Saturday, July 26, 2008

8888 - 20 Years, Zarganar


၈၈ အနှစ် ၂၀

(အခန်းဆက်များ)

ဇာဂနာ ရဲ့ ၈၈ ဒိုင်ယာရီ အပိုင်းအစများ

ဇာဂနာ

( မိုးမခရဲ့ မိတ်ဆက် - ဇာဂနာ အနှစ် ၂၀ - မျက်စိထဲ ပေါ်လာသမျှကို အရင် တင်ပြလိုက်ချင်ပါတယ်။

၁၉၈၈ သြဂုတ်လ အရေးတော်ပုံမှာ အနုပညာရှင်တဦး၊ ကျောင်းသားတဦး အနေနဲ့ ရှေ့တန်းက ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် ရှေးမဆွကတည်းက ရင်းနှီးသူ၊

၁၉၉၀ ၀န်းကျင်မှာ စစ်အစိုးရ ရွေးကောက်ပွဲကို သရော်တဲ့ သူတောင်းစားညီလာခံ ပြဇာတ်ကို နယ်လှည့် ကပြ၀ံ့သူ၊ တဦးတည်းသာမဟုတ် အနုပညာဝိုင်းတော်သားတွေနှင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သူ၊ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖမ်းဆီးခံရပြီး ထောင် ၅ နှစ် ကျခဲ့သူ၊

၁၉၉၅ နှောင်းပိုင်း တောက်လျောက် အနုပညာရှင်၊ ဒါရိုက်တာတဦးအနေဖြင့် ရပ်တည်ပြီး လူမှုရေး ကူညီမှုများ၊ ကျန်းမာရေး စောင့်ရှောက်ရေး ပညာပေး ရုပ်သံများ ဆောင်ရွက်သူ။

သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာ အဖြူရောင် သက်တံ လှုပ်ရှားမှု၊ ထောင်က လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားများဖက်က ရပ်တည် ထောက်ခံမှုများကြောင့် စစ်အစိုးရ မျက်မုန်းကျိုးခြင်း ခံရသူ။

ပွင့်လင်း လွတ်လပ်သော ဝေဖန်မှုများကြောင့် ၂၀၀၆ တွင် အနုပညာလုပ်ငန်းများ အပိတ်ခံရသူ၊ သို့သော်လည်း ပွင့်လင်းလွတ်လပ်တဲ့ အနုပညာအမွေအဖြစ် သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့ကို မျိုးဆက်သစ် မျိုးစေ့ချပေးခဲ့သူ။

၂၀၀၇ စက်တင်ဘာ သံဃာအရေးတော်ပုံမှာ မြန်မာပြည်သူတွေရဲ့ တရားမ၀င်သော်လည်း အားလုံးအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် ရဲရင့်စွာ ရပ်တည်သူ၊ အထိမ်းသိမ်းခံခဲ့ရသော်လည်း လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း စစ်အစိုးရ ဦးချိုးထားတဲ့ ပြည်သူတွေ ရဲရင့်တက်ကြွလာစေဖို့ ဆေးရောင်စုံအငြိမ့်က ပြည်သူတွေကြားဆင်းပြီး ကပြချိန်တွင် လိုက်လံ အားပေးဆောင်ရွက်သူ၊ အဖိနှိပ်ခံ သံဃာတော်များ၊ နိုင်ငံရေးသမားများကို ပြုစုစောင့်ရှောက် လှူဒါန်းထောက်ပံ့သူ။

၂၀၀၈ နှစ်ဦးပိုင်း စစ်အစိုးရရဲ့ အတုအယောင် အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီးလည်း ပွင့်လင်းစွာ ဝေဖန်ရဲသူ၊ ၂၀၀၈ မေ နာဂစ်မုန်တိုင်းအပြီး ဒုက္ခသည် ပြည်သူကြီးထံသို့ ရှိစုမဲ့စုတွေကို ထုပ်ပိုးပြီး ကယ်ဆယ်ရေး၊ ကုညီရေးတွေ ဆောင်ရွက်သူ၊ စစ်အစိုးရရဲ့ လူထုအပေါ် တာဝန်မကျေခဲ့မှု၊ ရက်စက်မှုများကို ရဲရဲရင့်ရင့် အားလုံးရှေ့မှာ အားလုံးကိုယ်စား ထုတ်ဖော်ဝေဖန်ခဲ့သဖြင့် စစ်အစိုးရရဲ့ ထပ်မံဖမ်းဆီးခြင်း ခံထားရသူ - ဇာဂနာ … ။

သူ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက သူရဲ့ ဘယ်တော့မှ နောက်မဆုတ်ခဲ့တဲ့ ခြေလှမ်းများ အကြောင်း တင်ဆက်လိုက်တာပါ။ )


၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့မှာ တပ်မတော်ကအာဏာသိမ်းပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့မှာ ကျွန်တော် အဖမ်းခံရပါတယ်။ ၁၉၈၉ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ တစ်ခါ ၁၉၉၀ခုနှစ် မေလ ၁၉ ရက်နေ့မှာ ထပ်ဖမ်းခံရပြီး ထောင်ငါးနှစ် အချခံခဲ့ရပါတယ်။ ပထမအကြိမ် အဖမ်းခံရစဉ်တုန်းက ထောင်တွင်းမှာ ခိုးကြောင်ခိုးဝှက် ရေးခဲ့ရတဲ့ဒိုင်ယာရီ (အမှန်ကတော့ စာရွက် အပိုင်းအစလေးတွေပါ) ကို တစ်လောက အမှတ်တရ ပြန်ရလိုက်တဲ့အခါ တအား ၀မ်းသာသွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မပျောက်ပျက်အောင် သိမ်းထားပေးတဲ့ ထောင်ဝန်ထမ်းအဖိုးကြီးကိုလဲ
ကျေးဇူးတင်မဆုံးပါ။ ဒါကြောင့်လည်း ဒီနေရာကနေ မှတ်တမ်းတင်လို့ ဖော်ပြသွားပါရစေ။

၁၉၈၈ ခုနှစ်သည် အရေးတော်ပုံနှစ်ဟု ဆိုရမလောက်ပင် အစိုးရအားဆန့်ကျင်သော အရေးအခင်းများသည် တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ မောင်ဘုန်းမော် အရေးအခင်းဟု အမည်တွင်ခဲ့သည့် မတ်လလှုပ်ရှားမှု ဂျင်ဂလိပွဲတော်ဟု ကင်ပွန်းတပ်ခံခဲ့ရသည့် ဇွန်လအရေးအခင်း၊ ရှစ် လေး လုံး ဟု ကျော်ကြားခဲ့သော သြဂုတ်လ အရေးအခင်း၊ ထိုသည့်နောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အုံကြွလှုပ်ရှားခဲ့သည့် ဒီမိုကရေစီအရေးတော်ပုံတို့ပင်တည်း။

သြဂုတ်လ ၂၂ ရက်မှ အစပြုခဲ့သော ယင်းဒီမိုကရေစီအရေးတော်ပုံသည်ကားး မြန်မာ့သမိုင်းတွင် မကြုံဘူးလောက်အောင် လူတန်းစား အလွှာပေါင်းစုံ ပါဝင်သည့် အစိုးရဆန့်ကျင်သော လှုပ်ရှားမှုကြီးဖြစ်ရကား ဆရာဝန်များ အနုပညာရှင်များ ရှေ့နေများစသည့် အသိပညာရှင် အတတ်ပညာရှင်များသာမက အိုးမဲ့အိမ်မဲ့ အခြေနေမဲ့များ၏ လမ်းဘေးသမဂ္ဂပါမကျန် တော်လှန် တိုက်ပွဲဝင်ခဲ့ကြလေသည်။

အနုပညာရှင် တစ်ပိုင်းတစဖြစ်နေသော ကျွန်တော်တို့သူငယ်ချင်းတသိုက်မှာလည်း ဤအရေးတော်ပုံ အစကာလများကပင် ပါဝင်ခဲ့ရကား ကျောင်းသားစိတ် တစ်ပိုင်း ကျန်နေသည့် အတွင်းဓာတ်၏ လှုံဆော်မှုကြောင့် တဖြေးဖြေး နက်မှန်းမသိ နက်ရှိုင်းစွာ ဝင်ရောက် ဆင်နွဲမိလေတော့သည်။

ထိုစဉ်က ကျွှန်တော်တို့၏ စုရပ်ဖြစ်သော ရန်ကုန်မြို့ ၂၁ လမ်းရှိ (ယခင် သဘင်ကောင်စီ ရုံးခန်း) မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သမဂ္ဂ ရုံးခန်းသည်လည်း အနယ်နယ် အရပ်ရပ်မှ သပိတ်ခေါင်းဆောင်များ ကိုယ်စားလှယ်များ စတည်းချရာ နေရာတစ်ခုလည်း ဖြစ်လာလေသည်။ ရွှေပြည်အေးသမားများ၊ အကဲခတ် ဆရာများ၊ ရရင် ရ မရရင် ချ ဆိုသော ပုဂ္ဂိုလ်များ၏ ငြင်းခုန်ရာ စည်းဝေးခန်းမတစ်ခုလည်း ဖြစ်ခဲ့လေသည်။

ကျွန်တော်တို့ သူငယ်ချင်းတသိုက်မှာလည်း တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် မကြုံရလောက်အောင်ပင် ဟောပြောပွဲများ စည်ဝေးပွဲများ နယ်စည်းရုံရေး ခရီးစဉ်များ၊ ဆန္ဒပြပွဲများ၊ အလှုခံကိစ္စများနှင့် ချာလပတ် ရမ်းနေကြရကား တစ်ဦးနှင့် တစ်ဦး ဆက်သွယ်လိုလျင်ပင် ရုံးရှေ့ ကျေုာက်သင်ပုန်းမှတစ်ဆင့်သာ ဆက်သွယ်ရသည့်ဘ၀သို့ ဆိုက်ရောက်ရလေတော့သည်။

သို့သော်လည်း ကျွန်တော်တို့ လူတသိုက်ကို မျက်နှာချင်း ပြန်လည်ဆုံစည်းခွင်ရအောင် ဖန်တီးပေးလိုက်သည့်အရာကား ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပေါ်ပေါက် လာပါတော့သည်။ အခြား မဟုတ်ပါ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းပင်တည်း။

ထို့နေ့ ညနေ ၆းဝဝ နာရီခန့်၌ သဘင်သမဂ္ဂ ရုံးခန်းတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် အလျှိုအလျှို ရောက်လာကြပါတော့သည်။ ဘာလုပ်ကြမလဲ ဘာတွေ ဆက်လုပ်ကြဦးမလဲ ဘယ်လို လုပ်ကြမလဲ …

သေချာတာတခုကတော့ နဂို နာမည်ကြီးနေကြသည့်အတိုင်း မိမိတို့ လူတသိုက်သည် အဖမ်းခံရလိမ့်မည်။ သည်တော့ ထွက်ပြေးကြမလား၊ သွား အဖမ်းခံမလား၊ တောခိုကြမလား … တခုခုတော့ လုပ်ရပေလိမ့်မည်။

ပထမဆုံးတော့ သည်နေရာမှ အမြန် စွန့်ခွာရလိမ့်မည်။ အကယ်၍များ စစ်တပ်သည် သူ့တို့ကြေညာထားသည့်အတိုင်း အင်အားသုံး၍ သည်နေရာကို ဝင်ရှင်းခဲ့လျင်၊ လမ်းသူ လမ်းသားများ အချောင်သက်သက် ထိခိုက် နစ်နာကြမည် မဟုတ်တုံ့လော့။

မိမိတို့ အပေါ် သံယောဇဉ်ကြီးမားနေပြီးဖြစ်သော လမ်းသူ လမ်းသားများ ကလည်း သူတို့ ကာကွယ်ပေးပါမည်၊ ဖွက်ထားပေးပါမည်၊ မသွားကြပါနှင့်ဟု အတန်တန် တားကြလေသည်။ သို့သော်လည်း ကျွန်တော်တို့ တသိုက်မှာ ဆုံးဖြတ်ထားသည့်အတိုင်း ကိုယ့်ပစ္စည်းလေးတွေ ကိုယ်ဆွဲ၊ ရုံးခန်းတွင်းမှ စာရွက်စာတမ်းများကို အလျင်အမြန် ဖျောက်ဖျက်ကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းသို့ ရွှေ့ပြောင်းခဲ့ကြတော့သည်။

ထိုအချိန်က ဆေးရုံကြီးဝင်းအတွင်း၌ အစာငတ်ခံ ဆန္ဒပြနေကြသော အုပ်စု အဖွဲ့အစည်း အသီးသီး တို့မှာလည်း ညမထွက်ရ အမိန့်ကြောင့်ပင် အိမ်ပြန်ခွင့်မရဘဲ လူနာဆောင်အသီးသီး၌ သောင်တင်နေကြလေသည်။

ထိုကြောင့်ပင် ကျွန်တော်တို့ သူငယ်ချင်းတသိုက်မှာ အုပ်စု သုံးစုခွဲပြီး အဝတ်လျှော်စက် ဓာတ်အားပေးစက်နှင့် ရေခဲတိုက်များအတွင်းသို့ ဝင်ရောက် ပုန်းအောင်း နေရတော့သည်။

တချက် တချက်တွင် စစ်အစိုးရ အလိုမရှိ ဟူသော အော်သံများ၊ သေနပ်သံများ၊ လမ်းမများပေါ်တွင် ချထားသော အပိတ်အဆို့ အကာအရံများကို လိုက်လံရှင်းလင်းနေသည့် စစ်ကားသံများကို နာခံရင်း တစ်ညတာခရီးကို ကျော်လွန်ခဲ့ရသည်။

ဤနေရာတွင် ကျွန်တော်နှင့်အတူ ပုန်းအောင်းခဲ့သူများကို မှတ်တမ်းတင်လိုပါသည်။ ကျွန်တော်တို့ သဘင်သမဂ္ဂမှ မိုးဝင်း၊ မိုးမင်း၊ အရိုင်း၊ ညီညီလှိုင်(ညောင်ညောင်)၊ ညီဝင်းစိန်၊ ဖိုးဖြူ၊ စိုးဟန်၊ တပ်မတော် မှတ်တမ်းရုံးမှ တပ်ကြပ်အောင်သန်း၊ ကျောင်းသား တပ်ပေါင်းစုမှ ရွှေရောင် အောင်ဇော်မျိုး၊ ရုပ်ရှင် သရုပ်ဆောင် ဇင်ဝိုင်းနှင့် တောင်ဥက္ကလာပမှ ဆိတ်မ ဆိုသူတို့ ဖြစ်ပါသည်။

ညတွင်းချင်းပင် ကျောင်းသား သမဂ္ဂမှ မင်းမင်း၊ ဇော်ထွန်းတို့ ခေါင်းဆောင်သည့် အစာငတ်ခံ ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအဖွဲ့သို့ လှမ်း၍ ဆက်သွယ်ပြီး မနက်မိုးလင်းသည်အထိ မည်သည့်နေရာမှ မသွားရန်နှင့် သောင်တင်နေသည့် ကလေးများကိစ္စ မိမိတို့လာမှ ရှင်းပေးမည်ဖြစ်ကြောင်း အကြောင်းကြားထားရပေသည်။

သို့ဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၅းဝဝ နာရီ ထိုးသည့် အချိန် မှာတော့ ကျွန်တော်တို့၏စီစဉ်ပေးမှုဖြင့် အိမ်ပြန်ပို့နိုင်ခဲ့လေသည်။ သည်နောက်မှတော့ ညက ကြိုတင်စီစဉ်ထားသည့်အတိုင်း စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ချီတက်ရန် စိုင်းပြင်းကြရလေတော့သည်။

သည်မှာတင် ပြသနာက စ ပါလေပြီ။ ဆေးရုံကြီးအတွင်းရှိ သူအစုနှင့်သူ ရှိနေကြသော အဖွဲ့အသီးသီးသည် အင်တင်တင် ဖြစ်နေကြလေသည်။ တောင်လိုလို မြောက်လိုလို အစည်းအဝေး လုပ်ဦးမလိုလို၊ အီးအီး ပါဦးမလိုလိုနှင့် ချီတက်ရန်ကိစ္စကို ရှောင်ဖယ် ရှောင်ဖယ် လုပ်ကြတော့သည်။

သည်တစ်ခါက တကယ်ကို သေနပ်နှင့် ပစ်တော့မှာ မဟုတ်လား။ ကျွန်တော်တို့ သူငယ်ချင်းတစု ခေါင်းချင်းဆိုင်ရတော့၏။

ကဲ … ဘယ်သူမှ မထွက်ခင်တုန်းကတည်းက တို့ ထွက်ခဲ့တယ်၊ နောက် တနိုင်ငံလုံး ပါလာတော့၊ ဒို့ အရေးမှ မလုပ်ရရင် ခေတ်မမီတော့ဘူးဟဲ့ ဆိုပြီး ပါလာလိုက်ကြတာ၊ ခုတော့ ဘယ် တကောင်တမြီးမှ မတွေ့ရတော့ဘူး။ ခု ချက်ချင်း ပစ်ပါ၊ ဖမ်းပါနဲ့ စင်ပေါ်ကနေ လက်သီးလက်မောင်းတန်းခဲ့တဲ့ ဘယ် အနုပညာရှင်သမားဆိုတာတွေမှလည်း အရိပ်တောင် မတွေ့ရတော့၊ တို့ ဘယ်လိုလုပ်မလဲ၊ ကလေးတွေကိုချည်းပဲ မင်းတို့ ချီတက်ကြတော့ ဆိုပြီး လွှတ်လိုက်တော့မလား၊ အသေခံခိုင်းလိုက်တော့မှာလား။ ကိုင်း … ဘယ်သူ ထွက်ထွက်၊ မထွက်ထွက် တို့ ထွက်တယ်ကွာ ဟု ကြိမ်းဝါးပြီး၊ ကိုဇင်ဝိုင်းရယ်၊ (မိုးဝင်း)ရယ်၊ မောင်စိန်ထွန်း(မိုးမင်း)ရယ်၊ အောင်သန်းဦး(အရိုင်း)ရယ်၊ မောင်ရွှေရောင်ရယ်၊ ကျွန်တော်ရယ်၊ နောက်ပြီး ကျောင်းသားဟောင်းများအဖွဲ့မှ နိုင်လင်းနှင့် ကျော်မြင့်တို့ပါ ပေါင်းကာ စုစုပေါင်း ရှစ်ယောက်တည်းဖြင့် စတင် ချီတက်ခဲ့ကြပါတော့သည်။

စစ်အစိုးရ အလိုမရှိ။ စောမောင် အစိုးရ အလိုမရှိ။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ကျောင်းသားပြည်သူ သတ်ဖို့မဟုတ်ဘူး … စသော ကြွေးကြော်သံများဖြင့် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းတလျှောက် ထိုမှ ဘုရားလမ်း၊ မဟာဗန္ဓုလလမ်း၊ ဘုန်းကြီးလမ်းမှတဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ပြန်လည်ချီတက်ခဲ့ကြရာ တစ်ပတ် ပတ်မိသည့်အချိန်မှာဖြင့် လူတန်းကြီးမှာ နှစ်ထောင် သုံးထောင်ခန့် ဖြစ်လာတော့သည်။ ဤသို့ဖြင့် ထပ်မံ ရောက်ရှိလာသော အဖွဲ့များနှင့် ပူးပေါင်းကာ လူ လေးထောင် ကျော်ကျော်ခန့်ကို ဦးဆောင်ပြီး မြို့တော်ခန်းမသို့ ဦးတည်လိုက်တော့၏။ ( ဆက်လက်ဖော်ပြပါဦးမယ်)

Tuesday, June 17, 2008

အနုပညာရှင် ဇာဂနာ၊ အယ်ဒီတာ ဇော်သက်ထွေးတို့ကို ဖမ်းဆီးပြီးနောက်ပိုင်း ကယ်ဆယ်ရေး စေတနာရှင်များကို စစ်အစိုးရက လိုက်လံ ဖမ်းဆီး၊ နှောက်ယှက်နေဆဲ

အနုပညာရှင် ဇာဂနာ၊ အယ်ဒီတာ ဇော်သက်ထွေးတို့ကို ဖမ်းဆီးပြီးနောက်ပိုင်း ကယ်ဆယ်ရေး စေတနာရှင်များကို စစ်အစိုးရက လိုက်လံ ဖမ်းဆီး၊ နှောက်ယှက်နေဆဲ - (မိုးမခ) - ဇွန် ၁ရ၊ ၂၀၀၈

၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ အဲင်အယ်ဒီ လူငယ်များနှင့် စာနယ်ဇင်းသမားများ၏ နာဂစ်လေဘေး ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကပစ်မှတ်ထားပြီး လိုက်လံနှောက်ယှက်လျက်ရှိသည်ဟု ဆိုသည်။ စေတနာရှင်လုပ်အားပေးများ၊ ထောက်ပံ့သူများကိုလည်း အလှူငွေများ၏ ဇစ်မြစ်ကို စုံစမ်းခြင်း၊ စာရင်းကောက်ယူခြင်းများ ပြုလုပ်နေသည်။

စာနယ်ဇင်းသမားတဦးက ထင်မြင်ချက်ပြောကြားရာတွင် - အိမ်တွေ ရုံးတွေမှာ လိုက်မေး၊ ပြီးတော့ ခေါ်ပြီး စစ်ဆေး၊ အဲဒါမျိုးတွေ လုပ်လာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာနှောင့်နှေးကုန်တာပေါ့။ တချို့ကလည်း ခရီးလွန်ပြီး မလာနိုင်တော့တဲ့အခါ ရှောင်နေသလိုလို သတင်းတွေ၊ ကောလဟာလတွေ ဖြစ်ကုန်ပြီး စိုးရိမ်စိတ်တွေ ပိုများ၊ မိသားစုတွေမှာ ပူပန်သောကတွေဖြစ် အဲဒါမျိုးတွေ လူမှုဒုက္ခအပြင် စိတ်ဒုက္ခတွေပါ ဖန်တီးနေတာ - ဟု ဆိုသည်။

ဂျာနယ်တိုက်တွေကိုလည်း ၀င်ရောက် ရှာဖွေမည်၊ စုံစမ်းစစ်ဆေးမည် စသည့်သတင်းများ ထွက်နေသဖြင့် တိုက်ပိုင်များ၊ အယ်ဒီတာချုပ်များက ၀န်ထမ်းများကို လေဘေးသတင်းလိုက်ရာတွင် စစ်အစိုးရကို မငြိုငြင်မိစေရန် ဖိအားပေးလာကြသည် ဆိုသည်။

စေတနာဝန်ထမ်း ကယ်ဆယ်ရေး အလှူရှင်ကားများကို မြစ်ဝကျွန်းပေါ်ခရီးလမ်းတလျောက်တွင် လုံထိန်းများက တားပြီး စစ်ဆေးလျက်ရှိသည်။ ကားပေါ်အထိတက်ပြီး မှတ်ပုံတင်စစ်၊ စာရင်းကောက်ရုံသာမက အလှူပစ္စည်းများကိုပါ လိုက်လံစစ်ဆေးနေသည်။ ထိုမှတ်တမ်းများအပြင် လှိုင်သာယာမြို့အထွက် စစ်ဆေးရေးဂိတ်နားတ၀ိုက် စစ်တပ်က ဒုက္ခသည်များကို အဓမ္မချွေးတပ်ဆွဲပြီး လုပ်အားပေးခိုင်းနေသည်တို့ကို သတင်းထောက်များက ဓာတ်ပုံများ ရိုက်ထားသည်ကို တွေ့ရသည်။

Wednesday, June 11, 2008

Volunteer Relief Works at Phyar Pon, Dedaye, Kun Chan Gone in the Delta


ဇွန်လဆန်း - ဖျာပုံ၊ ဒေးဒရဲ၊ ကွန်းခြံကုန်း ကိုယ်အားကိုယ်ကိုး ကယ်ဆယ်ရေးမြင်ကွင်း
ဓာတ်ပုံသတင်း၊ မိုးမခ
ဇွန် ၁၁၊ ၂၀၀၈

Monday, June 9, 2008

Saturday, June 7, 2008

Junta has no business betwenn the donors and the volunteers of Relief works after Nargis

မြန်မာအလှူရှင်တွေနဲ့ စေတနာရှင်လုပ်အားပေးများကြား စစ်အစိုးရက ၀င်ရှုပ်စရာမလို
ကြပ်ပြေး နေပြည်တော် သို့ သွားရာလမ်းကိုသာ ညွှန်လိုက်ရန်သာ ရှိတော့သည်

မိုးမခ စာဖတ်သူတဦး (ရန်ကုန်)

ဇွန် ၇၊ ၂၀၀၈

အခု သတင်းစာတွေမှာ ပလူပျံနေအောင် မုန်တိုင်းကယ်ဆယ်ရေး အလှူရှင်များနဲ့ လုပ်အားပေး စေတနာရှင်များကြားထဲကို စစ်အစိုးရက ၀င်ပြီး တောပြော၊ တောင်ပြောတွေ ပြောနေပါတယ်။ ဧရာဝတီက မုန်တိုင်းဘေးသင့်ဒုက္ခသည်တွေရဲ့ အဖြစ်မှန်တွေကိုလည်း ပုံကြီးချဲ့၊ လုပ်ကြံဖန်တီးတယ်လို့ စစ်အုပ်စု ၀ါဒဖြန်ချိရေးက ဆိုလာပြန်ပါတယ်။

နိုင်ငံတော်အစိုးရက ၀တ္တရားပျက်ကွက်လို့၊ မျက်ကွယ်ပြုထားလို့ မနေနိုင်သော၊ မျိုးချစ်စိတ် အပြည့်ရှိသော၊ တိုင်းပြည်ကို တကယ်ချစ်သော ပြည်သူများက၊ ဘုန်းကြီးတွေက ပြည်တွင်း ပြည်ပကနေပြီး အလှူထည့်ဝင်ပြီး လှူကြ၊ ပြည်တွင်းက စေတနာရှင် လုပ်အားပေးတွေကလည်း ၀ိုင်းဝန်းပြီး ကယ်ဆယ်စောင့်ရှောက်ရေးတွေ လုပ်နေကြနဲ့ အဲသည်လို အလှူရှင်က စိတ်ပြတ်ပြီးတော့ စေတနာ ၃ တန် ပြဌာန်းပြီး လှူတာပါ။ လုပ်အားပေးသူများကလည်း သူတို့လိပ်ပြာနဲ့သူတို့ ကူညီလုပ်အားပေးနေတဲ့ဆီမှာ ဘေးကနေ ဘာမှ ၀င်ပြောစရာ မလိုပါ။ ကိုယ်ကျိုးရှာတယ်တို့၊ အလွဲသုံးစား လုပ်တယ်တို့ သူတို့က ပြောနေစရာ မလိုပါ။

ဖြစ်နိုင်ရင် ပြည်တွင်း ပြည်ပက အလှူရှင်တွေက စာထုတ်ပေးလိုက်ကြပါလို့ ပြောချင်တာပါပဲ။ ဒီလိုမျိုး ပိတ်ပြောလိုက်ကြပါဗျာ။


အလှူရှင်တွေဟာ အလှူငွေတွေကို ဘယ်လိုပဲ အသုံးပြုသည်ဖြစ်စေ ဘာပဲသုံးသုံး ခွင့်ပြုတယ်၊ ယုံကြည်တယ် ဆိုတဲ့ အကြောင်း၊် ကိုယ်ကျိုးပဲ သုံးတယ်ဆိုလည်း ခွင့်ပြုတယ်ဆိုတဲ့ အကြောင်း၊် အစိုးရကလည်း ဘာမှဝင်ပြောပိုင်ခွင့် မရှိကြောင်း၊ အဲသည်သဘောထားနဲ့ပဲ နိုင်ငံတကာက အကူတွေကို လေဆိပ်တွေမှာ၊ ဂိုဒေါင်တွေမှာ အစိုးရမင်းထံ (မယုံကြည်ဘဲနဲ့ကို) ပုံပေးထားပြီး ဖြစ်ကြောင်း၊ အဲသည် အလှူတွေကိုလည်း စစ်အစိုးရက စိတ်ကြိုက် စီမံခန့်ခွဲနေသည်ကို ဒုက္ခသည် ပြည်သူကြီး အငတ်ဘေးနှင့် ရင်ဆိုင်နေကြသည့် သက်သေ ထင်ရှားနေပြီ ဖြစ်ရာ ကိုယ့်အလုပ်ကို ကျေပွန်အောင် လုပ်ပါဦးလို့ ဆိုတဲ့ မြန်မာပြည် အလှူရှင်များက စစ်အစိုးရကို ကြေညာချက် ထုတ်လိုက်ပါ ဗျာ …။

မြန်မာပြည်ကတော့ စံ ပါပဲဗျာ။ "လဲနေသူကို ထူပေးပါ" ဆိုတာတောင် ခိုးပြီး ထူနေရတဲ့ တိုင်းပြည်၊ "အားနည်းသူကို အားပေးပါ" ဆိုတာတောင် အစိုးရမင်းများ မသိအောင် ခိုးပြီး အားပေးနေရတဲ့ တိုင်းပြည်ကြီးပါ ခင်ဗျား။

နောက်တချက်ကတော့ စေတနာရှင် အလှူရှင်များ၊ စေတနာရှင် လုပ်အားပေးများကလည်း သိပ်အပင်ပန်းခံပြီး ကယ်ဆယ်ရေး၊ နေရာချထားရေး နဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးမနေပါနဲ့ ခင်ဗျား။ အစိုးရမင်းများက မကြည်ဖြူတဲ့အကြောင်းကို အကျယ်တ၀င့် ရှင်းပြကြပြီး သူတို့အတွက် မြို့သစ်ကြီးတခု အဆင်သင့် ဆောက်ပြီး စောင့်ကြိုနေကြောင်း အဲဒီကိုသာ ရွှေ့ပြောင်းကြဖို့ အကြံပေးပြီး ကြပ်ပြေး နေပြည်တော်သို့ သွားရာလမ်းကို ဧရာဝတီက မြန်မာဒုက္ခသည်များကို လမ်းညွှန်ပေးတော်မူကြပါခင်ဗျား။

(ဓာတ်ပုံများ - အနုပညာရှင်များ၊ စေတနာရှင်လူငယ်များရဲ့ ကောင်းမှုဓာတ်ပုံများ ဖြစ်ပါတယ်။ - မိုးမခ )

Thursday, June 5, 2008

မည်သည့်နိုင်ငံတကာအကူအညီမှ ပြည်သူတို့ထံသို့မရောက်

မည်သည့်နိုင်ငံတကာအကူအညီမှ ပြည်သူတို့ထံသို့မရောက်
စစ်အစိုးရ ပျက်ကွက်မှုလား၊ နိုင်ငံတကာအဖွဲ့များ ဘာလဲ ဘယ်လဲ

မိုးမခ

ဇွန် ၅၊ ၂၀၀၈

ဇာဂနာကို စစ်အစိုးရက မေးမြန်းစရာရှိလို့ဆိုပြီး မနေ့ညက ခေါ်ဆောင်သွားပါတယ်။ အဲဒီမတိုင်ခင်က ကိုဇာဂနာက ပြည်ပ သတင်းဌာနတွေကို ထုတ်ဖော်ပြောဆိုရာမှာ စစ်အစိုးရကတဆင့်သွားတဲ့ နိုင်ငံတကာရဲ့ တရားဝင်အကူအညီတွေ ပြည်သူတွေထံကို မရောက်ဘူးလို့ ပြောသွားပါတယ်။ အဲဒီကိစ္စအတွက် သူ တော်တော်ခံစားရပုံ ရှိပါတယ်။

အဲသည်မတိုင်ခင်မှာ ကိုဇာဂနာတို့ စေတနာရှင်အစုအဖွဲ့တွေအနေနဲ့ ကယ်ဆယ်ရေး၊ ကူညီရေး၊ စောင့်ရှောက်ရေး၊ ကျန်းမာရေးတွေအပြင် ပြန်လည်ထူထောင်ရေးတွေအထိပါ စဉ်းစားပြီး ဆောင်ရွက်နေတဲ့အကြောင်းကို ပြည်ပစာနယ်ဇင်းများကတဆင့် ပရိသတ်က သိရှိနေကြရပြီ ဖြစ်ပါတယ်။

ဖမ်းဆီးခြင်း မခံရမီ မိတ်ဆွေများကို ပြောကြားခဲ့ရာမှာ ပထမတချက်က

"UNDP ကို ကျနော်တို့က လပ္ပတ္တာ အရှေ့ခြမ်း သွားချင်လို့ အကူအညီတောင်းတာ နိုင်ငံရေး နဲ့ မပတ်သက်ချင်လို့ ပါလို့ ပြန်ပြောတယ်။ လုပ်အားပေး စေတနာရှင်တွေလည်း အဲလိုသိရတော့ တအား စိတ်ဆိုးကြတယ်။ ဒီကောင်တွေက အစိုးရ မျက်နှာညိုမှာ တယ်ကြောက်ကြတာကိုး။ သူတို့တွေကြောင့်ခက်နေတာ …" လို့ ပြောခဲ့ပါတယ်။

 (ရာဇ၀င်များရဲ့ သတို့သမီး၊ကာတွန်း ကိုပေါ၊မေ ၂၄၊ ၂၀၀၈)

ဒုတိယ တချက်ကတော့ အစိုးရဆီကို အပ်ထားတဲ့ နိုင်ငံတကာက အကူအညီတွေ ဒုက္ခသည် ပြည်သူတွေဆီကို မရောက်ဘူး။ ကိုယ်ထူကိုယ်ထနဲ့ မြန်မာ လုပ်အားပေးတွေ၊ စေတနာရှင်တွေက ရှာဖွေစုဆောင်း ဆောင်ရွက်နေရတယ်။ တခေါက် တခေါက် ဆင်းရင် အနည်းဆုံး သိန်း ၇၀ ရှိတယ်။ မရတော့လည်း ရတာနဲ့ လုပ်ကြရမှာပဲ။ ဒီပုံစံနဲ့ ရေရှည် လုပ်ကိုင်သွားရင် မလွယ်ဘူး။ နိုင်ငံတကာရဲ့ တိုက်ရိုက်အကူအညီတွေ အများကြီး လိုတယ် လို့ သူ့သဘောထားကို ထုတ်ပြောသွားပါတယ်။

တတိယ အချက်ကတော့ လက်တွေ့ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက် အကူအညီ စသည်တို့ကို စာရေးပြီးတော့ ယူအင်အဖွဲ့အစည်းကြီးဆီကို တင်ပြဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းက ဌာနေ ယူအင်အဖွဲ့တခုကတဆင့် ပေးပို့ခဲ့ပေမဲ့၊ ကိုဇာဂနာရေးတဲ့စာ "ပျောက်" သွားခဲ့ပါတယ်တဲ့။ အဲသည်လို စာတင်တာဟာ နိုင်ငံရေးလုပ်တာဖြစ်လို့ မဆောင်ရွက်ပေးလိုဘူးလို့ ငြင်းလိုက်တယ်လို့ ကိုဇာဂနာက မိတ်ဆွေတွေကို ပြန်ပြောခဲ့ပါတယ်။ ကိုဇာဂနာက အခု ကျနော် နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ လူ့အသက်တွေ လိုက်ကယ်နေတာ။ ကယ်ဆယ်ရေးတွေ လုပ်နေတာလို့ ပြန်ပြောခဲ့တယ်။ အဲသည်အတွက် အတော်ကို စိတ်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

 (Cartoon Beruma - Save the Generals first and they will save Burma ( later ...) !!,
May 18th 2008)

အဲဒီအဖြစ်တွေအပြီး နောက်တနေ့မှာ စစ်အုပ်စုက သူ့အိမ်မှာ လာရောက်ဆွေးနွေးခဲ့ပြီး ညနေ အစောပိုင်းကတည်း ဆွေးနွေးနေခဲ့ကြရာမှာ ညဥ့်နက်ပိုင်း အသံလွှင့်ဌာနတွေဆီက ဖုံးတွေ ၀င်လာချိန်မှာတော့ စစ်အုပ်စုက သူ့ကို အင်္ကျီအ၀တ်အစားအနည်းငယ်ယူပြီး လိုက်ခဲ့ဖို့ ခေါ်ဆောင်သွားတော့တာပဲ ဖြစ်ပါတယ်။

ကိုဇာဂနာကို ဖမ်းဆီးချိန်မှာ သူ့လုပ်အားပေး စေတနာရှင်တချို့ ဧရာဝတီကို ဆင်းသွားပြီး ဖြစ်ပါတယ်။ တချို့ကတော့ စစ်အစိုးရ စေခိုင်းတဲ့ လေဘေးရန်ပုံငွေ ရုပ်ရှင်ရိုက်ဖို့ မေမြို့ကို တက်သွားကြပြီ ဖြစ်ပါတယ်။

ကိုဇာဂနာ ပြောသလို ဒုက္ခသည် ပြည်သူတွေခင်မျာ တကယ်ကို ထိရောက်တဲ့ နိုင်ငံတကာက အကူအညီနဲ့ နိုင်ငံတော်အကူအညီ မရလို့ လမ်းပေါ်ထွက်ပြီး အလှူရှင်မျှော်နေရတာလား ဆိုတာကို လွန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေက ပြန်တက်လာတဲ့ စေတနာရှင်လုပ်အားပေးအဖွဲ့တွေရဲ့ မှတ်တမ်းအရ ကွဲကွဲပြားပြား မိုးမခအနေနဲ့ ကောက်ချက်ဆွဲပေးလို့ ရပါတယ်။

သူတို့တတွေ ဆင်းသွားတဲ့ မြို့က ဖျာပုံဖြစ်ပါတယ်။ မြို့ပေါ်မှာ ဒုက္ခသည်တွေကို ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ ကူညီချင်သူတွေအနေနဲ့ မကယ - မြို့နယ်အာဏာပိုင်တွေဆီမှာ အကူအညီပစ္စည်းတွေ ထားခဲ့လို့ရတယ်။ သူတို့တွေ တဆင့်ဆောင်ရွက်ပေးမယ်လို့ ပြောလာပေမယ့် စေတနာရှင် လုပ်အားပေးအဖွဲ့က နားမယောင်ခဲ့ပါဘူး။ သူတို့ ခရီးဆက်လာချိန်မှာ ကျိုက်လတ်နဲ့ မအူပင်ဖက်မှာ ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းတွေကို တွေ့ကြပြီး၊ ပါလာတဲ့ အိုးတွေ၊ ဆန်တွေ၊ ဓာတ်မီးတွေ နဲ့ အစားအသောက်တွေ လှူဖြစ်ကြပါတယ်။ အဲဒီဒုက္ခသည်တွေဟာ နောက်နေ့ဆိုရင် ရွာပျက်တွေဆီ ပြန်ဖို့ အာဏာပိုင်တွေက အမိန့်ပေးခံထားရတဲ့ သူတွေ၊ မိသားစုတွေပါ။

မေးတဲ့ မေးခွန်းက တခုတည်းပါပဲ။ နိုင်ငံတကာက အကူအညီတွေ ရရှိကြသလား။ မရပါဘူး။ ကြားတောင် မကြားဘူးပါဘူး။ ချောကလက်လည်း မကြားဖူးဘူး။ လုပ်အားပေးစေတနာရှင်တွေ ပေးတဲ့ ချိုချဉ်တွေကို ကလေးတွေက ၀မ်းသာအားရ စုပ်နေကြရတာ တွေ့ရပါတယ်။

အပျိုအရွယ် မိန်းကလေးတွေက စေတနာရှင်တွေဆီက လုံခြည်တို့၊ ဘောင်းဘီတို့ တောင်းပါတယ်။ မုန်တိုင်းအပြီးမှာ ယောင်္ကျားတွေက ပုဆိုးတွေကို မိန်းမတွေကိုပေး၊ ဘုန်းကြီးတွေက သင်္ကန်းတွေကို စုတ်ဖြဲပြီး ယောင်္ကျားတွေ၊ ကလေးတွေ ၀တ်ဖို့၊ ခြုံဖို့ပေးကြရလို့ အ၀တ်အစား မလောက်ငှပါဘူး။ ဘုန်းကြီးတွေမှာ သင်္ကန်းတောင် ကောင်းကောင်း ရုံစရာ မရှိပါဘူး။ မိဘမဲ့တဲ့ ကလေးတွေဟာ လမ်းပေါ်မှာ အဖေ၊ အမေ တစာစာ အော်ပြီး ရှာနေချိန်မှာ ကလေးတွေရဲ့ မျက်လုံးတွေကို တခြားက ဧည့်သည်တွေအဖို့ တည့်တည့်ကြည့်ရဲဖို့ သတ္တိမရှိနိုင်ကြဖူးလို့ သူတို့က မိုးမခကို အကြောင်းကြားကြပါတယ်။

ရတဲ့ ပိုက်ဆံတွေကို ဘုန်းကြီးတွေက ခွဲဝေလို့ အနီးအပါးက အိမ်တွေ အမိုးမိုးဖို့ ပေးရပါတယ်။ တအိမ်ကို မြန်မာကျပ်ငွေ ၅၀၀၀ လောက်ရကြပါတယ်တဲ့။ အဲဒီ ဘုန်းကြီးကျောင်းမှာ စာရင်းအရ ဒုက္ခသည် ၁၀၀၀ ကျော်ပါတယ်။ နိုင်ငံတကာက အကူအညီ၊ နိုင်ငံတော်က အကူအညီ ဘာမှ မရှိပါခင်ဗျား။

အဲဒီက အခုဓာတ်ပုံထဲမှာ ပါတဲ့ အပြာရောင် အမိုးအကာနဲ့ ယာယီ ဂိုဒေါင်တွေထဲမှာ စစ်အစိုးရက အဆင့်ဆင့် လက်ဆင့်ကမ်း ဖြန့်ချိတဲ့ လေဘေးအကူအညီတွေ အပုံလိုက်ရှိနေပါတယ်။ ဆန်တွေက မိုးသင့်လို့ အစိုပြန်ပြီး အောက်စော်တွေ နံလို့၊ သောက်မိရင် ချောင်းဆိုးတာသာ အဖတ်တင်မယ့် ဗီးဗီးအချိုရည်တွေကလည်း ရက်လွန်ပြီး အနံဆိုးတွေ ထွက်လို့၊ အဲဒီ ဂိုဒေါင်က အနံဆိုးကြီးက အစိုးရအကူအညီတွေ ဘာဖြစ်ကုန်ပြီလဲဆိုတာကို သက်သေ တကြော်ကြော် လိုက်နေတော့တာပါပဲ။

နိုင်ငံတကာက အကူအညီတွေဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ထိထိရောက်ရောက် မရောက်ပါဘူး။ စစ်အစိုးရ ပျက်ကွက်မှုလား၊ အထက်က အောက်ကို အဆင့်ဆင့် ပျက်စီးနေတာကြောင့်လား။ နိုင်ငံတကာက၊ ကုလက ပြည်တွင်းမှာ ရောက်ရှိဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက စိစစ် စုံစမ်းမှုတွေ မလုပ်နိုင်ကြလို့လား။ ကိုဇာဂနာပြောသလို နိုင်ငံရေး ပုဒ်မကို ကြောက်နေတာလား။ သူပြောခဲ့တာလေးနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်ပါမယ်။

အခု ကျနော်လုပ်နေတာ နိုင်ငံရေး မဟုတ်ပါ။ လူ့အသက် ကယ်နေတာ။ ကယ်ဆယ်ရေး လုပ်နေတာပါ။

မိတ်ဆွေတို့ကော ဘာလုပ်နေလဲ။ ဘာလဲ။ ဘယ်လဲ။

Wednesday, June 4, 2008

Zarganar arrested from his home by Burmese military junta

 လူုမှုကယ်ဆယ်ရေး စေတနာရှင်၊ အနုပညာရှင် ဇာဂနာကို စစ်အစိုးရက ဖမ်း
မိုးမခ
ဇွန် ၄၊ ၂၀၀၈

ရန်ကုန် စံတော်ချိန် ည ၁၁ နာရီက အနုပညာရှင် ဇာဂနာ၏ နေအိမ်ကို အထူးစုံစမ်းရေး၊ မြို့နယ်ရပ်ကွက် အာဏာပိုင်များအပါအ၀င် ပုဂ္ဂိုလ် ၉ ဦးဝင်ရောက်ပြီး ၄င်းအား စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

ဇာဂနာ သည် နိုင်ငံရေး အကျဉ်းသားဟောင်း၊ စစ်အစိုးရက အနုပညာလှုပ်ရှားခွင့်များ ပိတ်ပင်ထားသော အနုပညာရှင်၊ ၂၀၀၇ သံဃာအရေးအခင်းတွင် အဖိနှိပ်ခံ သံဃာတော်များ၊ လူငယ်များဖက် ရပ်တည်သူ၊ ၂၀၀၈ မေ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စေတနာဝန်ထမ်း ဦးဆောင်သူ ထင်ရှားသည့် အနုပညာရှင်တဦး ဖြစ်သည်။

စစ်အာဏာပိုင်များက နာဂစ်မုန်တိုင်းကယ်ဆယ်ရေး စေတနာဝန်ထမ်း လုပ်ကိုင်နေသူများကို ၄င်းတို့ စာနယ်ဇင်းများကနေပြီး တိုင်းပြည် အရှက်နှင့် သိက္ခာကို ထိန်းသိမ်းကြရန်၊ ဒုက္ခသည်များကို တောင်းရမ်းစားသောက်သူများအဖြစ် နိုင်ငံတကာအလည်မှာ မတင်ပြရန်၊ နိုင်ငံတော်က မုန်တိုင်းကယ်ဆယ်ရေးကို ကောင်းမွန်ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း စသည်တို့ဖြင့် ၀ါဒ ဖြန့်နေခဲ့သည်။

ဇာဂနာတို့၏ စေတနာဝန်ထမ်း ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စစ်အုပ်စုက နောက်ကွယ်မှနေပြီး နည်းမျိုးစုံဖြင့် အနှောက်အယှက်ပေးနေကြောင်း၊ မိတ်ဆွေ အနုပညာရှင်များဖြစ်သည့် အရိုင်း၊ ငှက်ပြောကြော်တို့ကို ကူညီစောင့်ရှောက်လုပ်ငန်းများနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးကြောင်း၊ အကူအညီအရောက်နည်းသည့် ဒေသများကို သွားရောက်နိုင်ရေးအတွက် ကုလအဖွဲ့တခုကို ဇာဂနာက အကူအညီတောင်းခဲ့ရာတွင်လည်း ၄င်းအဖွဲ့က စစ်အုပ်စု ငြိုငြင်မည်ကို စိုးရိမ်ပြီး မိမိတို့ကို ငြင်းဆိုခဲ့ကြောင်း၊ နိုင်ငံတကာ၏ တရားဝင် အကူအညီများ ထိရောက်စွာ မရောက် ရှိသေးကြောင်း စသည် အတွေ့အကြုံနှင့် ခံစားချက်တို့ကို ပြည်သူသို့ လွတ်လပ်ပွင့်လင်းစွာဖြင့် ဇာဂနာက ဝေဖန်ပြောဆိုခဲ့သည်။

ဇာဂနာဦးဆောင်သည့် လူငယ်နှင့် အနုပညာရှင်များ၊ ကျော်သူ ရွှေဇီးကွက် ဦးဆောင်သည့် နာရေးကူညီမှု အသင်းကြီးတို့နှင့်အတူ မုန်တိုင်းကယ်ဆယ်ရေးကို မြန်မာလူငယ် စေတနာရှင် အစုအဖွဲ့များက စောလျင်စွာ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့ကြပြီး ဆရာတော်များ၊ သံဃာတော်များကလည်း တအပ်တအား ဆောင်ရွက်နေကြချိန်၊ မြန်မာပြည်တ၀ှမ်း လူထု လူတန်းစား အသီးသီးက စေတနာ ထက်သန်စွာ လိုက်လံ ၀ိုင်းယံနေကြချိန်တွင် စစ်အုပ်စုက ထိုသို့ ဇာဂနာကို ဖမ်းဆီးခြင်းဖြစ်သည်။

ဖမ်းဆီးသူများက ဇာဂနာ့အိမ်သားများကို သတင်းဌာနများသို့ အကြောင်းမကြားရန်နှင့် ဆွေးနွေးမှုများ ပြီးဆုံးပါက အမြန်ဆုံး အိမ်ပြန်ပို့ပေးမည် ဖြစ်ကြောင်း ပြောကြားသွားသည်ဟု သိရသည်။