မချွေးတပ်ဆွဲပြီး လုပ်အားပေးခိုင်းနေသည်တို့ကို သတင်းထောက်များက ဓာတ်ပုံများ ရိုက်ထားသည်ကို တွေ့ရသည်။

1 comment:

Yahtay said...

I am praying for Ko Zaganar and Ko Zaw Thet Htwe. I strongly believe that they are saving people’s lives. They had to do volunteer since people need help desperately. They should not be arrested at all for helping people. All the best wishes for Ko Zaganar and Ko Zaw Thet Htwe!

Ya