Wednesday, September 30, 2009

Artist Htein Lin - Remembering Zarganar - 3

ကြောက်မွှေးပါ ဇာဂနာ နဲ့ နှုတ် - ၃

ပန်းချီ ထိန်လင်း

စက်တင်ဘာ ၃၀၊ ၂၀၀၉

“တို့ ပြည်ထောင်စု အလံတော်သည်၊

ဗိုလ်ချုပ်ဈေးက ၀ယ်လာပြီ၊

ပြည်သူ အပေါင်းတို့ ငြိုငြင်သည်။

ပြေးလု၊ (ေ -ွး) ဥ မှတ်ပါသည်။”

မြပုဏ္ဏမာ အဖွဲ့ ရယ်လို့ အောင်မြင် ကျော်ကြားလာပြီးနောက် ၁၉၈၈ ခု ဇန်န၀ါရီလ ပုသိမ်မြို့မှာ ပြည်ထောင်စု အလံတော် ကြိုဆိုပွဲ စင်ပေါ်ကနေ လူရွှင်တော် အရိုင်းက ရာဇ၀တ်အိုးကို တုတ်နဲ့ ထိုးချလိုက်သဗျ။ သိကြတဲ့အတိုင်း အဲဒီခေတ်က “ပြည်ထောင်စုနေ့” ဆိုတာကြီးက ကျိုက္ကဆံကွင်းထဲမှာ ၀န်ကြီးဌာန ပြခန်းတွေ၊ ပြည်နယ်နဲ့ ပြခန်းတွေနဲ့ အကြီးအကျယ် လုပ်ပြီး ဗိုလ်နေ၀င်းက နိုင်ငံရေး မျက်လှည့်ပြပွဲကြီး လုပ်တာကိုး။ ဇန်န၀ါရီလလောက်ကတည်းက စပြီး အဲဒီ ပြည်ထောင်စုအလံ ဆိုတဲ့ဟာက အိုလံပစ် မီးရှူးတိုင် လှည့်သလို ပြည်နယ်နဲ့တိုင်းတွေကို လှည့်တာကိုး။ အလံ ညအိပ်တဲ့ မြို့ကြီးတွေမှာလည်း ပွဲကြီးတွေခံပြီး နေ့စဉ် သတင်းစာ မျက်နှာဖုံးတွေမှာက ဒါပဲ ပုံကြီးတွေချဲ့ပြီး ဖေါ်ပြနေတာ။

အဲဒီလို အချိန်မျိုးမှာမှ ခုလိုလုပ်ချလိုက်တော့ ပွဲက မဆူခံနိုင်ရိုးလား။ ပြဿနာ မတက်ခံနိုင်ရိုးလား။

အချိန်က ၁၉၈၈ ဇန်န၀ါရီလ။ နေရာက ပုသိမ်မြို့။

အလံက အဲဒီနှစ်က ပထမဆုံး ရန်ကုန်ကလာပြီး ပုသိမ်မှာ ညအိပ်မှာ။ အဲဒီတော့ ဧရာဝတီတိုင်း တိုင်းကောင်စီက ဦးစီးပြီးလုပ်တဲ့ အလံတော် ကြိုဆိုပွဲကြီးမှာ အဲဒီအချိန်က နာမည်ကြီးနေတဲ့ NEW WAVE တေးဂီတအဖွဲ့နဲ့ ဇာဂနာရဲ့ မြပုဏ္ဏမာ အဖွဲ့ကို ပူးတွဲတင်ဆက်ဘို့ စီစဉ်ခဲ့သဗျ။ ပထမည မှာပဲ နာမည်ကျော် ကိုအရိုင်းက အဲလိုလုပ်ချလိုက်ပါသတဲ့။ သူ့မူရင်းသီချင်း စာသားက ...

“တို့ပြည်ထောင်စုအလံတော်သည်၊

တလူလူ လွင့်လို့ချီလာပြီ၊

ပြည်သူအပေါင်းတို့ပျော်ရွှင်သည်၊

မနှေးယခု အလေးပြုကြပါမည်” ….ပါ။

အဲဒီသီချင်းကလည်း နေ့စဉ် ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ မကြားချင်မှ အဆုံးဖြစ်နေတာ။ အဲဒီသီချင်းကို အဲလိုလုပ်ချလိုက်ပြီးတော့ ပဏာမ ပရိက စကား ပြောကြတော့လည်း ...

“ကဲ ... အလံတော်ကြိုတာ လွယ်လွယ်လေး၊ ဒယ်အိုးကြီးကြီးထဲ ရေထည့်ပြီး မီးနဲ့တိုက်ပြီး အလံကိုထည့် ကျိုလိုက်ယုံပဲ” ... ဆိုပြီး လုပ်သကိုး။

ဘယ်နေလိမ့်မလဲဗျာ။ တိုင်းထောက်လှမ်းရေးက ခေါ်ပြီး ကောင်းကောင်းသတိပေး ခြိမ်းခြောက်တော့တာပေါ့။ အဲဒါနဲ့ နောက်နေ့ညလည်း ရောက်ရော ပရိတ်သတ်ကလည်း မနေ့ကအရှိန်နဲ့ ပြသနာတက်ထားတာလည်း သိတော့ ဘာတွေထပ်ပြက်မလည်း စောင့်နေချိန်မှာ အငြိမ့်လည်း ထွက်ရော လူရွှင်တော်တွေ အကုန်လုံး ပါးစပ်တွေကို ပလပ်စတာတွေ ပိတ်ပြီး တက်လာကြသတဲ့။ ပွဲကို ဆူပွက်သွားတော့တာကိုး။

အဲဒီ ဂယက်က ဘယ်ထိ ရိုက်သလည်းဆိုတော့ တိုင်းထောက်လှမ်းရေးက ဇာဂနာနဲ့ အငြိမ့်တစ်ဖွဲ့လုံးကို တိုင်းတရားရုံးမှာ နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပါသတဲ့။ အံ့သြစရာ ကောင်းတာကတော့ တိုင်းတရားသူကြီး လုပ်တဲ့လူက ... “လူရွှင်တော်တွေပဲ ဒီလောက်တော့ ပြက်မှာပေါ့” .... ဆိုပြီး အမှုကို ပလပ်လိုက်ပါသတဲ့။

အဲဒီတော့ မဆလခေတ်ရဲ့ တရားစီရင်ရေးက အထိုက်အလျောက်တော့ လွတ်လပ်မှု ရှိသေးတယ်ပြောရပါမယ်။ အဲလို ထောက်လှမ်းရေးကို ပြန်လှန်ရဲတယ် ဆိုတဲ့ သတ္တိက နည်းမှတ်လို့ဗျာ။ လွန်ခဲ့တဲ့ တစ်လလောက်က ကိုဂေါ်ကြီး (ဂေါ်ဇီလာ)နဲ့ အွန်လိုင်းမှာ တွေ့ရင်း စပ်မိရာက အဲဒီတုန်းကအကြောင်း ပြန်မေးတော့ သူက တရားသူကြီး နာမည်ကိုပါ ပြောလိုက်ပါသေးတယ်။ ဒီလိုနဲ့ ထောင်နန်းစံရမဲ့ဘေးက ဝေးပြီး ရန်ကုန်ကို ပြန်လာနိုင်ခဲ့ ပါသတဲ့။ အဲဒါကို ကိုရွှေထောက်လှမ်းရေးက မကျေနပ်နိုင်သေးပဲ ရန်ကုန်တရားရုံးချူပ်ထိ လိုက်လာပြီး အမှုတွဲတင် တရားစွဲပါတယ်။

အဲဒီအချိန်က ရန်ကုန်မှာ နိုင်ငံတော်ကောင်စီဝင် တွေကို ဖြေဖျော်ပွဲ တစ်ခု မြပုဏ္ဏမာအဖွဲ့ကို ကခိုင်းတော့ ကိုသူရက လောလောဆယ် တရားစွဲခံနေရတဲ့ အကြောင်းကို နိုင်ငံတော် ကောင်စီဝင်တွေထဲက တစ်ယောက်ကို ပြောပြရာက ဗိုလ်ချုပ်နေ၀င်းပါ သိသွားပါသတဲ့။ အဲဒီမှာတင် အဲဒီအချိန်က စေတလုံးပိုင်ရှင် သွားလေသူ ဗိုလ်နေ၀င်းက “လူရွှင်တော်တွေပဲကွာ၊ ဒီလောက်တော့ပြက်ပါစေ” ... လို့ စကားတစ်ခွန်းထွက်လာ ပြီးနောက်မှာ တရားစွဲတဲ့ ကိစ္စလည်း ရပ်တန်းက ရပ်သွားပါတော့သတဲ့။ ခုတော့ ဗိုလ်နေ၀င်းကိုတောင် ပြန် ချီးကျူးရတော့မလို ဖြစ်နေပါတယ်။

အဲဒီတုန်းက ကျွန်တော်က မိုးနတ်သူဇာ အငြိမ့်အဖွဲ့နဲ့ မကွေးတိုင်း ပေါက်မြို့ကို ရောက်နေပါတယ်။ ပုသိမ်မြို့ကနေ ဆက်ထွက်လာမဲ့ ပြည်ထောင်စုအလံက ပုသိမ်-မုံရွာ ကားလမ်းအတိုင်း တက်လာပြီး ပေါက်မှာ တစ်ညအိပ်မှာမို့ ပေါက်မြို့နယ် ကောင်စီက မိုးနတ်သူဇာအဖွဲ့နဲ့ အတူ နိုင်ငံကျော် အဆိုတော် မာမာအေးကို အလံတော် ကြိုဆိုရေးကွင်းထဲမှာ ငှါးထားပါတယ်။

အန်တီ မာမာအေးက သူ့ရဲ့ သားတပည့်လည်း ဖြစ်တဲ့ စန္ဒရားမျိုးခင် (မစ္ဇျိမလှိုင်း) နဲ့ အတူ အငြိမ့်မထွက်ခင် သီဆိုပါတယ်။ အဲဒီတော့ ပုသိမ်ကနေ အလံနဲ့ပါလာတဲ့ လုံခြုံရေးအဖွဲ့က ပေါက်မြို့ရောက်တဲ့အခါမှာတော့ မြို့နယ်ကောင်စီကို ခေါ်ကြပ်ပါတော့တယ်။ အင်မတန်မှ ကြောက်တတ်တဲ့ မိုးနတ်သူဇာ ခေါင်းဆောင် သီတာဝင်း၊ လူရွှင်တော် ကိုချစ်စရာ နဲ့တက်တူ တို့က ကျွန်တော်တို့ကို မျက်စိပျက် မျက်နှာပျက်နဲ့ ခေါ်ပြီး ဇာဂနာတို့ကို အရေးယူထားကြောင်း ခုသူတို့ကို နိုင်ငံရေးပြက်လုံးတွေ မပါစေရပါဘူးလို့ အာမခံ လက်မှတ်ထိုး ခဲ့ရကြောင်း။ အဖွဲ့သားတွေ ဒုက္ခ ရောက်စေမဲ့ ပြက်လုံးတွေ မလုပ်ဘို့ သတိပေးပါတယ်။

ကျွန်တော့် အမြင်အရ မိုးနတ်သူဇာ လူရွှင်တော်တွေက သတိမပေးလည်း အဲဒါမျိုးတွေပြောဘို့ ပြက်ဘို့ ဆန္ဒကို မရှိပါဘူး။ ကျွန်တော် အနေနဲ့တော့ ပြောင်မြောက်လှတဲ့ မြပုဏ္ဏမာအဖွဲ့ရဲ့ လုပ်ရပ်ကို ကြိတ်ပြီး သဘောကျ ထောက်ခံနေရပါတယ်။

ဒီလိုနဲ့ ကကြတဲ့အခါ နတ်ဝင်သည် လုပ်ကြတဲ့ ပြက်လုံးခွင်မှာ ...

“ငါ့ကို မရိုမသေ မလုပ်နဲ့ နင့်ဦးလေး ငွေစက္ကူ ခွန်နှစ်ဆယ်ငါးကျပ်တန်တွေ တရားမ၀င် ဖြစ်ကုန်တာ ဘယ်သူလုပ်တယ် ထင်သလဲ” ...

လို့ မေးတဲ့အခါမှာ တက်တူ နဲ့ကိုချစ်စရာတို့က ..

“အဲဒါ အမေလုပ်တာလား”

လို့မေးထောက်ပေးရမဲ့ နေရာမှာ ထောက်မပေးတော့ပဲ ပြက်လုံးအသွားကို ပိတ်ထားကြတာမို့ နောက်ဆုံး ကိုယ့်ဖါသာပဲ ....

“အဲဒါ .. ပုံ/စိန်လွင် လုပ်တာဟေ့”

ဆိုပြီး ဇွတ်ပြက်ချလိုက်ပါတော့တယ်။ ပွဲလည်းပြီးရော သီတာဝင်း နဲ့ ကိုချစ်စရာတို့က ခေါ်ယူကြိမ်းမောင်း ပါတော့တယ်။ ခေါ်ယူကြိမ်းမောင်းတယ် ဆိုတာထက် မြည်တွန် တောက်တီးတယ်ဆို ပိုမှန်ပါလိမ့်မယ်။

ဗိုလ်နေ၀င်းက လူရွှင်တော်ပဲ ဒီလောက်တော့ ပြက်ကြမှာပေါ့လို့ ပြောကြားပြီး အမှုကိစ္စ ပြီးသွားတဲ့နောက် ကျိုက္ကဆံကွင်းထဲမှာ ပြည်ထောင်စုပွဲအတွက် မြပုဏ္ဏမာ အဖွဲ့တင်ဆက်တဲ့ အခါမှာတော့ ဇာဂနာက ပြည်ထောင်စုပြခန်းတွေ ၀န်ကြီးဌာနပြခန်း တွေအားလုံးကို အဲဒီနှစ်က ၀ါးတွေနဲ့ဆောက်ထားတာတွေကို လက်ညိုးထိုးပြီး၊

“သမ၀ါယမ ၀န်ကြီးဌာနလည်း ၀ါးပဲ၊”

“စက်မှူဝန်ကြီးလည်းဝါးပဲ၊”

“အားလုံးဝါးတွေချည်းပါလား” ဆိုပြီး

ပြက်ချတဲ့ အခါမှာတော့ ကျိုက္ကဆံကွင်းထဲမှာ ၀က်ဝက်ကွဲပါတော့တယ်။

အဲဒီနောက်တော့ သူ့ရဲ့နာမည်ကျော်

“ဟိုကောင်စီလည်း မကောင်းဘူး၊”

“ဒီကောင်စီလည်း မကောင်းဘူး”

ဆိုပြီး အုတ်ခဲစီတဲ့ ကျန်တဲ့ လူရွှင်တော်တွေကို အပြစ်တင်တဲ့ပုံနဲ့ နိုင်ငံတော်ကောင်စီကိုပါ ပြက်လုံးနဲ့ ဆော်ပါတော့တယ်။ ဒါကြောင့် မဆလခေတ်က ကြပ်တယ်ဆိုပေမဲ့ အတိုင်းအတာတစ်ခုထိတော့ လွတ်လပ်မှု ရှိသေးတယ်လို့ ပြောကြတာဖြစ်သဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ၁၉၉၀ နောက်ပိုင်းကစပြီး ဇာဂနာကို အငြိမ့်စင်ပေါ်မှာ လူထုနဲ့တိုက်ရိုက် ထိတွေ့ဖျော်ဖြေပွဲတွေကို ပိတ်ထားခဲ့တာဟာ ဒီနေ့အထိ ဖြစ်လို့ပါ ခင်ဗျ။

ဒီလိုနဲ့ ၁၉၈၈ မတ်လ ကိုဘုန်းမော်ကျဆုံးရာကနေ ပင်မတက္ကသိုလ်ထဲမှာ ချီတက်ဆန္ဒပြတဲ့ ကိစ္စနဲ့ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားစာရင်းမှာ ကျွန်တော် နာမည် ပါလာပါတယ်။

မိုးနတ်သူဇာ သီတာဝင်းရဲ့ စေလွှတ်မှုနဲ့ ကိုချစ်စရာနဲ့ ကိုတက်တူတို့ ရောက်လာပါတယ်။ ပထမတော့ မန္တလေးက မြို့မအဖွဲ့ ရန်ကုန်ဆင်းလာတာကို ငှါးဘို့ ဆိုပြီး လူပြက်တောင်ရှည်တွေကို မလိမ့်တပတ်နဲ့ လာယူသွားပါတယ်။ နောက်သေသေချာချာမေးကြည့်တော့မှ၊ လောလောဆယ် အဖွဲ့ရဲ့ ရှေ့ရေးအတွက် ကျွန်တော့်ကို အဖွဲ့က ယာယီ ထုတ်ထားမယ်လို့ ပြောလာပါတယ်။ ကျွန်တော်လည်း ကျောင်းထုတ်ခံထားရလို့ ညစ်နေရတဲ့ အထဲမှာ လာ အရာပေါ်နေတာမို့ အော်ဖြစ်မှဖြစ်ရလေလို့ပဲ စိတ်ထဲကနေ ပြောမိပါတော့တယ်။

အမှန်တော့ အဲဒီအချိန်က ကျောင်းထဲမှာ ဇွန်လအရေးအခင်းက ကိုမိုးသီးဇွန်တို့ ဦးဆောင်မှုနဲ့ “စ”နေပြီမို့ အငြိမ့်ကိစ္စလည်း ခေါင်းထဲမရှိတော့ပါဘူး။

တစ်သက်မှာ တစ်ခါဆိုသလို ကြုံနေရတဲ့ ကျောင်းသားလှုပ်ရှားမှုကြီးထဲ ဘယ်လို ဘယ်လောက် ပါဝင်သင့်သလဲ ဆိုတာပဲ ကိုယ့်ဖါသာကိုယ် ဇယားဆွဲနေခဲ့ရတာမို့ မအားလှပါဘူး။ ကြောက်ကလည်း ကြောက်သေးသကိုးဗျ။ အဲဒီလိုနဲ့ ကျွန်တော်နဲ့ မိုးနတ်သူဇာကြားက ဆက်ဆံရေးဟာလည်း တသက်စာအတွက်၊ နိဂုံးချုပ်သွားပါတော့တယ်။

ဇွန်လအရေးအခင်းအပြီး ကျောင်းတွေ ပိတ်လိုက်တာမို့ ကျွန်တော်လည်း ဇာတိမြေကို ပြန်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာချိန်မှာတော့ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ မဲဇလီကုန်း၊ အင်္ဂါပူမြို့နယ်နဲ့ ဟင်္သာတမြို့နယ်တို့မှာ ကျောင်းသားခေါင်းဆောင် တွေထဲက တစ်ဦးအဖြစ် ပါဝင် ကပြခဲ့ရပါတယ်။

အဲဒီကာလ ရန်ကုန်က ရောက်လာတဲ့ အရေးတော်ပုံကာလ သတင်းစာတွေထဲမှာတော့ ကိုသူရတစ်ယောက် စာပေ အနုပညာရှင်များ သမဂ္ဂရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေတဲ့ ဓါတ်ပုံတွေကို တွေ့ရပါတော့တယ်။ နောက်ဆုံးတွေ့ရတဲ့ ဓါတ်ပုံ မှာတော့ မင်းသား ကိုဇင်ဝိုင်းနဲ့အတူ ဆေးရုံကြီးရှေ့မှာ ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြနေတာ တွေ့ခဲ့ရသဗျ။

စက်တင်ဘာ ၁၈ရက် နောက်မှာတော့ အားလုံးရဲ့ ဘ၀တွေဟာ ကြိုးပြတ်ပြီး ကြမ်းပြင်ပေါ်ကို ကျသွားတဲ့ ပုတီးစေ့တွေလို အရပ်မျက်နှာအသီးသီးမှာ ပုံစံမျိုးစုံ ပြန့်ကျဲလို့သွားပါတော့တယ်။ အဲဒီထဲက ပုတီးစေ့တစ်စေ့ ဖြစ်တဲ့ ကျွန်တော်ဟာ လက်နက်ကိုင် တော်လှန်ရေးနဲ့ စစ်အစိုးရကို ဖယ်ရှားပြီးမှ ဒီမိုကရေစီ နိုင်ငံသစ်ကို တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုက်ပြီး ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲက “လေခွန်းတောင်” စခန်းကို ရောက်သွားခဲ့ပါတော့တယ်။

တော်လှန်ရေးအတွက် အိန္ဒိယ အစိုးရကတော့ အပြည့်အ၀ အကူအညီတွေပေး လိမ့်မယ်ဆိုတဲ့ အိမ်မက်ကြီးနဲ့ သွားလိုက်တာ တကယ်တမ်းမှာတော့ ဒုက္ခသည် စခန်းထဲမှာ ဘယ်မှထွက်မရ အစားအသောက်က ဆင်းရဲ အဆိုးဆုံးကတော့ သတင်းတွေ ပြတ်လတ်တာပါပဲ။ လူနှစ်ရာ နီးနီးမှာမှ ရေဒီယိုလေး တစ်လုံးပဲ ရှိတာမို့ အဲဒါလေးကို စုပြီးဝိုင်းနားထောင်ရပါသဗျ။ ရွှေပေါ်မြတင် ထားရပါတယ်။

ကိုသူရကိုတော့ ၁၉၈၈ အောက်တိုဘာ ၂ရက်၊ ဘားလမ်းထဲက စပယ်ဦးပုံနှိပ်တိုက်မှာ သရုပ်ဆောင် ဇင်ဝိုင်း၊ ဇာတ်မင်းသား မိုးဝင်း၊ ညီဝင်းစိန်၊ ဒါရိုက်တာအောင်မြင့်မြတ်၊ ဦးတင်စိုးတို့နဲ့ အတူ ဖမ်းသွားတာသိခဲ့ရသဗျ။ အဲဒီ အချိန်က သူတို့ကို ဘယ်လိုနှိပ်စက်ခဲ့တယ် ဆိုတာတွေရယ် ထောင်ထဲမှာ ၁၉၈၉ မတ်လ ကုန် အထိ ကာလ ဘယ်လိုကြုံတွေ့ရတယ်ဆိုတာတွေကို နောက်ပိုင်းမှာ ကျွန်တော်လည်း တောထဲက ပြန်ရောက်ပြီး သူနဲ့အတူ တော်တော်လေးနေဖြစ်တဲ့ အချိန်တွေမှာ ကြုံရင် ကြုံသလို သူပြန်ပြောလေ့ ရှိပါတယ်။

၂၀၀၅ ကျွန်တော် ထောင်ပြန်လွတ်ပြီး နောက်မှာ ကျွန်တော့် ပထမအိမ်ထောင် ပျက်သွားတာမို့ နေစရာပျောက်နေချိန်မှာ သူ့အိမ်မှာပဲ နေဖြစ်ခဲ့ပါတယ်။ တစ်ညမှာတော့ သူက ဗလာစာအုပ် လေး (၃)အုပ်ထုတ်ပြပါတယ်။ အဲဒါကတော့ သူပထမဆုံးအကြိမ် ထောင်က လွတ်လွတ်ချင်း ထောင်ထဲမှာနေ့စဉ် ကြုံတွေ့ခဲ့ရပုံတွေကို အသေးစိတ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

“ဇာဂနာ ဒိုင်ယာရီ”

သူ့ရဲ့ဒိုင်ယာရီထဲက ရှေ့ပိုင်းစာမျက်နှာ အနည်းငယ်ကို ၂၀၀၇ နောက်ပိုင်း အင်တာနက် စာမျက်နှာတစ်ချို့မှာ ဖေါ်ပြလာတာ တွေ့ရပါတယ်။ အထူးသဖြင့် မိုးမခစာမျက်နှာနဲ့ ကိုသူရရဲ့ ကိုယ်ပိုင်ဘလော့ခ် မှာပါ။ ဒါပေမဲ့ တခန်းနှစ်ခန်းပဲ ဖေါ်ပြပြီး ရပ်ထားတာ တွေ့ရပါတယ်။ ဖြစ်နိုင်တာကတော့ ဒီဒိုင်ယာရီမှာ သူကြုံခဲ့သမျှကို သူ့ဟာသဓါတ်ခံ နိုင်ငံရေးခံယူချက်အခံနဲ့ အားမနာတမ်းရေးထားတာမို့ ဒီထဲမှာပါနေတဲ့ သူတစ်ချို့ကို ဒုက္ခပေးမှာစိုးတာရယ်၊ သူပွင့်ပွင့် လင်းလင်း ရေးလွန်းလို့ တခြားလူတွေကို အားနာပြီး ဆက်မဖေါ်ပြပဲ ထားခဲ့တယ်လို့ပဲ နားလည်မိပါတယ်။

ဒါကြောင့် ဒီဒိုင်ယာရီဟာ မြန်မာစာဖတ်ပရိတ်သတ်အကြားမှာ သိပ်မသိကြတာပါ။ ဒါပေမဲ့ နိုင်ငံတကာမှာ လွတ်လပ်စွာ ရေးသားဖေါ်ထုတ်ခွင့်အတွက် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ အကြားမှာတော့ ဒီဒိုင်ယာရီဟာ တော်တော်ကို လူပြောသူပြော များလှပါတယ်။ အဲဒီအဖွဲ့တွေက ထုတ်တဲ့ စာစောင်တွေမှာ ဘာသာပြန်ပြီး အထူးဂုဏ်ပြု ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ ခုတော့ သူအထဲရောက်နေတာကို အခွင့်ကောင်းယူပြီး တစ်ချို့ကို မနေနိုင် မထိုင်နိုင် နည်းနည်းဖေါက်သည်ချရ ကောင်းမလား စဉ်းစားမိသဗျ။

အဲဒီ ဒိုင်ယာရီမှာ ထူးထူး ခြားခြား ပေါ်လွင်ထင်ရှားတာကတော့ ဇာဂနာရဲ့ ထီမထင်တဲ့ စိတ်ဓါတ်နဲ့ ဟာသ ဥာဏ်ပါ။ ပြောရရင် အဲဒီအချိန်က အာဏာ သိမ်းခါစ ဖြစ်တာမို့ စစ်ဦးဘီလူး ဆိုသလို တော်တော်ပဲ ကြမ်းကြမ်း တမ်းတမ်း စစ်ဆေးပါတယ်။ ဒီတော့ ကိုရွှေဇာဂနာ အပါအ၀င် ရဲဘော်အနုပညာသည်တွေမှာ တော်တော်လေး နှိပ်စက်ခံရပါတယ်။

မော်တော်ဆိုင်ကယ်စီးခိုင်းတဲ့ အတွေ့အကြုံတွေကို ရေးတော့မယ်ဆိုတော့ အဲဒီအခန်းကို “မော်တော်ဆိုင်ကယ် လှလှလေးတွေ” လို့ ခေါင်းစဉ်တပ်ပါတယ်။ ပြီးတော့မှ ဘယ်လို မသက်မသာ ခံခဲ့ရတယ်ဆိုတာ ရေးပြပါတယ်။ ၀ိုင်းပြီး ဆွမ်းကြီးလောင်းကြတော့လည်း ၀ိုင်းဆော်နေတဲ့ကြားက တခြားလူတွေကို ဘယ်လို ဆော်တယ် ဆိုတာကိုပါ စပ်စုထားပါသေးတယ်။ လူတွေမှာ စရိုက် အမျိုးမျိုး ရှိကြပါတယ်။

ဒီထဲမှာ ဇာတ်မင်းသားကြီး ဦးညီဝင်းစိန် ခမျာလည်း ဆော်ခံထိတဲ့ ဘေးက ပြေးမလွတ်ခဲ့ပါဘူး။ ဒီလို ဆော်တဲ့အခါ နာလွန်းတော့ ညည်းညူမိတာ လူတိုင်းရဲ့သဘာဝပါ။ ဒါပေမဲ့ နောက်ပိုင်း ဇာတ်တော်တွေမှာ နှိပ်စက်ခံရတဲ့အခန်း (အပူတိုက်)ကတဲ့ အခါ ငိုချင်းတွေနဲ့ နာမည်ကြီးလှတဲ့ မင်းသားကြီးဆိုတော့ လေသံက နောက်ပိုင်းကဇာတ်ဆန်ဆန် ညည်းမိပါလိမ့်မယ်။ အဲဒါကို ဒီလောက်အထုအထောင်း ခံနေရတဲ့ ကြားက သတိထားမိအောင်ထားမိပြီး ထည့်ရေးထားတာ ဖတ်ရတိုင်း စိတ်မကောင်းတဲ့ ကြားက မပြုံးပဲ မနေနိုင် ဖြစ်ရပါတယ်။

ကိုရွှေထောက်လှမ်းရေးတို့ ထုံးစံအတိုင်း စိတ်ကြိုက်ထုနှက်လို့ ပြီးပြီလား ဆိုမှဖြင့် သိချင်သမျှကို အပျော့ဆွဲလေးနဲ့ မှတ်တမ်းယူမဲ့ ပုဂ္ဂိုလ်က စီးကရက်ဗူးလေးနဲ့ မျက်နှာပိုးလေးသပ် ရောက်လာ တတ်တာ သဘာဝပါ။ ကိုသူရတို့ အမှုမှာ တာဝန်ယူပြီး မေးမြန်းခဲ့သူကတော့ ဗိုလ်မှူးစန်းပွင့်ပါတဲ့ခင်ဗျ။ အနှီပုဂ္ဂိုလ်က အဲဒီအချိန်က ဗိုလ်မှူးအဆင့်ပဲ ရှိပါသေးတယ်။ ပြီးတော့မှ အရှင်မွေးနေ့ချင်းကြီးဆိုသလို ဗိုလ်ခင်ညွန့်ရဲ့ လက်ရုန်းကြီးတစ်ဆူဖြစ်လာပြီး နောက်ပိုင်းမှာတော့ ဗိုလ်ခင်ညွန့်ကို နှိပ်ကွပ်ခန်းမှာ ထောင်နန်းစံသွားရ ရှာပါတယ်။

ဒီနေရာမှာ ဖေါက်သည်ချချင်တာက သူ့ကို ဦးဆောင်ပြီး နှိပ်စက်မေးမြန်းခဲ့ ဗိုလ်စန်းပွင့် တစ်ယောက် ထောင်နန်းစံ ရပြီဆိုတဲ့ အခါမှာတော့ ထုံးစံအတိုင်း သတင်းမေးရဲတဲ့ လူတောင် မရှိချိန်မှာ သူ့အကျဉ်းသားဖြစ်ခဲ့ဘူးခဲ့တဲ့ ဇာဂနာက မိသားစုကိုသွား ရဲရဲတွေ့ပြီး အားပေးကူညီပေးခဲ့ ဘူးတယ် ဆိုတဲ့ သမိုင်းတစ်ကွေ့ ပါပဲခင်ဗျား။

တလောက လန်ဒန်မှာ မှတ်တမ်းရုပ်ရှင် သမားတစ်ယောက်က စက်တင်ဘာ အရေးတော်ပုံ မတိုင်ခင်လေးမှာ ရန်ကုန်သွားပြီး ကိုသူရကို မှတ်တမ်းတင်ရိုက်လာတဲ့ ဗီဒီယိုရုပ်ရှင်ကားတိုလေးပြလို့ ကြည့်ခဲ့ရသဗျ။ အဲဒီရုပ်ရှင်ထဲမှာ ..

“ကျွန်တော်မူကတော့ ရန်သူဟာ ကျွန်တော့် မိတ်ဆွေ ဖြစ်လာရမယ်” လို့ ပြောခဲ့ပါတယ်။

အဲဒါလေးကို ကြည့်နေရင်းကနေ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်မယ်ဆိုတာ အပြောမဟုတ် လက်တွေ့လည်း လုပ်ခဲ့တဲ့လူပဲ။ ခုလည်း ကြိုးစားနေဆဲပဲလို့ တွေးနေမိပါကြောင်း။

ရှေ့ဆက်ရေးပါဦးမယ်။

ပန်းချီထိန်လင်း

(ကောင်းကင်အင်တာနက်မဂ္ဂဇင်း စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်)

4 comments:

Zaw Myo Lwin said...

“တို့ပြည်ထောင်စုအလံတော်သည်
်ဗိုလ်ချုပ်ဈေးက ဝယ်လာသည်၊
နှစ်ကျပ်ခွဲပဲတန်ပါသည်
ဆေးဆိုးပန်းရိုက်ဖြစ်ပါသည်။”

ဒေါ်လာ said...

ကြိုးစား ကြိုးစား ဆက်လုပ်


ဒေါ်လာစားအတိုက်အခံများ
http://dollardollardollardollardollar.blogspot.com/

တပ်နှင့်ပြည်သူ said...

http://armynpeople.blogspot.com/

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog