Showing posts with label Letters from Reader. Show all posts
Showing posts with label Letters from Reader. Show all posts

Saturday, June 7, 2008

Junta has no business betwenn the donors and the volunteers of Relief works after Nargis

မြန်မာအလှူရှင်တွေနဲ့ စေတနာရှင်လုပ်အားပေးများကြား စစ်အစိုးရက ၀င်ရှုပ်စရာမလို
ကြပ်ပြေး နေပြည်တော် သို့ သွားရာလမ်းကိုသာ ညွှန်လိုက်ရန်သာ ရှိတော့သည်

မိုးမခ စာဖတ်သူတဦး (ရန်ကုန်)

ဇွန် ၇၊ ၂၀၀၈

အခု သတင်းစာတွေမှာ ပလူပျံနေအောင် မုန်တိုင်းကယ်ဆယ်ရေး အလှူရှင်များနဲ့ လုပ်အားပေး စေတနာရှင်များကြားထဲကို စစ်အစိုးရက ၀င်ပြီး တောပြော၊ တောင်ပြောတွေ ပြောနေပါတယ်။ ဧရာဝတီက မုန်တိုင်းဘေးသင့်ဒုက္ခသည်တွေရဲ့ အဖြစ်မှန်တွေကိုလည်း ပုံကြီးချဲ့၊ လုပ်ကြံဖန်တီးတယ်လို့ စစ်အုပ်စု ၀ါဒဖြန်ချိရေးက ဆိုလာပြန်ပါတယ်။

နိုင်ငံတော်အစိုးရက ၀တ္တရားပျက်ကွက်လို့၊ မျက်ကွယ်ပြုထားလို့ မနေနိုင်သော၊ မျိုးချစ်စိတ် အပြည့်ရှိသော၊ တိုင်းပြည်ကို တကယ်ချစ်သော ပြည်သူများက၊ ဘုန်းကြီးတွေက ပြည်တွင်း ပြည်ပကနေပြီး အလှူထည့်ဝင်ပြီး လှူကြ၊ ပြည်တွင်းက စေတနာရှင် လုပ်အားပေးတွေကလည်း ၀ိုင်းဝန်းပြီး ကယ်ဆယ်စောင့်ရှောက်ရေးတွေ လုပ်နေကြနဲ့ အဲသည်လို အလှူရှင်က စိတ်ပြတ်ပြီးတော့ စေတနာ ၃ တန် ပြဌာန်းပြီး လှူတာပါ။ လုပ်အားပေးသူများကလည်း သူတို့လိပ်ပြာနဲ့သူတို့ ကူညီလုပ်အားပေးနေတဲ့ဆီမှာ ဘေးကနေ ဘာမှ ၀င်ပြောစရာ မလိုပါ။ ကိုယ်ကျိုးရှာတယ်တို့၊ အလွဲသုံးစား လုပ်တယ်တို့ သူတို့က ပြောနေစရာ မလိုပါ။

ဖြစ်နိုင်ရင် ပြည်တွင်း ပြည်ပက အလှူရှင်တွေက စာထုတ်ပေးလိုက်ကြပါလို့ ပြောချင်တာပါပဲ။ ဒီလိုမျိုး ပိတ်ပြောလိုက်ကြပါဗျာ။


အလှူရှင်တွေဟာ အလှူငွေတွေကို ဘယ်လိုပဲ အသုံးပြုသည်ဖြစ်စေ ဘာပဲသုံးသုံး ခွင့်ပြုတယ်၊ ယုံကြည်တယ် ဆိုတဲ့ အကြောင်း၊် ကိုယ်ကျိုးပဲ သုံးတယ်ဆိုလည်း ခွင့်ပြုတယ်ဆိုတဲ့ အကြောင်း၊် အစိုးရကလည်း ဘာမှဝင်ပြောပိုင်ခွင့် မရှိကြောင်း၊ အဲသည်သဘောထားနဲ့ပဲ နိုင်ငံတကာက အကူတွေကို လေဆိပ်တွေမှာ၊ ဂိုဒေါင်တွေမှာ အစိုးရမင်းထံ (မယုံကြည်ဘဲနဲ့ကို) ပုံပေးထားပြီး ဖြစ်ကြောင်း၊ အဲသည် အလှူတွေကိုလည်း စစ်အစိုးရက စိတ်ကြိုက် စီမံခန့်ခွဲနေသည်ကို ဒုက္ခသည် ပြည်သူကြီး အငတ်ဘေးနှင့် ရင်ဆိုင်နေကြသည့် သက်သေ ထင်ရှားနေပြီ ဖြစ်ရာ ကိုယ့်အလုပ်ကို ကျေပွန်အောင် လုပ်ပါဦးလို့ ဆိုတဲ့ မြန်မာပြည် အလှူရှင်များက စစ်အစိုးရကို ကြေညာချက် ထုတ်လိုက်ပါ ဗျာ …။

မြန်မာပြည်ကတော့ စံ ပါပဲဗျာ။ "လဲနေသူကို ထူပေးပါ" ဆိုတာတောင် ခိုးပြီး ထူနေရတဲ့ တိုင်းပြည်၊ "အားနည်းသူကို အားပေးပါ" ဆိုတာတောင် အစိုးရမင်းများ မသိအောင် ခိုးပြီး အားပေးနေရတဲ့ တိုင်းပြည်ကြီးပါ ခင်ဗျား။

နောက်တချက်ကတော့ စေတနာရှင် အလှူရှင်များ၊ စေတနာရှင် လုပ်အားပေးများကလည်း သိပ်အပင်ပန်းခံပြီး ကယ်ဆယ်ရေး၊ နေရာချထားရေး နဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးမနေပါနဲ့ ခင်ဗျား။ အစိုးရမင်းများက မကြည်ဖြူတဲ့အကြောင်းကို အကျယ်တ၀င့် ရှင်းပြကြပြီး သူတို့အတွက် မြို့သစ်ကြီးတခု အဆင်သင့် ဆောက်ပြီး စောင့်ကြိုနေကြောင်း အဲဒီကိုသာ ရွှေ့ပြောင်းကြဖို့ အကြံပေးပြီး ကြပ်ပြေး နေပြည်တော်သို့ သွားရာလမ်းကို ဧရာဝတီက မြန်မာဒုက္ခသည်များကို လမ်းညွှန်ပေးတော်မူကြပါခင်ဗျား။

(ဓာတ်ပုံများ - အနုပညာရှင်များ၊ စေတနာရှင်လူငယ်များရဲ့ ကောင်းမှုဓာတ်ပုံများ ဖြစ်ပါတယ်။ - မိုးမခ )