Tuesday, May 20, 2008

မိုးမခနဲ့ စကားလက်ဆုံ - ဇာဂနာ - (လေဘေး ဒုက္ခသည်တွေက ဘန်ကီမွန်းကို မျှော်နေသလား)

Make Shift Tents for Burmese Refugee setup by the Burmese volunteer led by Burmese Artists

မိုးမခနဲ့ စကားလက်ဆုံ - ဇာဂနာ
(လေဘေး ဒုက္ခသည်တွေက ဘန်ကီမွန်းကို မျှော်နေသလား)

မိုးမခ
မေ ၂၀၊ ၂၀၀၈

မေး - ဟောဗျာ။ ညဖက် မိုးချုပ်နေပြီပဲ။ ဘာတွေ အလုပ်များနေတာပါလိမ့်။

ဖြေ - နေ့ရော၊ ညရော မအားရပါဘူးဗျာ။ အခု ကျနော်တို့ ပစ္စည်းတွေ … ကယ်ဆယ်ရေးပစ္စည်းတွေ ကားပေါ်တင်နေတယ်။

မေး - အခုက ဘယ်နေရာမှာလဲ။

ဖြေ - ဘုန်းဘုန်းတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ။ ဒိုင်နာ ၈ စင်း အပြည့် ဖြည့်နေတယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေပေါ့ဗျာ။

မေး - ဘယ်ကို ချီတက်မှာလဲ။ ဘယ်လောက်ထိ သွားနိုင်ပြီလဲ။

ဖြေ - ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ။ ဖျာပုံကနေ ကားကိုမောင်း ပြီးရင်တော့ ရေလမ်းက စက်လှေတွေနဲ့ ခွဲဝေပြီး ၀င်ကြရမယ်။

မေး - ကားလမ်းတလျောက်မှာကော။ အဆင်ပြေနေကြပြီလား။

ဖြေ - မပြေပါဘူုးဗျာ။ လမ်းဘေး တောက်လျောက်မှာ ဒုက္ခသည်တွေက ကားလမ်းအထိကို ထွက်ပြီင်္း အကူအညီတောင်းနေကြတယ်။ မိုးရေထဲမှာတောင် ရပ်ပြီးတော့ပေါ့။ ကျနော်တို့က လောလောဆယ် သူတို့ကို ကျော်ဖြတ်ပြီးတော့ ဝေးတဲ့ဒေသ၊ ရေလမ်းက ပေါက်တဲ့ နေရာတွေကို ၀င်နေရတာလေ။

မေး - ဒုက္ခသည် စခန်းတွေ ဖွင့်လှစ်ပေးထားတယ် ဆိုတာကကော။

ဖြေ - ဒီလောက်နဲ့ မလုံလောက်ဘူး။ အများကြီး လိုနေတယ်။ အများကြီး။ စက်လှေနဲ့ ၀င်သွားရတဲ့ ရွာတွေဆိုတာ ကယ်ဆယ်ရေးတို့၊ ဘာတို့ မကြားဘူးဖူး။ ဒီလိုပဲ စမ်းတ၀ါးဝါးနဲ့ အသက်ရှင်နေကြတာ။ မငေးဒိုင်နယ်၊ အိမ်ခြေ ၁၀၀၀၊ ၇၀၀ ပျက်၊ လူ ၂၀၀ သေ၊ ပျောက် ၃၀၀။ စားမစရာ မရှိဘူး။ ၀တ်စရာ မရှိဘူး။ ဒါမျိုးရွာပေါင်း ၁၀၀ ကျော်တယ်။

Zarganar received donation from concerned public at Pegu

မေး - ကယ်နေတဲ့ လှူနေတဲ့ ပုံတွေကတော့ အများကြီး တွေ့နေရတာပဲ။

ဖြေ - ဒါက ကယ်ဆယ်ရေး လက်လှမ်းမီတဲ့ နေရာတွေကိုး။ တောကို တိုးသလို ဆက်တိုးဦး၊ ဆက်သွားဦး။ အများကြီး ကျန်သေးတယ်။ အဲဒါကို စာနယ်ဇင်း ပညာတတ်ကြီးတချို့က ဒီလိုကူနေ ကယ်နေရင် ရေသာခို အချောင်သမား စိတ်ဓာတ်တွေ ၀င်ပြီး တိုင်းပြည်တပြည်လုံး သူတောင်းစားကြီးပဲ ဖြစ်ကုန်တော့မယ် … တို့။ ဒီလူတွေက ဒုက္ခသည် အစစ်မဟုတ်ဘူး၊ တောင်ကြောင်တွေ၊ ရန်ကုန်တက်ပြီး ဓါးပြတိုက်လာမယ့် လူတွေဆိုပြီး လျောက်ရေးနေ၊ လျောက်ပြောနေကြတယ်ဗျာ။

Monks & Burmese people volunteerily work together hand in hand to help relief the storm victims
Burmese Artist, Nga Pyaw Gyaw seen at the help camp (excuse the date on the camera)
Ko Lu Gyaw Group, Burmese Artists Volunteer Group accpeting donation from Public (excuse the date on the camera)


မေး - အော် အဲသလို သူတောင်းစားတိုင်းပြည်ကြီး ဖြစ်မှာစိုးလို့ ထိပ်ကနေ ပိတ်ပြီး အကူအညီတွေကို စိစစ်နေရတာပေါ့နော်။ သတင်းစာထဲမှာလည်း တွေ့နေရတာကိုး။

ဖြေ - ဘာမှ မရဘူး၊ ဘာမှ မရှိဘူး၊ ဘာမှ မရောက်ဘူး။ ဘယ်မှ သွားလို့ မရဘူး။ အဲလိုမျိုး ရွာတွေ ရွတ်ပြရမယ် ဆိုရင် - ဒေးဒရဲမှာ ၉၆ ရွာ၊ မြင်းကကုန်း ချောင်းဝ ၅၀၊ နောက်ပြန်တိုး ၂၀၀။ တူးမြောင်း ၁၀၀။ ထံနီးပတ်၊ ဂွကြီး၊ မငေးလေး၊ ကျုံထမင်း၊ တိုက်စု၊ ခနောင် အများကြီးပဲ။ ရွာတွေ ရွာတွေ။

မေး - ကုလက အဖွဲ့တွေ၊ ရောက်နှင့်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ခင်ဗျားတို့တွေ လက်တွဲပြီး အသိအမှတ်ပြုပြီး လုပ်နေကြသလား။

ဖြေ - လုပ်နိုင်သလောက်တော့ လုပ်ပါတယ်။ ကိုယ့်အလုပ်တွေနဲ့ ကိုယ် အရမ်းပိနေတော့လဲ အားလုံးတော့ လိုက်မပြောနိုင်၊ လိုက်မကြည့်နိုင်ဘူး။ ဒီမှာဆို ဖြူဖြူသင်းတို့၊ အနုပညာရှင်တွေ၊ ပြီးတော့ စေတနာရှင် ပြည်သူလူထု အလှူရှင်တွေ စုပေါင်းပြီး သွားလာ လုပ်ကိုင်နေရတာပါဗျာ။

မေး - ကိုကျော်သူတို့၊ မရွှေဇီးကွက်တို့ဖက်ကလည်း အလုပ်တွေ အရမ်းများနေတယ်နော်။

ဖြေ - ဟုတ်တယ်။ မျိုးချစ်စိတ်ရှိတဲ့လူတွေ အားလုံးကတော့ ရှိတဲ့တနိုင်တပိုင်နဲ့ ထလာပြီး လုပ်ကြတာပဲ။ စွပ်ကျယ်နဲ့ ထလာတဲ့သူက စွပ်ကျယ်ချွတ်ပြီး ကူတာပဲ။ လှူတာပဲ။ ဘာမှ လျောက်ပြောမနေဘူး။


Displaced Burmese Children at the shelter (old school converted into shelter)


မေး - တပူပေါ် နှစ်ပူဆင့်တွေကော ဘာတွေရှိသလဲ။

ဖြေ - အမေ အဖေ မရှိတော့တဲ့ မိဘမဲ့ မိသားစုမဲ့ ကလေးသူငယ်တွေ အများကြီးပဲ။ သူတို့အတွက် မိဘမဲ့ကလေးစခန်းတခု ထောင်ဖို့လိုတယ်။ ဒုက္ခသည် စခန်းတွေလည်း အများကြီး လွတ်လွတ်လပ်လပ် အနှောက်အယှက်မရှိ ထောင်နိုင်ဖို့၊ ကူညီပေးနိုင်ဖို့၊ ကြေညာပေးနိုင်ဖို့ လိုတယ်။ ရှေ့က ဆောက်၊ နောက်က ဖျက်တို့။ ဟိုပို့ ဒီပို့ … ဟိုပြောင်း ဒီပြောင်းဆိုရင် ဘယ်လိုမှ ရှေ့မတိုးနိုင်ဘဲ ဖြစ်လိမ့်မယ်။

Make Shift Tent for Burmese Refugees

မေး - ဘယ်လိုများ ခင်ဗျားတို့ ဒုက္ခသည်စခန်းတွေ ဆောက်နေသလဲ။

ဖြေ - ဒုက္ခသည် စခန်းမဟုတ်ဘူးဗျ။ ယာယီတဲတွေ။ လူကြမ်းအဖွဲ့က လိုက်ဆောက်ပေးနေတယ်။ အခု။

မေး - ဖျက်တာတွေကော ရှိသလား

ဖြေ - ကော့မှူးကယ်ဆယ်ရေးစခန်းကို ဖျက်ပစ်လိုက်ပြီ။

မေး - ယူအန်က အကြီးအကဲတွေ လာမယ်လေဗျာ။ သူတို့ကို တင်ပြပေးရမှာပေါ့။ ခင်ဗျားတို့က …

ဖြေ - အောင်မယ်လေး။ လူကြီးတွေလာမယ်ဆိုရင် လမ်းကြောင်းရှင်းတယ်ဆိုတာ အဲဒါပဲ။ လမ်းပေါ်က ဒုက္ခသည်တွေကို ရှင်း၊ လမ်းဘေးက ကျွတ်ကျွတ်အိတ်ဆွဲ ကယ်ဆယ်ရေးအလှူရှင်တွေကို ရှင်း။ စည်းကမ်းရှိသော လေဘေးဒုက္ခသည်နှင့် စခန်းများကိုသာ မြင်သာ ထင်သာ ထားဆိုတော့ … အလှူရှင်တွေက လှူလို့ မရတော့ဘူး။

မေး - ဟိုက်။ ဒုက္ခသည်တွေက လူကြီးတွေ လာမယ်ဆိုမှ ကာလနာ ပိုတိုက်တာပေါ့။ စားစရာမရှိ၊ ပြေးစရာမရှိ။

ဖြေ - အဲဒါကြောင့် ဒုက္ခသည်တွေက ကျိန်စာတိုက်နေကြတယ်။ အဲလိုပြောရတာတော့ မကောင်းပါဘူး၊ ဒါပေမဲ့ ဒါက ဖြစ်ရပ်မှန်ပဲ။ ဘန်ကီမွန်း လေယာဉ်ပျက်ကျပါစေတဲ့။ သူလာမယ်ဆိုလို့ ငါတို့တွေ အလှူရှင်တွေတောင် ရှားပါးကုန်ပြီတဲ့။


Old people waiting in line for food donation


မေး - အခု ဘာတွေ လှူနေရသလဲ။

ဖြေ - ဆန်အိတ် ၃၀၀၊ အ၀တ်မျိုးစုံ ၄၂ အိတ်၊ လက်နှိပ်မီး ၄၂၀၊ မိုးကာတဲ ၄၀၀၊ ဆား ၁၀ အိတ်၊ ခေါက်ဆွဲခြောက် ၂၀၀၀၊ ကာဘော်လစ် ၅၀၀၀၊ ယားနာဆေး ၁၅၀၀၊ ဓာတ်ဆား ၂၀၀၀။

မေး - အဖွဲ့အစည်းကြီးတွေဆီက ရသလား၊ အပြင်က ၀ယ်ရတာလား။

ဖြေ - ၀ယ်ရတာပါခင်ဗျာ။ ပွဲရုံ၊ ညောင်ပင်လေးဈေး၊ ဆေးဆိုင်တွေဆီက လိုက်ဝယ်ရတာပါ။ ဂိုဒေါင်ထွက် ပစ္စည်းတွေ တခုမှ မပါပါကြောင်း။

Children at the Shelter converted from School building


မေး - အကူအညီပေးနေတဲ့ အဖွဲ့ကြီးတွေက ဘယ်မှာ ကယ်ဆယ်ရေးတွေ လုပ်နေသလဲ။

ဖြေ - ဘိုကလေး၊ လပ္ပတ္တာတွေမှာ။ စခန်းတွေ ဆောက်ပေးတယ်။ သူတို့ပစ္စည်းတွေနဲ့ အကူအညီတွေ ပေးတယ်။ တချို့ကိစ္စတွေမှာ ကူညီပေးပါတယ်။

မေး - သတင်းနဲ့ ပြန်ကြားရေးက ဘယ်လိုလုပ်ကြသလဲဗျာ။ ဟိုမှာ လိုတယ်။ ဒီကို လာပါ။ ၀ိုင်းကြပါအုံး ဆိုတာမျိုးတွေ …

ဖြေ - အဖွဲ့အစည်းကြီးတွေကတော့ သူတို့ အစီအစဉ်တွေနဲ့ သူတို့ရှိတာပေါ့။ ကျနော်တို့လိုမျိုးတွေက အဲဒါမျိုး လုပ်လို့ မရဘူးလေ။

မေး - ဆရာဝန်တွေကော ပါသလား

ဖြေ - ဆရာဝန် အကြီး ၄ ယောက်၊ အငယ် ၆ ယောက်ပါတယ်။ ဆေးဖိုးက အနည်ဆုံး တနေ့ကို ၂ သိန်း ကုန်တယ်ဗျ။

မေး - ကယ်ဆယ်ရေးတို့၊ ရှင်းလင်းရေးတို့ ဘယ်လို ၀င်ရသလဲ။

ဖြေ - မငေးကြီး ဒိုင်နယ်ဆိုရင်၊ ချောင်းထပြင်ဖက် သွားတော့၊ လူသေတွေက ချောင်းရိုးအတိုင်း မျောနေတာ။ ရွာတွေက ဆက်နေတာ၊ ကန်ညောင်၊ သာယာကုန်း၊ ကန်စု၊ ထိန်တော၊ တဆက်တည်းပဲ။ စက်လွှတွေနဲ့ သစ်ပင်တွေကို ဖြတ်ပြီး ၀င်ရတယ်။ အနံ့တွေ ဆိုးလိုက်တာနော်။ အန်တောင်ယူရတယ်။ အခုလိုမျိုး တောက်လျောက် လိုက်ကူ၊ လိုက်ရှင်းနေတာနော်၊ ဘာမှ ဒီထက် ရောဂါတို့ ဘာတို့ ထပ်မဖြစ်ဘူးဆိုရင်တောင် နောက် ၃၊ ၄ လ ရှင်းရမှာ။ လိုက်ရှာပြီး အကူအညီ အစောင့်အရှောက်တွေ ပေးနေရမှာ။

မေး - အဖွဲ့အစည်းကြီးတွေရဲ့ ကူညီနေတဲ့ နှုန်းကကော။

ဖြေ - လပ္ပတ္တာမှာ စုရပ် ၄၉ ခု ရှိတယ်။ မိသားစုပေါင်း ၄၉ ၅၂၇ ရှိတယ်။ တဲက လူ ၁၃ ၃၃၅ ပဲ ပေးနိုင်တယ်။ ကျနော်တို့က အဲဒီလောက်မျိုးတောင် မကူနိုင်ပါဘူး။ ဒါပမဲ့ ရပ်ကြည့်နေလို့မရဘူး။ စောင့်နေလို့ မရဘူး။ အခု ၂ ပတ်ကျော်ပြီ။

မေး - ၀မ်းနည်းတဲ့ ရက် လေး ဘာလေး ခင်ဗျားက မကြေညာဘူးလား။

ဖြေ - အို ဘာတွေ လာမေးနေတာလဲ။ ဒီမှာ မနက် မိုးလင်းတော့မယ်။ ပစ္စည်းတွေ တင်လို့ ပြီးတော့မယ်။ စေတနာရှင် လူငယ်တွေကို ထမင်းကျွေးကြမလို့ ၀ိုင်းကူလိုက်အုံးမယ်။ ဒါပဲနော်။

မေး - ဟုတ် …

At the monastery, the shelter place for displaced childen after the Nagis Storm
Zarganar seen with some non-Burmese in Yangon

No comments: