မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲဆိုတာကို ရန်ကုန် မန္တလေး ၂ မြို့ ခွဲ ပြီး ကျင်းပခဲ့ပါတယ်။စုစုပေါင်း ၃၄ ဖွဲ့ ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး အဆင့်ကိုတော့ ရှစ်ဖွဲ့တက်ခဲ့ပါတယ်။
ဖိုင်နယ်ပွဲမှာတော့ ဇွဲ အငြိမ့်က ပထမဆု၊အကောင်းဆုံးလူရွှင်တော်ဆု၊မျိုးဆက်သစ်ဆု နဲ့ ပ၇ိသတ် အကြိုက်ဆုံး အငြိမ့်ဆုတို့ ကိုဆွတ်ခူး ရရှိခဲ့ပါတယ်။
ခုတော့ ရန်ကုန် မြို့ရဲ့လမ်းမများပေါ်မှာ မြန်မာ့ အငြိမ့် သဘင် ပြန်လည် ဖူးပွင့်လာပါပြီ။သည်လို အခွင့်အရေးအတွက် ၂၉နှစ် စောင့်ခဲ့ရပါတယ်။ဆက်လက်ထိန်းသိမ်း အောင်လံ လွှင့်နိုင်ကြပါစေ။
Saturday, September 30, 2017
Posted by
Unknown
at
5:22 PM
0
comments
Wednesday, July 19, 2017
Wednesday, September 30, 2009
Artist Htein Lin - Remembering Zarganar - 3
ကြောက်မွှေးပါ ဇာဂနာ နဲ့ နှုတ် - ၃ ပန်းချီ ထိန်လင်း “တို့ ပြည်ထောင်စု အလံတော်သည်၊ ဗိုလ်ချုပ်ဈေးက ၀ယ်လာပြီ၊ ပြည်သူ အပေါင်းတို့ ငြိုငြင်သည်။ မြပုဏ္ဏမာ အဖွဲ့ ရယ်လို့ အောင်မြင် ကျော်ကြားလာပြီးနောက် ၁၉၈၈ ခု ဇန်န၀ါရီလ ပုသိမ်မြို့မှာ ပြည်ထောင်စု အလံတော် ကြိုဆိုပွဲ စင်ပေါ်ကနေ လူရွှင်တော် အရိုင်းက ရာဇ၀တ်အိုးကို တုတ်နဲ့ ထိုးချလိုက်သဗျ။ သိကြတဲ့အတိုင်း အဲဒီခေတ်က “ပြည်ထောင်စုနေ့” ဆိုတာကြီးက ကျိုက္ကဆံကွင်းထဲမှာ ၀န်ကြီးဌာန ပြခန်းတွေ၊ ပြည်နယ်နဲ့ ပြခန်းတွေနဲ့ အကြီးအကျယ် လုပ်ပြီး ဗိုလ်နေ၀င်းက နိုင်ငံရေး မျက်လှည့်ပြပွဲကြီး လုပ်တာကိုး။ ဇန်န၀ါရီလလောက်ကတည်းက စပြီး အဲဒီ ပြည်ထောင်စုအလံ ဆိုတဲ့ဟာက အိုလံပစ် မီးရှူးတိုင် လှည့်သလို ပြည်နယ်နဲ့တိုင်းတွေကို လှည့်တာကိုး။ အလံ ညအိပ်တဲ့ မြို့ကြီးတွေမှာလည်း ပွဲကြီးတွေခံပြီး နေ့စဉ် သတင်းစာ မျက်နှာဖုံးတွေမှာက ဒါပဲ ပုံကြီးတွေချဲ့ပြီး ဖေါ်ပြနေတာ။ အဲဒီလို အချိန်မျိုးမှာမှ ခုလိုလုပ်ချလိုက်တော့ ပွဲက မဆူခံနိုင်ရိုးလား။ ပြဿနာ မတက်ခံနိုင်ရိုးလား။ အချိန်က ၁၉၈၈ ဇန်န၀ါရီလ။ နေရာက ပုသိမ်မြို့။ အလံက အဲဒီနှစ်က ပထမဆုံး ရန်ကုန်ကလာပြီး ပုသိမ်မှာ ညအိပ်မှာ။ အဲဒီတော့ ဧရာဝတီတိုင်း တိုင်းကောင်စီက ဦးစီးပြီးလုပ်တဲ့ အလံတော် ကြိုဆိုပွဲကြီးမှာ အဲဒီအချိန်က နာမည်ကြီးနေတဲ့ NEW WAVE တေးဂီတအဖွဲ့နဲ့ ဇာဂနာရဲ့ မြပုဏ္ဏမာ အဖွဲ့ကို ပူးတွဲတင်ဆက်ဘို့ စီစဉ်ခဲ့သဗျ။ ပထမည မှာပဲ နာမည်ကျော် ကိုအရိုင်းက အဲလိုလုပ်ချလိုက်ပါသတဲ့။ သူ့မူရင်းသီချင်း စာသားက ... “တို့ပြည်ထောင်စုအလံတော်သည်၊ တလူလူ လွင့်လို့ချီလာပြီ၊ ပြည်သူအပေါင်းတို့ပျော်ရွှင်သည်၊ မနှေးယခု အလေးပြုကြပါမည်” ….ပါ။ အဲဒီသီချင်းကလည်း နေ့စဉ် ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ မကြားချင်မှ အဆုံးဖြစ်နေတာ။ အဲဒီသီချင်းကို အဲလိုလုပ်ချလိုက်ပြီးတော့ ပဏာမ ပရိက စကား ပြောကြတော့လည်း ... “ကဲ ... အလံတော်ကြိုတာ လွယ်လွယ်လေး၊ ဒယ်အိုးကြီးကြီးထဲ ရေထည့်ပြီး မီးနဲ့တိုက်ပြီး အလံကိုထည့် ကျိုလိုက်ယုံပဲ” ... ဆိုပြီး လုပ်သကိုး။ ဘယ်နေလိမ့်မလဲဗျာ။ တိုင်းထောက်လှမ်းရေးက ခေါ်ပြီး ကောင်းကောင်းသတိပေး ခြိမ်းခြောက်တော့တာပေါ့။ အဲဒါနဲ့ နောက်နေ့ညလည်း ရောက်ရော ပရိတ်သတ်ကလည်း မနေ့ကအရှိန်နဲ့ ပြသနာတက်ထားတာလည်း သိတော့ ဘာတွေထပ်ပြက်မလည်း စောင့်နေချိန်မှာ အငြိမ့်လည်း ထွက်ရော လူရွှင်တော်တွေ အကုန်လုံး ပါးစပ်တွေကို ပလပ်စတာတွေ ပိတ်ပြီး တက်လာကြသတဲ့။ ပွဲကို ဆူပွက်သွားတော့တာကိုး။ အဲဒီ ဂယက်က ဘယ်ထိ ရိုက်သလည်းဆိုတော့ တိုင်းထောက်လှမ်းရေးက ဇာဂနာနဲ့ အငြိမ့်တစ်ဖွဲ့လုံးကို တိုင်းတရားရုံးမှာ နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပါသတဲ့။ အံ့သြစရာ ကောင်းတာကတော့ တိုင်းတရားသူကြီး လုပ်တဲ့လူက ... “လူရွှင်တော်တွေပဲ ဒီလောက်တော့ ပြက်မှာပေါ့” .... ဆိုပြီး အမှုကို ပလပ်လိုက်ပါသတဲ့။ အဲဒီတော့ မဆလခေတ်ရဲ့ တရားစီရင်ရေးက အထိုက်အလျောက်တော့ လွတ်လပ်မှု ရှိသေးတယ်ပြောရပါမယ်။ အဲလို ထောက်လှမ်းရေးကို ပြန်လှန်ရဲတယ် ဆိုတဲ့ သတ္တိက နည်းမှတ်လို့ဗျာ။ လွန်ခဲ့တဲ့ တစ်လလောက်က ကိုဂေါ်ကြီး (ဂေါ်ဇီလာ)နဲ့ အွန်လိုင်းမှာ တွေ့ရင်း စပ်မိရာက အဲဒီတုန်းကအကြောင်း ပြန်မေးတော့ သူက တရားသူကြီး နာမည်ကိုပါ ပြောလိုက်ပါသေးတယ်။ ဒီလိုနဲ့ ထောင်နန်းစံရမဲ့ဘေးက ဝေးပြီး ရန်ကုန်ကို ပြန်လာနိုင်ခဲ့ ပါသတဲ့။ အဲဒါကို ကိုရွှေထောက်လှမ်းရေးက မကျေနပ်နိုင်သေးပဲ ရန်ကုန်တရားရုံးချူပ်ထိ လိုက်လာပြီး အမှုတွဲတင် တရားစွဲပါတယ်။ အဲဒီအချိန်က ရန်ကုန်မှာ နိုင်ငံတော်ကောင်စီဝင် တွေကို ဖြေဖျော်ပွဲ တစ်ခု မြပုဏ္ဏမာအဖွဲ့ကို ကခိုင်းတော့ ကိုသူရက လောလောဆယ် တရားစွဲခံနေရတဲ့ အကြောင်းကို နိုင်ငံတော် ကောင်စီဝင်တွေထဲက တစ်ယောက်ကို ပြောပြရာက ဗိုလ်ချုပ်နေ၀င်းပါ သိသွားပါသတဲ့။ အဲဒီမှာတင် အဲဒီအချိန်က စေတလုံးပိုင်ရှင် သွားလေသူ ဗိုလ်နေ၀င်းက “လူရွှင်တော်တွေပဲကွာ၊ ဒီလောက်တော့ပြက်ပါစေ” ... လို့ စကားတစ်ခွန်းထွက်လာ ပြီးနောက်မှာ တရားစွဲတဲ့ ကိစ္စလည်း ရပ်တန်းက ရပ်သွားပါတော့သတဲ့။ ခုတော့ ဗိုလ်နေ၀င်းကိုတောင် ပြန် ချီးကျူးရတော့မလို ဖြစ်နေပါတယ်။ အဲဒီတုန်းက ကျွန်တော်က မိုးနတ်သူဇာ အငြိမ့်အဖွဲ့နဲ့ မကွေးတိုင်း ပေါက်မြို့ကို ရောက်နေပါတယ်။ ပုသိမ်မြို့ကနေ ဆက်ထွက်လာမဲ့ ပြည်ထောင်စုအလံက ပုသိမ်-မုံရွာ ကားလမ်းအတိုင်း တက်လာပြီး ပေါက်မှာ တစ်ညအိပ်မှာမို့ ပေါက်မြို့နယ် ကောင်စီက မိုးနတ်သူဇာအဖွဲ့နဲ့ အတူ နိုင်ငံကျော် အဆိုတော် မာမာအေးကို အလံတော် ကြိုဆိုရေးကွင်းထဲမှာ ငှါးထားပါတယ်။ အန်တီ မာမာအေးက သူ့ရဲ့ သားတပည့်လည်း ဖြစ်တဲ့ စန္ဒရားမျိုးခင် (မစ္ဇျိမလှိုင်း) နဲ့ အတူ အငြိမ့်မထွက်ခင် သီဆိုပါတယ်။ အဲဒီတော့ ပုသိမ်ကနေ အလံနဲ့ပါလာတဲ့ လုံခြုံရေးအဖွဲ့က ပေါက်မြို့ရောက်တဲ့အခါမှာတော့ မြို့နယ်ကောင်စီကို ခေါ်ကြပ်ပါတော့တယ်။ အင်မတန်မှ ကြောက်တတ်တဲ့ မိုးနတ်သူဇာ ခေါင်းဆောင် သီတာဝင်း၊ လူရွှင်တော် ကိုချစ်စရာ နဲ့တက်တူ တို့က ကျွန်တော်တို့ကို မျက်စိပျက် မျက်နှာပျက်နဲ့ ခေါ်ပြီး ဇာဂနာတို့ကို အရေးယူထားကြောင်း ခုသူတို့ကို နိုင်ငံရေးပြက်လုံးတွေ မပါစေရပါဘူးလို့ အာမခံ လက်မှတ်ထိုး ခဲ့ရကြောင်း။ အဖွဲ့သားတွေ ဒုက္ခ ရောက်စေမဲ့ ပြက်လုံးတွေ မလုပ်ဘို့ သတိပေးပါတယ်။ ကျွန်တော့် အမြင်အရ မိုးနတ်သူဇာ လူရွှင်တော်တွေက သတိမပေးလည်း အဲဒါမျိုးတွေပြောဘို့ ပြက်ဘို့ ဆန္ဒကို မရှိပါဘူး။ ကျွန်တော် အနေနဲ့တော့ ပြောင်မြောက်လှတဲ့ မြပုဏ္ဏမာအဖွဲ့ရဲ့ လုပ်ရပ်ကို ကြိတ်ပြီး သဘောကျ ထောက်ခံနေရပါတယ်။ ဒီလိုနဲ့ ကကြတဲ့အခါ နတ်ဝင်သည် လုပ်ကြတဲ့ ပြက်လုံးခွင်မှာ ... “ငါ့ကို မရိုမသေ မလုပ်နဲ့ နင့်ဦးလေး ငွေစက္ကူ ခွန်နှစ်ဆယ်ငါးကျပ်တန်တွေ တရားမ၀င် ဖြစ်ကုန်တာ ဘယ်သူလုပ်တယ် ထင်သလဲ” ... လို့ မေးတဲ့အခါမှာ တက်တူ နဲ့ကိုချစ်စရာတို့က .. “အဲဒါ အမေလုပ်တာလား” လို့မေးထောက်ပေးရမဲ့ နေရာမှာ ထောက်မပေးတော့ပဲ ပြက်လုံးအသွားကို ပိတ်ထားကြတာမို့ နောက်ဆုံး ကိုယ့်ဖါသာပဲ .... “အဲဒါ .. ပုံ/စိန်လွင် လုပ်တာဟေ့” ဆိုပြီး ဇွတ်ပြက်ချလိုက်ပါတော့တယ်။ ပွဲလည်းပြီးရော သီတာဝင်း နဲ့ ကိုချစ်စရာတို့က ခေါ်ယူကြိမ်းမောင်း ပါတော့တယ်။ ခေါ်ယူကြိမ်းမောင်းတယ် ဆိုတာထက် မြည်တွန် တောက်တီးတယ်ဆို ပိုမှန်ပါလိမ့်မယ်။ ဗိုလ်နေ၀င်းက လူရွှင်တော်ပဲ ဒီလောက်တော့ ပြက်ကြမှာပေါ့လို့ ပြောကြားပြီး အမှုကိစ္စ ပြီးသွားတဲ့နောက် ကျိုက္ကဆံကွင်းထဲမှာ ပြည်ထောင်စုပွဲအတွက် မြပုဏ္ဏမာ အဖွဲ့တင်ဆက်တဲ့ အခါမှာတော့ ဇာဂနာက ပြည်ထောင်စုပြခန်းတွေ ၀န်ကြီးဌာနပြခန်း တွေအားလုံးကို အဲဒီနှစ်က ၀ါးတွေနဲ့ဆောက်ထားတာတွေကို လက်ညိုးထိုးပြီး၊ “သမ၀ါယမ ၀န်ကြီးဌာနလည်း ၀ါးပဲ၊” “စက်မှူဝန်ကြီးလည်းဝါးပဲ၊” “အားလုံးဝါးတွေချည်းပါလား” ဆိုပြီး ပြက်ချတဲ့ အခါမှာတော့ ကျိုက္ကဆံကွင်းထဲမှာ ၀က်ဝက်ကွဲပါတော့တယ်။ အဲဒီနောက်တော့ သူ့ရဲ့နာမည်ကျော် “ဟိုကောင်စီလည်း မကောင်းဘူး၊” “ဒီကောင်စီလည်း မကောင်းဘူး” ဆိုပြီး အုတ်ခဲစီတဲ့ ကျန်တဲ့ လူရွှင်တော်တွေကို အပြစ်တင်တဲ့ပုံနဲ့ နိုင်ငံတော်ကောင်စီကိုပါ ပြက်လုံးနဲ့ ဆော်ပါတော့တယ်။ ဒါကြောင့် မဆလခေတ်က ကြပ်တယ်ဆိုပေမဲ့ အတိုင်းအတာတစ်ခုထိတော့ လွတ်လပ်မှု ရှိသေးတယ်လို့ ပြောကြတာဖြစ်သဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ၁၉၉၀ နောက်ပိုင်းကစပြီး ဇာဂနာကို အငြိမ့်စင်ပေါ်မှာ လူထုနဲ့တိုက်ရိုက် ထိတွေ့ဖျော်ဖြေပွဲတွေကို ပိတ်ထားခဲ့တာဟာ ဒီနေ့အထိ ဖြစ်လို့ပါ ခင်ဗျ။ ဒီလိုနဲ့ ၁၉၈၈ မတ်လ ကိုဘုန်းမော်ကျဆုံးရာကနေ ပင်မတက္ကသိုလ်ထဲမှာ ချီတက်ဆန္ဒပြတဲ့ ကိစ္စနဲ့ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားစာရင်းမှာ ကျွန်တော် နာမည် ပါလာပါတယ်။ မိုးနတ်သူဇာ သီတာဝင်းရဲ့ စေလွှတ်မှုနဲ့ ကိုချစ်စရာနဲ့ ကိုတက်တူတို့ ရောက်လာပါတယ်။ ပထမတော့ မန္တလေးက မြို့မအဖွဲ့ ရန်ကုန်ဆင်းလာတာကို ငှါးဘို့ ဆိုပြီး လူပြက်တောင်ရှည်တွေကို မလိမ့်တပတ်နဲ့ လာယူသွားပါတယ်။ နောက်သေသေချာချာမေးကြည့်တော့မှ၊ လောလောဆယ် အဖွဲ့ရဲ့ ရှေ့ရေးအတွက် ကျွန်တော့်ကို အဖွဲ့က ယာယီ ထုတ်ထားမယ်လို့ ပြောလာပါတယ်။ ကျွန်တော်လည်း ကျောင်းထုတ်ခံထားရလို့ ညစ်နေရတဲ့ အထဲမှာ လာ အရာပေါ်နေတာမို့ အော်ဖြစ်မှဖြစ်ရလေလို့ပဲ စိတ်ထဲကနေ ပြောမိပါတော့တယ်။ အမှန်တော့ အဲဒီအချိန်က ကျောင်းထဲမှာ ဇွန်လအရေးအခင်းက ကိုမိုးသီးဇွန်တို့ ဦးဆောင်မှုနဲ့ “စ”နေပြီမို့ အငြိမ့်ကိစ္စလည်း ခေါင်းထဲမရှိတော့ပါဘူး။ တစ်သက်မှာ တစ်ခါဆိုသလို ကြုံနေရတဲ့ ကျောင်းသားလှုပ်ရှားမှုကြီးထဲ ဘယ်လို ဘယ်လောက် ပါဝင်သင့်သလဲ ဆိုတာပဲ ကိုယ့်ဖါသာကိုယ် ဇယားဆွဲနေခဲ့ရတာမို့ မအားလှပါဘူး။ ကြောက်ကလည်း ကြောက်သေးသကိုးဗျ။ အဲဒီလိုနဲ့ ကျွန်တော်နဲ့ မိုးနတ်သူဇာကြားက ဆက်ဆံရေးဟာလည်း တသက်စာအတွက်၊ နိဂုံးချုပ်သွားပါတော့တယ်။ ဇွန်လအရေးအခင်းအပြီး ကျောင်းတွေ ပိတ်လိုက်တာမို့ ကျွန်တော်လည်း ဇာတိမြေကို ပြန်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာချိန်မှာတော့ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ မဲဇလီကုန်း၊ အင်္ဂါပူမြို့နယ်နဲ့ ဟင်္သာတမြို့နယ်တို့မှာ ကျောင်းသားခေါင်းဆောင် တွေထဲက တစ်ဦးအဖြစ် ပါဝင် ကပြခဲ့ရပါတယ်။ အဲဒီကာလ ရန်ကုန်က ရောက်လာတဲ့ အရေးတော်ပုံကာလ သတင်းစာတွေထဲမှာတော့ ကိုသူရတစ်ယောက် စာပေ အနုပညာရှင်များ သမဂ္ဂရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေတဲ့ ဓါတ်ပုံတွေကို တွေ့ရပါတော့တယ်။ နောက်ဆုံးတွေ့ရတဲ့ ဓါတ်ပုံ မှာတော့ မင်းသား ကိုဇင်ဝိုင်းနဲ့အတူ ဆေးရုံကြီးရှေ့မှာ ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြနေတာ တွေ့ခဲ့ရသဗျ။ စက်တင်ဘာ ၁၈ရက် နောက်မှာတော့ အားလုံးရဲ့ ဘ၀တွေဟာ ကြိုးပြတ်ပြီး ကြမ်းပြင်ပေါ်ကို ကျသွားတဲ့ ပုတီးစေ့တွေလို အရပ်မျက်နှာအသီးသီးမှာ ပုံစံမျိုးစုံ ပြန့်ကျဲလို့သွားပါတော့တယ်။ အဲဒီထဲက ပုတီးစေ့တစ်စေ့ ဖြစ်တဲ့ ကျွန်တော်ဟာ လက်နက်ကိုင် တော်လှန်ရေးနဲ့ စစ်အစိုးရကို ဖယ်ရှားပြီးမှ ဒီမိုကရေစီ နိုင်ငံသစ်ကို တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုက်ပြီး ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲက “လေခွန်းတောင်” စခန်းကို ရောက်သွားခဲ့ပါတော့တယ်။ တော်လှန်ရေးအတွက် အိန္ဒိယ အစိုးရကတော့ အပြည့်အ၀ အကူအညီတွေပေး လိမ့်မယ်ဆိုတဲ့ အိမ်မက်ကြီးနဲ့ သွားလိုက်တာ တကယ်တမ်းမှာတော့ ဒုက္ခသည် စခန်းထဲမှာ ဘယ်မှထွက်မရ အစားအသောက်က ဆင်းရဲ အဆိုးဆုံးကတော့ သတင်းတွေ ပြတ်လတ်တာပါပဲ။ လူနှစ်ရာ နီးနီးမှာမှ ရေဒီယိုလေး တစ်လုံးပဲ ရှိတာမို့ အဲဒါလေးကို စုပြီးဝိုင်းနားထောင်ရပါသဗျ။ ရွှေပေါ်မြတင် ထားရပါတယ်။ ကိုသူရကိုတော့ ၁၉၈၈ အောက်တိုဘာ ၂ရက်၊ ဘားလမ်းထဲက စပယ်ဦးပုံနှိပ်တိုက်မှာ သရုပ်ဆောင် ဇင်ဝိုင်း၊ ဇာတ်မင်းသား မိုးဝင်း၊ ညီဝင်းစိန်၊ ဒါရိုက်တာအောင်မြင့်မြတ်၊ ဦးတင်စိုးတို့နဲ့ အတူ ဖမ်းသွားတာသိခဲ့ရသဗျ။ အဲဒီ အချိန်က သူတို့ကို ဘယ်လိုနှိပ်စက်ခဲ့တယ် ဆိုတာတွေရယ် ထောင်ထဲမှာ ၁၉၈၉ မတ်လ ကုန် အထိ ကာလ ဘယ်လိုကြုံတွေ့ရတယ်ဆိုတာတွေကို နောက်ပိုင်းမှာ ကျွန်တော်လည်း တောထဲက ပြန်ရောက်ပြီး သူနဲ့အတူ တော်တော်လေးနေဖြစ်တဲ့ အချိန်တွေမှာ ကြုံရင် ကြုံသလို သူပြန်ပြောလေ့ ရှိပါတယ်။ ၂၀၀၅ ကျွန်တော် ထောင်ပြန်လွတ်ပြီး နောက်မှာ ကျွန်တော့် ပထမအိမ်ထောင် ပျက်သွားတာမို့ နေစရာပျောက်နေချိန်မှာ သူ့အိမ်မှာပဲ နေဖြစ်ခဲ့ပါတယ်။ တစ်ညမှာတော့ သူက ဗလာစာအုပ် လေး (၃)အုပ်ထုတ်ပြပါတယ်။ အဲဒါကတော့ သူပထမဆုံးအကြိမ် ထောင်က လွတ်လွတ်ချင်း ထောင်ထဲမှာနေ့စဉ် ကြုံတွေ့ခဲ့ရပုံတွေကို အသေးစိတ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ “ဇာဂနာ ဒိုင်ယာရီ” သူ့ရဲ့ဒိုင်ယာရီထဲက ရှေ့ပိုင်းစာမျက်နှာ အနည်းငယ်ကို ၂၀၀၇ နောက်ပိုင်း အင်တာနက် စာမျက်နှာတစ်ချို့မှာ ဖေါ်ပြလာတာ တွေ့ရပါတယ်။ အထူးသဖြင့် မိုးမခစာမျက်နှာနဲ့ ကိုသူရရဲ့ ကိုယ်ပိုင်ဘလော့ခ် မှာပါ။ ဒါပေမဲ့ တခန်းနှစ်ခန်းပဲ ဖေါ်ပြပြီး ရပ်ထားတာ တွေ့ရပါတယ်။ ဖြစ်နိုင်တာကတော့ ဒီဒိုင်ယာရီမှာ သူကြုံခဲ့သမျှကို သူ့ဟာသဓါတ်ခံ နိုင်ငံရေးခံယူချက်အခံနဲ့ အားမနာတမ်းရေးထားတာမို့ ဒီထဲမှာပါနေတဲ့ သူတစ်ချို့ကို ဒုက္ခပေးမှာစိုးတာရယ်၊ သူပွင့်ပွင့် လင်းလင်း ရေးလွန်းလို့ တခြားလူတွေကို အားနာပြီး ဆက်မဖေါ်ပြပဲ ထားခဲ့တယ်လို့ပဲ နားလည်မိပါတယ်။ ဒါကြောင့် ဒီဒိုင်ယာရီဟာ မြန်မာစာဖတ်ပရိတ်သတ်အကြားမှာ သိပ်မသိကြတာပါ။ ဒါပေမဲ့ နိုင်ငံတကာမှာ လွတ်လပ်စွာ ရေးသားဖေါ်ထုတ်ခွင့်အတွက် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ အကြားမှာတော့ ဒီဒိုင်ယာရီဟာ တော်တော်ကို လူပြောသူပြော များလှပါတယ်။ အဲဒီအဖွဲ့တွေက ထုတ်တဲ့ စာစောင်တွေမှာ ဘာသာပြန်ပြီး အထူးဂုဏ်ပြု ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ ခုတော့ သူအထဲရောက်နေတာကို အခွင့်ကောင်းယူပြီး တစ်ချို့ကို မနေနိုင် မထိုင်နိုင် နည်းနည်းဖေါက်သည်ချရ ကောင်းမလား စဉ်းစားမိသဗျ။ အဲဒီ ဒိုင်ယာရီမှာ ထူးထူး ခြားခြား ပေါ်လွင်ထင်ရှားတာကတော့ ဇာဂနာရဲ့ ထီမထင်တဲ့ စိတ်ဓါတ်နဲ့ ဟာသ ဥာဏ်ပါ။ ပြောရရင် အဲဒီအချိန်က အာဏာ သိမ်းခါစ ဖြစ်တာမို့ စစ်ဦးဘီလူး ဆိုသလို တော်တော်ပဲ ကြမ်းကြမ်း တမ်းတမ်း စစ်ဆေးပါတယ်။ ဒီတော့ ကိုရွှေဇာဂနာ အပါအ၀င် ရဲဘော်အနုပညာသည်တွေမှာ တော်တော်လေး နှိပ်စက်ခံရပါတယ်။ မော်တော်ဆိုင်ကယ်စီးခိုင်းတဲ့ အတွေ့အကြုံတွေကို ရေးတော့မယ်ဆိုတော့ အဲဒီအခန်းကို “မော်တော်ဆိုင်ကယ် လှလှလေးတွေ” လို့ ခေါင်းစဉ်တပ်ပါတယ်။ ပြီးတော့မှ ဘယ်လို မသက်မသာ ခံခဲ့ရတယ်ဆိုတာ ရေးပြပါတယ်။ ၀ိုင်းပြီး ဆွမ်းကြီးလောင်းကြတော့လည်း ၀ိုင်းဆော်နေတဲ့ကြားက တခြားလူတွေကို ဘယ်လို ဆော်တယ် ဆိုတာကိုပါ စပ်စုထားပါသေးတယ်။ လူတွေမှာ စရိုက် အမျိုးမျိုး ရှိကြပါတယ်။ ဒီထဲမှာ ဇာတ်မင်းသားကြီး ဦးညီဝင်းစိန် ခမျာလည်း ဆော်ခံထိတဲ့ ဘေးက ပြေးမလွတ်ခဲ့ပါဘူး။ ဒီလို ဆော်တဲ့အခါ နာလွန်းတော့ ညည်းညူမိတာ လူတိုင်းရဲ့သဘာဝပါ။ ဒါပေမဲ့ နောက်ပိုင်း ဇာတ်တော်တွေမှာ နှိပ်စက်ခံရတဲ့အခန်း (အပူတိုက်)ကတဲ့ အခါ ငိုချင်းတွေနဲ့ နာမည်ကြီးလှတဲ့ မင်းသားကြီးဆိုတော့ လေသံက နောက်ပိုင်းကဇာတ်ဆန်ဆန် ညည်းမိပါလိမ့်မယ်။ အဲဒါကို ဒီလောက်အထုအထောင်း ခံနေရတဲ့ ကြားက သတိထားမိအောင်ထားမိပြီး ထည့်ရေးထားတာ ဖတ်ရတိုင်း စိတ်မကောင်းတဲ့ ကြားက မပြုံးပဲ မနေနိုင် ဖြစ်ရပါတယ်။ ကိုရွှေထောက်လှမ်းရေးတို့ ထုံးစံအတိုင်း စိတ်ကြိုက်ထုနှက်လို့ ပြီးပြီလား ဆိုမှဖြင့် သိချင်သမျှကို အပျော့ဆွဲလေးနဲ့ မှတ်တမ်းယူမဲ့ ပုဂ္ဂိုလ်က စီးကရက်ဗူးလေးနဲ့ မျက်နှာပိုးလေးသပ် ရောက်လာ တတ်တာ သဘာဝပါ။ ကိုသူရတို့ အမှုမှာ တာဝန်ယူပြီး မေးမြန်းခဲ့သူကတော့ ဗိုလ်မှူးစန်းပွင့်ပါတဲ့ခင်ဗျ။ အနှီပုဂ္ဂိုလ်က အဲဒီအချိန်က ဗိုလ်မှူးအဆင့်ပဲ ရှိပါသေးတယ်။ ပြီးတော့မှ အရှင်မွေးနေ့ချင်းကြီးဆိုသလို ဗိုလ်ခင်ညွန့်ရဲ့ လက်ရုန်းကြီးတစ်ဆူဖြစ်လာပြီး နောက်ပိုင်းမှာတော့ ဗိုလ်ခင်ညွန့်ကို နှိပ်ကွပ်ခန်းမှာ ထောင်နန်းစံသွားရ ရှာပါတယ်။ ဒီနေရာမှာ ဖေါက်သည်ချချင်တာက သူ့ကို ဦးဆောင်ပြီး နှိပ်စက်မေးမြန်းခဲ့ ဗိုလ်စန်းပွင့် တစ်ယောက် ထောင်နန်းစံ ရပြီဆိုတဲ့ အခါမှာတော့ ထုံးစံအတိုင်း သတင်းမေးရဲတဲ့ လူတောင် မရှိချိန်မှာ သူ့အကျဉ်းသားဖြစ်ခဲ့ဘူးခဲ့တဲ့ ဇာဂနာက မိသားစုကိုသွား ရဲရဲတွေ့ပြီး အားပေးကူညီပေးခဲ့ ဘူးတယ် ဆိုတဲ့ သမိုင်းတစ်ကွေ့ ပါပဲခင်ဗျား။ တလောက လန်ဒန်မှာ မှတ်တမ်းရုပ်ရှင် သမားတစ်ယောက်က စက်တင်ဘာ အရေးတော်ပုံ မတိုင်ခင်လေးမှာ ရန်ကုန်သွားပြီး ကိုသူရကို မှတ်တမ်းတင်ရိုက်လာတဲ့ ဗီဒီယိုရုပ်ရှင်ကားတိုလေးပြလို့ ကြည့်ခဲ့ရသဗျ။ အဲဒီရုပ်ရှင်ထဲမှာ .. “ကျွန်တော်မူကတော့ ရန်သူဟာ ကျွန်တော့် မိတ်ဆွေ ဖြစ်လာရမယ်” လို့ ပြောခဲ့ပါတယ်။ အဲဒါလေးကို ကြည့်နေရင်းကနေ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်မယ်ဆိုတာ အပြောမဟုတ် လက်တွေ့လည်း လုပ်ခဲ့တဲ့လူပဲ။ ခုလည်း ကြိုးစားနေဆဲပဲလို့ တွေးနေမိပါကြောင်း။ ရှေ့ဆက်ရေးပါဦးမယ်။ ပန်းချီထိန်လင်း (ကောင်းကင်အင်တာနက်မဂ္ဂဇင်း စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်)

Posted by
at
1:50 PM
2
comments
Thursday, July 9, 2009
Artist Htein Lin - Remembering Zarganar - 2
ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ် - ၂
ပန်းချီ ထိန်လင်း
ဇူလိုင် ၁၁၊ ၂၀၀၉
(ကောင်းကင်အင်တာနက်စာမျက်နှာက ယူပါတယ်)
အကျိုးများဘို့ အကြောင်းခံ စာစီ၊
တိုးပွါးလို့ ကောင်းရန် မြန်မာပြည်၊
အမျိုးသားတို့ ဒေါင်းအလံ လာပြီ။
အိုးဝေ၊ အိုးဝေ၊ အိုးဝေ
အိုးဝေသံ စည်စည်၊ ညီစွာ၊ ပီစွာ၊ ချိုသာ စူးရှ၊
မြူးကြွတဲ့ တွန်ကျူးသံသည်
ထလော့မြန်မာ၊ အိုမြန်မာတို့
ဘာသာကို လေးစား၊ သာသနာကို အရေးထား၊
အမျိုးသား အန္တရာယ် ကာကွယ်စောင့်ရှောက် ရဲရဲတောက် ဟစ်ကြွေးသံမြည်။
ဒီအသိတရားခံယူပါသည်၊ ပြည်သူများနဲ့ တသားထဲညီ၊
မြပုဏ္ဏမာ မောင်နှမများက အမျိုးသားနေ့ထူး ဂုဏ်ပြုကြိုဆိုပါသည်။
http://above-3-or-4-pages.blogspot.com/2009/07/artist-htein-lin-remembering-zarganar-2.html
Posted by
at
3:31 PM
0
comments
Wednesday, July 8, 2009
Artist Htein Lin - Remembering Zarganar
ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ် ပန်းချီ ထိန်လင်း ဇူလိုင် ၈၊ ၂၀၀၉ (ကောင်းကင် အင်တာနက်မဂ္ဂဇင်းက ကူးယူဖော်ပြပါတယ်) (ဇာဂနာ(ခေါ်) ကိုသူရ) - (ဓါတ်ပုံ ထိန်ဝင်း) | |
| အဴပည့္အစုံသိုႛ ... |
Posted by
Phan Mee Ain - Literature Lovers
at
12:44 PM
1 comments
Tuesday, June 23, 2009
Zarganar - What's up, Nargis !
ဘာဖြစ်သလဲ နာဂစ်
ဇာဂနာ
ဇွန် ၂၄၊ ၂၀၀၉
ဆန်တွေ ရဟတ်ယာဉ်စီးတယ်
4.W.D စီးတာ
ဌားခ သိန်း ၇၀။
ဘိုကလေးက
အင်းလျားလမ်းထက် ဈေးကြီးတယ်။
ဘာဖြစ်သလဲ နာဂစ် …
ဟော်လံဘီယာတွေ
လခစားတယ်။
ကမ်းရိုးတန်းဖုန်း
နှစ်ဆယ့်သုံးသိန်းပေါက်တယ်။
ဘာဖြစ်သလဲ နာဂစ် …
ဆားချက်တဲ့ ကန်ထဲ
ရေငန်ဝင်တယ်။
လူတ ထောင် အလုပ်ရဖို့
လူတ သိန်း ရင်းရတယ်။
နဂါး ဖြစ်ဖြစ်
ပန်း ဖြစ်ဖြစ်
ဘာဖြစ်လဲ နာဂစ် …
ဘာမှ မဖြစ်ဘူး
ဘာမှမလုပ်သေးလို့။ ။
(၂၀၀၈)
Posted by
at
10:07 PM
1 comments
Friday, March 20, 2009
Daw Kyi Oo passed away today
စာရေးဆရာမကြီး (ဒေါ်) ကြည်ဦး (၁၉၂၅ - ၂၀၀၉) ကွယ်လွန်
မိုးမခ
မတ် ၂၀၊၂၀၀၉
မကွယ်လွန်မီက ၂၀၀၇ သံဃာအရေးတော်ပုံ နှင့် ၂၀၀၈ နာဂစ်မုန်တိုင်းကယ် ဆယ်ရေးတို့တွင် အသက်အရွယ် ကြီးရင့်ပြီး နာမကျန်းသည့်ကြားက လူငယ်များနှင့်အတူ ၀ိုင်းဝန်းအားပေး ဆောင်ရွက်ခဲ့သည်။ နှုတ်ပိတ်ခံပြည်သူများ၊ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ၊ စာနယ်ဇင်းသမားများကိုယ်စား စစ်အစိုးရကို ရဲဝံ့စွာ ဝေဖန်ပြောဆိုခဲ့သည်။ ၃ လ နီးပါး အစားမစားနိုင်ဘဲ မြန်မာပြည်အရေးကိစ္စများကို တသီးပုဂ္ဂလဆောင်ရွက်ခဲ့ပြီး လူကြီးရောဂါနှင့် အိပ်ယာထဲလဲမှ ရပ်နားသည်။ ထိုနောက် ရက်အနည်းငယ်အတွင်း ကွယ်လွန်ခဲ့သည်။
ဆရာမကြီး (ဒေါ်) ကြည်ဦး ကွယ်လွန်သည့်အတွက် မိုးမခ စာနယ်ဇင်းအဖွဲ့က ၀မ်းနည်းကြောင်း မှတ်တမ်းပြုလိုက်ပါသည်။
ကြည်ဦး (၁၉၂၅ - ၂၀၀၉)
အမည်အရင်း ဒေါ်လှကြည်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဇာတိ ဖြစ်သည်။ အဖ ဗိန္ဒောဆရာကြီး ဦးသက်နှံနှင့် အမိ ဒေါ်ငွေယုန်တို့မှ ၁၂၈၇ ခုနှစ်၊ ဝါဆို လဆန်း ၅ရက်၊ (၂၃ - ၆ - ၁၉၂၅) တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်တွင် ငါးယောက်မြောက် ဖြစ်သည်။ အစ်ကိုနှစ်ယောက်၊ အစ်မနှစ်ယောက်နှင့် ညီမတယောက် ရှိသည်။
တောင်စွန်း ဆရာကြီး ဦးထွန်းလှ၏ မူလတန်းကျောင်းတွင် ငယ်စဉ်က ပညာ သင်ယူခဲ့သည်။ စစ်ပြီးခေတ်တွင် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြောင်းလာသည်။ ပြည်ဆရာကြီး ဦးလေ၊ ဆရာကြီး မွန်းဓာတု ပညာရိပ်သာတို့မှာ ပညာ ဆက်လက် သင်ယူ၍ ၁၉၅၁ ခုနှစ်တွင် တက္ဗသိုလ်ဝင်တန်း ဖြေဆိုသည်။
ဗလစ လူငယ် အစည်းအရုံးမှ ဖွင့်လှစ် သင်ကြားပေးသည့် သိုင်းသင်တန်းသို့ တက်ရောက်ရင်း သိုင်းပညာ ပြန့်ပွားရေး အတွက် ဝတ္ထုဆောင်းပါး၊ ကဗျာပြိုင်ပွဲ ပြုလုပ်ရာတွင် သက်လုံ ဝတ္ထုဖြင့် ရွေးချယ်ခံရသည်။ ဤဝတ္ထုကို ဆရာ ဦးချစ်သန်းက တိုင်းရင်းမေ ဂျာနယ်သို့ ပို့ပေးရာမှ စာပေနယ်သို့ စတင် ရောက်ရှိသည်။
၁၉၅၂ ခုနှစ်၊ မြဝတီ မဂ္ဂဇင်း ထုတ်ဝေသော အခါ မဂ္ဂဇင်းနှင့် ပတ်သက်၍ အကြံပြု ဝေဖန်စာ ပြိုင်ပွဲ ပြုလုပ်ရာ၌ ဝေဖန်စာ ပေးပို့လျှင် ဆုရသဖြင့် အယ်ဒီတာချုပ် ဗိုလ်မှူး ဘသောင်း (မောင်သုတ) က သူရေးသားသည့် 'တစ်ကျွန်းသို့' စာအုပ်နှင့် ငွေ နှစ်ဆယ့်ငါးကျပ်၊ ပတ်ကားငါးဆယ့်တစ် ဖောင်တိန် တချောင်း ချီးမြှင့်သည်။
၁၉၅၃ ခုနှစ်တွင် လူထု ပညာရေး ကောင်စီမှ ထုတ်ဝေသည့် လူထုပညာ စာစောင်တွင် လက်ထောက် အယ်ဒီတာ ဖြစ်လာသည်။ ယဉ်ကျေးမှု၊ နော်ရထာ၊ သမဝါယမ၊ စာပေဗိမာန်၊ အထောက်တော်၊ မြတ်ရတနာ စသည့် မဂ္ဂဇင်းများ၌ ဝတ္ထု ဆောင်းပါးများ ရေးသားခဲ့သည်။ တေးပဒေသာ မဂ္ဂဇင်းတွင် ပင်တိုင်အဖြစ် လစဉ်ဝတ္ထု တပုဒ် ရေးရသည်။ ငွေတာရီ၊ မြဝတီ၊ ရှုမဝ၊ မိုးဝေတို့တွင် ဆောင်းပါးများစွာ ရေးခဲ့သည်။
၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းသည့် 'မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း' တွင် စတင် တည်ထောင်သူ အဖြစ် ပါဝင်ခဲ့သည်။ ယုဝတီဂျာနယ်တွင် ဆရာမကြီး ဒဂုန်ခင်ခင်လေး လက်ထက်မှ စ၍ ဆရာမကြီး ကွယ်လွန်ပြီးသည် အထိ အယ်ဒီတာ အဖြစ် ၆ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။
ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များမှာ မြန်မာ့ရိုးရာ စကားထာ၊ ကလေးကြေးမုံ ငှက်မျိုးစုံ၊ ကလေးကြေးမုံ ပင်မျိုးစုံ၊ ရှေးထုံးစဉ်လာ မြန်မာမှုများ၊ ကိုကိုတို့ အရွယ်၊ မေ့ကွက်ကိုရှာ၊ အလောင်းတော်ကဿပ တောလား၊ လူဝင်စားများနှင့် တွေ့ဆုံခြင်း၊ ဗုဒ္ဓဂယာ ဓမ္မခရီး၊ ထူးဆန်းအံ့ဘွယ် ပရလောကနယ် စသည့် စာအုပ်များ ဖြစ်သည်။
ရန်ကင်း၊ ၃ - ရက်ကွက်၊ တိုက် ၂၁၆/ အခန်း ၆ တွင် နေထိုင်သည်။
ခင်ပွန်းဖြစ်သူ စာရေးဆရာ နန်းညွန့်ဆွေ၊ သား မောင်ဝဏ္ဏ (ကွယ်လွန်)၊ မောင်တေဇနှင့် မောင်သူရ (ဇာဂနာ) တို့ ရှိသည်။
Photo Captions - ၁၉၉၀ ရွေးကောက်ပွဲကာလက ဒေါ်ကြည်ဦး
၁၉၈၀ ခုနှစ်များက ဆရာမ ကြည်ဦး၊ ဆရာ နန်းညွန့်ဆွေ၊ သား ဇာဂနာ နှင့် အခြားလူရွှင်တော် ၂ ဦးနှင့်အတူ တွေ့ရစဉ် ( မိုးနတ်သူဇာအဖွဲ့က ပိန်ပိန်နှင့် စုတ်ချွန်း (ဟုထင်))
Posted by
at
11:19 AM
2
comments
Wednesday, January 28, 2009
I am now 48 in Myitkyinar Prison - Happy Birthday To Me ...
ဇာဂနာ ၄၈ နှစ် မြစ်ကြီးနားထောင်ထဲမှာ ပြည့်ခဲ့ပြီ
မိုးမခ အထောက်တော် ၀၀၃
ဇန်န၀ါရီ ၂၈၊ ၂၀၀၉
ယမန်နေ့ ၂၇ ရက်နေ့က ပြည်သူ့အချစ်တော် လူရွှင်တော် (ကို) ဇာဂနာ ၄၈ နှစ်ပြည့်ပါတယ်။ အဲဒီအချိန်မှာ မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၅၉ နှစ် ကျခံနေရပါတယ်။ သူရဲ့ အမှတ်တရ အဖြစ် ဓာတ်ပုံမှတ်တမ်းလေးတခုကို တင်ဆက်လိုက်ပါတယ်။
Posted by
at
6:40 PM
7
comments
Monday, December 8, 2008
Human Rights Day - 60 Years
Posted by
at
11:24 PM
2
comments
Thursday, December 4, 2008
Zarganar & Ne Phone Latt honored as cyber dissident at RSF
| နယ်ခြားစည်းမထား သတင်းထောက်များက ကိုဇာဂနာနှင့် နေဘုန်းလတ်ကို ဂုဏ်ပြုဆုချီးမြှင့် မိုးမခ ဓာတ်ပုံသတင်း ဒီဇင်ဘာ ၄၊ ၂၀၀၈ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး လွတ်လပ်မှုတို့အတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများကို ထိုအဖွဲ့က နှစ်စဉ် ရွေးချယ် ဆုချီးမြှင့်လေ့ရှိရာ ဒီနှစ်တွင် အင်တာနက် အတိုက်အခံ ဘလော့ဂါများအဖြစ် မြန်မာပြည်က စွယ်စုံရ အနုပညာရှင် ကိုဇာဂနာနှင့် ဘလော့ရေးသားသူ ကိုနေဘုန်းလတ်တို့ကို ရွေးချယ် ဂုဏ်ပြုလိုက်သည်ဟု သိရသည်။ ကိုဇာဂနာ၏ မိတ်ဆွေ လူရွှင်တော်၊ သရုပ်ဆောင်၊ ပန်းချီဆရာ၊ အနုပညာရှင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ပန်းချီ ထိန်လင်းက သူတို့ကိုယ်စား ဆုပေးပွဲကို တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ | |
Posted by
at
8:41 PM
0
comments
Wednesday, December 3, 2008
Zarganar to MyitKyiNar Prison, RSF Award and Burmese Artists' Voice
ဇာဂနာ မြစ်ကြီးနားထောင်၊ နယ်ခြားစည်းမထား သတင်းထောက်များ ဆုနဲ့
မြန်မာအနုပညာရှင်တွေရဲ့ အသံ
မိုးမခ အထောက်တော် ၀၀၂
နိုဝင်ဘာ ၄၊ ၂၀၀၈
ယမန်နေ့ညက ပြည်သူ့အချစ်တော် ကိုဇာဂနာကို မြစ်ကြီးနားထောင်၊ ဇော်သက်ထွေး - တောင်ကြီး၊ ကိုကတုံး - မြင်းခြံနှင့် သန့်စင်အောင် - ဖားအံထောင်များသို့ အသီးသီး ချုပ်နှောင်လိုက်သည်ဟု သိရသည်။
ယခုကဲ့သို့ မိသားစု သားချင်းများနှင့် လက်လှမ်းမမီသည့် ထောင်များကို ပြောင်းရွှေ့ချုပ်နှောင်လိုက်သည့်အတွက် အခက်အခဲမျိုးစုံနှင့် ပိုမိုရင်ဆိုင်စေရန် စစ်အစိုးရက ကောက်ကျစ်ယုတ်မာစွာ ဖန်တီးခြင်းဖြစ်ကြောင်း မိတ်ဆွေတဦးက ပြောလိုက်သည်။
ထိုအချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ပြင်သစ်အခြေစိုက် အာရ်အက်စ်အက်ဖ် - နယ်ခြားစည်းမထား သတင်းထောက်များအသင်းက ကိုဇာဂနာနှင့် နေဘုန်းလတ်တို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်ဖြစ်နေသည်။
ကဗျာဆရာ ကိုအောင်ဝေးက ပြောကြားရာတွင် - မိမိအနေဖြင့် စိတ်ထိခိုက်ရကြောင်း၊ ကိုဇာဂနာနှင့် နိုင်ငံရေးအကျဉ်းသားများ၊ အဓမ္မလူဝတ်လဲခံထားရသည့် သံဃာတော်များကို မြစ်ကြီးနား နယ်ခံများက ၀ိုင်းဝန်း ကာကွယ် ကူညီကြ၊ စောင့်ရှောက်ပေးကြမည်ကို မြင်ယောင်မိကြောင်း၊ ပြောကြားသည်။
ကိုဇာဂနာ ဇနီးသည် မလွင်မာဦးက ပြောကြားရာတွင် - နိုင်ငံတကာက အနုပညာရှင်များ၊ အဖွဲ့အစည်းများက ယခုကဲ့သို့ ဂုဏ်ပြုကြ၊ ဆုတွေ ချီးမြှင့်ကြသည့်အတွက် ၀မ်းသာပါကြောင်း၊ ထိုထက်သာမက နိုင်ငံတကာက အနုပညာရှင်များ အဖွဲ့အစည်းများက ၎င်းတို့၏ အနုပညာများ၊ ပညာအစွမ်းအစများကို အသုံးချပြီး ကိုဇာဂနာနှင့်တကွသော အကျဉ်းကျခံနေရသူ အနုပညာရှင်များ၊ ပုဂ္ဂိုလ်များအကြောင်းကို ပရိသတ်များ၊ လူအများတို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ စာနာ နားလည်လာကြစေရန်၊ မတရားသူ အာဏာရှင်များ အရှက် ဂုဏ်သိက္ခာ ပိုမိုကျဆင်းစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြောကြားလိုက်သည်။
ပန်းချီထိန်လင်း က
“သူက အနုပညာဘ၀ တလျောက်လုံး ပြည်သူတွေအတွက်၊ အားနည်းသူတွေအတွက်၊ အဖိနှိပ်ခံတွေအတွက် အနုပညာတွေ၊ ခွန်အားဖြစ်စေတဲ့ အက၊ သီချင်း၊ ပြက်လုံး၊ ဇာတ်လမ်း၊ ပြကွက်တွေ တင်ဆက်ခဲ့တာ။ ထောင်ထဲမှာတောင် စိတ်ကူးနဲ့တင် သီချင်းတွေ ပြက်လုံးတွေ ရုပ်ရှင်ကားတွေ ရိုက်ပြီး အသည်းထဲ စိတ်ထဲမှာ သိမ်းဆည်းထားတာ၊ သူလိုလူကို ကျနော်တို့က အလေးအနက် ပြုရမယ် …”
ဟု ဆိုလိုက်သည်။
Posted by
at
11:49 PM
0
comments
Zarganar and Others sent to remote prisons
မျိုးဆက်သစ်လူငယ်များကို ထောင်ပြောင်း၊ လူရွှင်တော် ကိုဇာဂနာကိုလည်း ညတွင်းချင်း ထောင်ရွှေ့
နိုင်ငံရေး အကျဉ်းသားတို့ကို ဒေသခံ ပြည်သူနှင့် ၀န်ထမ်းတို့ ၀ိုင်းဝန်း ကူညီစောင့်ရှောက်ကြရန် ဆရာတော်များက မေတ္တာရပ်ခံ
မိုးမခ အထောက်တော် (ရန်ကုန်)
ဒီဇင်ဘာ ၃၊ ၂၀၀၈
ယမန်နေ့က ပြည်တွင်းရှိ မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ၎င်းတို့လူငယ်များကို ဝေးလံခေါင်ဖျားသော ထောင်များသို့ ပြောင်းရွှေ့ကြောင်း သတင်းထုတ်ပြန်သည်။ ပြည်သူအချစ်တော် ကိုဇာဂနာနှင့် မိတ်ဆွေများကိုလည်း ရန်ကုန်အင်းစိန်ထောင်က အခြားတနေရာသို့ ပြောင်းရွှေ့လိုက်ကြောင်း ကြားသိရသည်။
ဇေယျာသော်ကို ကော့သောင်း၊ အောင်ဇော်ဖြိုးကို တောင်ငူ၊ သီဟ၀င်းတင်ကို ညောင်ဦးထောင်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဆိုသည်။ ထိုင်းအခြေစိုက် အေအေပီပီ စာရင်းအရ နိုဝင်ဘာလအတွင်း နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ ၃၀၀ နီးပါးကို ထောင်ဒဏ်များ ကြီးလေးစွာ ချမှတ်ခဲ့ကြောင်း၊ မတရားပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာက အငြိမ်းစား သမ္မတများ၊ ခေါင်းဆောင်များဖြစ်သည့် ဂျော့ဘွတ်ခ်ျ (အကြီး)၊ ဂျင်မီကာတာ၊ ဟာဗယ်လ် စသည်တို့အပါအ၀င် ပုဂ္ဂိုလ်ကြီး ၁၁၂ ဦးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို လိပ်မူပြီး မြန်မာပြည်အကြပ်အတည်းကို အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုထားကြောင်း ပြည်ပသတင်းဌာနများတွင် ဖော်ပြထားသည်။
“အမျိုး ဘာသာ သာသနာကို အသက်တွေ ကိုယ်ကျိုးတွေ စွန့်လွှတ်ပြီး ဆောင်ရွက်ကြတဲ့ ဒကာတွေ ဒကာမတွေကို အခုလို ထောင်ချတယ်၊ အဝေးကို ပို့ပြီး မိဘတွေ သားချင်းတွေ လိုက်မမီအောင် ပင်ပန်းဆင်းရဲအောင် တပူပေါ် နှစ်ပူ သုံးပူ ဆင့်ကြတယ်။ ဆရာတော်ကတော့ အကုသိုလ်တွေထဲက ကုသိုလ်ရတဲ့အလုပ်ကို ရွေးပြီး စဉ်းစားတယ်။
ရန်ကုန်နဲ့ ဝေးတဲ့ နယ်အသီးသီးက အစိုးရ၀န်ထမ်းတွေ၊ လုံခြုံရေး ၀န်ထမ်းတွေ၊ အိမ်ရှင် သူတော်ကောင်း အမျိုးသားကောင်း အမျိုးကောင်းသားသမီးတွေအတွက် အရတော်တဲ့ အဖြစ်၊ ထူးတဲ့ အဖြစ်တခု ဖြစ်လာတာပဲ။
အခုလို အာဇာနည် သူတော်ကောင်း ဒကာတွေ ဒကာမတွေကို အဲဒီက ထောင်တွေထဲ ပို့လိုက်ပြီ၊ သူတို့တွေ ရောက်လာကြပြီ။ ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး ဂရုဏာ မေတ္တာတွေနဲ့ ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ ကူညီဖို့ အခွင့်အရေးကြီး အဲဒီအရပ်ကို ဆိုက်ရောက်လာတာပဲ။ ၀ိုင်းပြီး ကိုယ့်သားသမီးလို၊ မိခင် ဘခင်များလို၊ ညီအကို မောင်နှမတွေကို စောင့်ရှောက်ပေးထားကြပါ။ မရည်ရွယ်ဘဲနဲ့ ကုသိုလ်တွေ ရကြပါလိမ့်မယ်လို့ ဆရာတော်က မေတ္တာရပ် တောင်းပန်လိုက်ချင်ပါတယ်။
အဲဒီအထဲမှာ သင်္ကန်းချွတ်ပြီး လွှတ်လိုက်တဲ့ သံဃာတော်တွေလည်း ပါလာပါလိမ့်မယ်။ သူတို့ကိုလည်း ဂရုဏာနဲ့ စောင့်ရှောက်ပြီး သာသနာပြုပေးကြပါ။ မယူတတ်ရင် ငရဲကြီးပါတယ်။ အခုလို ခံယူလိုက်ရင် ကုသိုလ်ဖြစ်ပါလိမ့်မယ် ..”
Posted by
at
11:44 PM
1 comments
Wednesday, November 26, 2008
Zarganar awarded with "Freedom to Create" Prize
ဇာဂနာကို “လွတ်လပ်စွာ အနုပညာဖန်တီးခွင့်” ဆု ချီမြှင့်
မိုးမခ အထောက်တော် ၀၀၂၊ ဓာတ်ပုံ - နာရီ
နိုဝင်ဘာ ၂၆၊ ၂၀၀၈
ယနေ့ ဗုဒ္ဓဟူးနေ့၊ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ Art Venture အမည်ရတဲ့ အနုပညာရှင်များ စေတနာရှင်များအဖွဲ့က ရွေးချယ်ဂုဏ်ပြုတဲ့ “လွတ်လပ်စွာ အနုပညာဖန်တီးခွင့်” ဆုများမှာ မြန်မာပြည်ရဲ့ စွယ်စုံရ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာကိုလည်း ထူးချွန်ပြောင်မြောက်တဲ့ အကျဉ်းကျ အနုပညာရှင်တဦးအဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။
ကိုဇာဂနာ ကိုယ်စား မိတ်ဆွေတဦးက ဆုကို လက်ခံရယူခဲ့ပြီး အမေရိကန်နိုင်ငံရောက်နေတဲ့ ကိုဇာဂနာ ဇနီး၊ မလွင်မာဦးထံက ပေးပို့တဲ့ ကျေးဇူးစကားကို ဖတ်ကြားပြခဲ့တယ်လို့ သိရပါတယ်။ မလွင်မာဦးက -သူတို့ အိမ်ထောင်သက် အနှစ် ၂၀ မှာ ကိုဇာဂနာ ဖမ်းဆီး ထိမ်းသိမ်းခံရတဲ့ ကာလတွေဟာ ၁၀ နှစ် နီးပါးရှိခဲ့တယ်။ သားတဦး သမီးတဦးနဲ့ ကိုဇာဂနာတို့ မိသားစု အတူတကွ ရပ်တည်ခဲ့ကြတယ်။ ထောင်ကျနေစဉ်ကလည်း ထောင်နံရံအပြင် အနီးဆုံးက အားပေးနိုင်ခဲ့တယ်။ သူ့အနုပညာတွေ ပိတ်ပင်ခံရတော့လည်း ပြည်ပသတင်းဌာနတွေကတဆင့် သူ့အနုပညာတွေ ပြည်သူတွေ နားမျက်စိရှေ့ ရောက်နိုင်ဖို့ မိသားစုက ကူညီခဲ့ကြတယ်။ အခုတော့ မိသားစုက အဝေးမှာရောက်နေလို့ အခုလို ထောင်ဒဏ် အနှစ် ၄၀ ကျော် ကျခံချိန်မှာ ကျမတို့ အနီးကပ် မစောင့်ရှောက်နိုင်တော့လို့ စိတ်ထိခိုက်ရပါတယ် … လို့ ပြောကြားတယ် လို့ ပရိသတ်တဦးက ပြန်ပြောပြပါတယ်။
မလွင်မာဦးက ဆက်လက်ပြောကြားရာမှာ -ဒီဆုဟာ ကိုဇာဂနာအတွက်သာ မဟုတ်ပါဘူး၊ အဖိနှိပ်ခံထားရတဲ့၊ ယုံကြည်ချက်အတွက် လွတ်လပ်မှုအတွက် အဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးသမားတွေအတွက်၊ သူတို့ရဲ့ မိဘတွေ၊ သားသမီးတွေ၊ မိသားစုတွေ အားလုံးအတွက် နိုင်ငံတကာက အနုပညာရှင်တွေ၊ ပြည်သူတွေက အလေးအနက်နဲ့ မမေ့မလျော့ အတူတကွ ရှိနေကြတယ်၊ ဂုဏ်ယူလျက်ရှိတယ်၊ အားပေးဂုဏ်ပြုလျက်ရှိတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ကျမ ခံစားမိပါတယ်လို့ စကားလက်ဆောင်ပေးတယ်လို့ သိရပါတယ်။
ပထမဆုကို ဇင်ဘာဘွေက ပြဇာတ်အဖွဲ့က ရပါတယ်။ ဇင်ဘာဘွေက သမ္မတကြီးကို သရော်တဲ့ ပြဇာတ်ဟာ ပြည်တွင်းမှာ အလွန်လူကြိုက်များလွန်းလို့ အာဏာပိုင်တွေက အစဉ် အနှောက်အယှက်ပေးခံရတယ်လို့ သိရပါတယ်။
ဒုတိယဆုကတော့ ဘားလရုဇ်က ပြဇာတ်အဖွဲ့တခုဖြစ်တယ်။ သူတို့ကလည်း နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေကို ဖီဆန်တဲ့ အနုပညာတွေကို ရဲရဲရင့်ရင့် တင်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။
တတိယဆုကတော့ ပါကစ္စတန်က မွတ်ဆလင် မက်ဒေါ်နာလို့ လူသိများတဲ့ ခေတ်ပေါ် အဆိုတော်ဖြစ်ပါတယ်။ သူ့သီချင်းတွေက အဖိနှိပ်ခံ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ သီချင်းတွေ၊ အယူသီး တယူသန်တဲ့ ဘာသာရေးအယူအဆတွေကို ဝေဖန်တဲ့ အနုပညာတွေကို တင်ဆက်လို့ ထောက်ခံသူကော ကန့်ကွက်သူတွေကောနဲ့ ပွဲဆူတဲ့ ပညာရှင်တဦး ဖြစ်ပါတယ်။
နောက်တဆုကတော့ ဘရာဇီးက ကလေးသူငယ်တွေရဲ့ ညှင်းပမ်းသတ်ဖြတ်ခံရတဲ့ အကြောင်း သီချင်း စီဒီတခု ဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ ကလေး ၇၀ ကျော်က လစဉ် အသတ်ခံနေရတာကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။
“ကိုဇာဂနာအတွက် ဆုကို ကြေငြာတော့ - ဒီလူဟာ သရော်တဲ့သူ၊ ပြက်လုံးထုတ်တဲ့သူလို့ စပြောလိုက်တယ်။ ပြီးတော့ ဒီလူဟာ အစိုးရက မည်သို့ပင် ပိတ်ပင်တားဆီး ဖိနှိပ်ထားစေကာမူ ပြည်သူလူထုကြားထဲကို မီဒီယာမျိုးစုံ အထိရောက်ဆုံးသုံးပြီးတော့ အရောက်ပို့နိုင်တဲ့သူလို့ ဆက်ပြောလိုက်တယ်။ အင်မတန် ရဲရင့်တဲ့သူ၊ ထောင်အကြိမ်ကြိမ် ကျတဲ့သူ၊ ၂၀၀၇ စက်တင်ဘာမှာ အနုပညာရှင်တွေကို စည်းရုံးပြီး သပိတ်မှောက်သံဃာတွေကို ဆွမ်းကပ်တဲ့သူ၊ စွယ်စုံတဲ့နည်းတွေသုံးနိုင်တဲ့သူ - သရုပ်ဆောင်မယ်၊ သီချင်းဆိုမယ်၊ စာရေးမယ်၊ အင်တာနက်သုံးမယ်၊ အင်တာဗျူးတွေလုပ်မယ်၊ နည်းမျိုးစုံနဲ့ ပြည်သူထံအရောက် လူ့အခွင့်အရေးကိစ္စအားလုံးကို ထုတ်ဖော်ပြောဆိုသူ ဖြစ်တယ်လို့ ဆက်ပြောပြီးတော့ အကျဉ်းကျနေတဲ့ အနုပညာရှင်တဦးအဖြစ် သူ့ကို ဆုချီးမြှင့် ဂုဏ်ပြုလိုက်ပါတယ် … လို့ ကြေငြာတာဗျာ …”
လို့ ပွဲတက်ရောက်သူ မြန်မာအနုပညာရှင်တဦးက မိုးမခကို ပြောပြပါတယ်။
ဆုချီးမြှင့်တဲ့ အတ်ဗင်းချားအဖွဲ့အပြင် မိတ်ဆွေ အနုပညာရှင်များ၊ စာနယ်ဇင်း သမဂ္ဂပေါင်းစုံက ပညာရှင်များ စုစည်းကြပြီး ကိုဇာဂနာတင်သာမက အကျဉ်းကျ အနုပညာရှင်တွေဖြစ်တဲ့ ကိုစောဝေ၊ ကိုဝင်းမော် (ရွှေသံစဉ်)၊ နေဘုန်းလတ်တို့အပြင် အသီးသီးသော အဖိနှိပ်ခံ ပညာရှင်တွေ လွတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်ကြဖို့ ဆော်သြကြဖို့ကို ဆန္ဒရှိကြပုံရကြောင်း ပရိသတ်တဦးက ထင်မြင်ချက်ပေးခဲ့ပါတယ်။
(ဓာတ်ပုံ - ဆု၊ ဇာဂနာအကြောင်းကို ၀ါရင့်သရုပ်ဆောင်တဦး မိတ်ဆက်ပေးနေစဉ်၊ ဆုပေးပွဲ မြင်ကွင်း)
Posted by
at
11:10 PM
1 comments
Monday, November 24, 2008
Zarganar, Aung Way and Nge Oo Mon
ကျနော့်သားက မေးတယ်။
‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’ တဲ့။
မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။
အေး ... မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့ ... ... ... ...
... ... ... ...။
အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။
ဖေဖေ ... ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။
ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။
သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။
ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။
ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။
အောင်ဝေး (၁၉၉၉)
Posted by
at
10:17 PM
0
comments
Saturday, November 22, 2008
Zarganar - 45 Years
အိုင် (I) သုံးလုံး နဲ့ ကိုဇာဂနာ
(ဘီဘီစီ) နိုဝင်ဘာလ ၂၁ ရက် ၂၀၀၈ ခုနှစ်
စွယ်စုံအနုပညာရှင် လူရွှင်တော် ကိုဇာဂနာ ခေါ် ကိုသူရကို ဒီကနေ့ အီလက်ထရွန်နစ် ပုဒ်မတွေနဲ့ ထောင်ဒဏ် ၄၅ နှစ်ချလိုက်ပါတယ်။ ဒါပေမယ့် သူဟာ နောက်ထပ် အမှု ၄ မှုကို ဆက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
သူ့ကို ထောင်ချခဲ့တာနဲ့ပတ်သက်ပြီး သူဟာ အိုင် သုံးလုံးကြောင့် ဒုက္ခရောက်ရတာ၊ IT အိုင်တီကိုလေ့လာခဲ့ပြီး INTERNET အင်တာနက်ကို သုံးခဲ့လို့ INSEIN အင်းစိန်ကို ရောက်ခဲ့ရတာ ဆိုပြီး ကိုဇာဂနာက ပြက်လုံးထုတ်ခဲ့တယ်လို့ ခယ်မဖြစ်သူက ပြောပြပါတယ်။
ကိုဇာဂနာနဲ့ အမှုတွဲတခုတည်းဖြစ်တဲ့ ကိုဇော်သက်ထွေးနဲ့ ကိုသန့်ဇင်အောင် တို့ကို ထောင် ၁၅ နှစ်အသီးသီးချ ခဲ့ပြီး ကိုတင်မောင်အေးကို ထောင် ၂၉ နှစ် ချခဲ့ပါတယ်။
ရန်ကုန် သာသနာ့သိပ္ပံကျောင်းတိုက်က သံဃာ ၅ ပါးနဲ့ လူ ၆ ဦးကိုလည်း ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပေ မယ့် နှစ်ဘယ်လောက်စီချခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။
အရှင် ဂမ္ဘီရကို ထောင်ဒဏ် ၆၅ နှစ်
စက်တင်ဘာသံဃာ့အရေးအခင်းမှာ ဦးဆောင်ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုက ဆရာတော် အရှင်ဂမ္ဘီရကို ဒီကနေ့ ထောင်ဒဏ် ၁၂ နှစ် ထပ်ပြီး ချခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၁၂ နှစ်၊ ကြာသပတေးနေ့က ထောင်ဒဏ် ၄၄ နှစ်ချခဲ့တဲ့အတွက် အခုဆိုရင် အရှင်ဂမ္ဘီရဟာ စုစုပေါင်း ထောင်ဒဏ် ၆၈ နှစ် ကျခံရမှာဖြစ်ပါတယ်။
အရှင်ဂမ္ဘီရကို သာသနာကို ညှိုးနွမ်းအောင်လုပ်မှု၊ အီလက်ထရွန်နစ်အမှု၊ မတရားသင်းနဲ့ ဆက်သွယ်မှု၊ ဆူပူအောင်လုပ်မှုတွေနဲ့ စွဲချက်တင် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ အရှင်ဂမ္ဘီရနဲ့အတူ ၁၁ ဦးကို ပြစ်ဒဏ်တွေချမှတ်ခဲ့တဲ့အနက် ဦးကေလာသ ကို နောက်ထပ် ၄ နှစ် ချမှတ် ခဲ့တဲ့အတွက် စုစုပေါင်း ထောင် ၃၉ နှစ်၊ မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက ကို နောက်ထပ် ၄ နှစ်ချခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆ လ၊ ဦးအိန္ဒရိယ ကို ၁၄ နှစ်၊ ဦးသုမန ခေါ် စာရေးဆရာ မင်းဆက် ကို ၆ နှစ်၊ အရှင်ဂမ္ဘီရရဲ့ အကိုတော်စပ်သူ ကိုအောင်ကျော်ကျော်နဲ့ ကိုကျော်ကျော်နိုင်ကို ထောင် ၁၄ နှစ်စီ အသီးသီး ချခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေကိုလည်း ထောင်ဒဏ်ချမှတ်
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေထဲက ကျန်တဲ့သူတွေကိုလည်း ဆက်လက်ထောင်ချနေရာမှာ လူငယ်အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ချလိုက်ပါတယ်။
၅ နှစ် ထောင်ကျသူတွေထဲမှာ ကိုသိန်းသန်းထွန်း ခေါ် စမ်းချောင်းကိုကိုကြီး၊ ကိုဇော်ထက်ကိုကို၊ မသရဖီသိမ့်သိမ့်ထွန်း စတဲ့သူ ၈ ဦးကို ထောင် ၅ နှစ်ချလိုက်ပြီး ကျန်တဲ့ ကိုသော်ဇင်ထွန်း၊ ကိုစောမျိုးလှိုင် စတဲ့ သူ ၅ ဦးကိုတော့ ထောင်ဒဏ် ၃ နှစ် ချလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်နဲ့ စက်တင်ဘာလ ဆန္ဒပြမှုတွေနောက်ပိုင်း ဖမ်းဆီးခံရသူ ၉၆၀ ကျော်ရှိပြီး အခုအချိန်အထိ အဲဒီထဲကနေ ထောင်ဒဏ်အပြစ်ပေးလိုက်သူ ၁၈၀ ကျော်ရှိနေပြီလို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဘီဘီစီကို ပြောပါတယ်။
(ဓာတ်ပုံ-AP)
Posted by
at
9:28 PM
1 comments
Thursday, October 23, 2008
White Rainbow - Burmese Poetry Festival 2006 Part One
| | |
|
၂၀၀၆ အဖြူရောင် သက်တံ အမှတ်တရ အပိုင်း ၁ မိုးမခ ရုပ်သံ အောက်တိုဘာ ၂၃၊ ၂၀၀၈ အဖြူရောင် သက်တံ ၂၀၀၆ ကဗျာရွတ်ဆိုပွဲ ဖြစ်ပါတယ်။ ခုခံအားကျဆင်းတဲ့ရောဂါ ကူးစက်ခံထားရတဲ့ မြန်မာကလေးငယ်များအတွက် အဲသည်တုံးက မြန်မာ အနုပညာ ညီအကိုမောင်နှမတွေရဲ့ အနုပညာအလှူပွဲ တခုဖြစ်ပါတယ်။ ၀ိုင်းဝန်း ဆောင်ရွက်ခဲ့ကြသူတွေက ၂၀၀၇ စက်တင်ဘာအရေးအခင်းမှာ ပြည်ပမဲဇာရောက်ခဲ့ရသူ အောင်ဝေး၊ အဲဒီနောက် ကဗျာတပုဒ်နဲ့ အကျဉ်းကျနေသူ စောဝေ၊ ၂၀၀၈ နာဂစ်မုန်တိုင်း အရေးအခင်းမှာ အဖမ်းဆီးခံခဲ့ရတဲ့ ဇာဂနာ၊ ဇော်သက်ထွေးတို့တွေ အပါအ၀င် ဖြစ်ပါတယ်။ သူတို့တွေကို အမှတ်တရ အနေနဲ့၊ ပြီးတော့ စစ်အစိုးရဖိနှိပ်မှုတွေကြောင့် ခုချိန်မှာ ခိုကိုးရာမဲ့ ချို့တဲ့လျက်ရှိနေတဲ့ HIV ရောဂါသင့် ကလေးသူငယ်များ အားလုံးသို့ ၂၀၀၆ တုံးက ထိုးခဲ့တဲ့ခေါင်းလောင်း … အခု … လက်ဆင့်ကမ်းလိုက်တဲ့ … လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်းသံ … ကဗျာ … (ဒီနေရာက သွာုးကည့်နိုင်ပါပြီ - MoeMaKa Dot Net Video Archives) | |
Posted by
at
6:34 PM
0
comments

ဒီ ဘလောဂ့် ကို ၂၀၀၈ခုနှစ်ကတည်းက မရေးဖြစ်ခဲ့ပါဘူး။ခုတော့ ကိုမောင်ရစ်ကြီးကောင်းမှု နဲ့  ပြန်ရေးဖြစ်ခဲ့ပါပြီ။ ပထမ ဆုံးရေးချင်တာက ရုပ်ရှင် အကြောင်းလေး ပါ။ ကျွန်တော် ကိုယ် တိုင်က ရုပ်ရှင်ကို မရိုက်ဖြစ်ခဲ့ပါဖူး။ထောင်ထဲက ပြန်ထွက်လာကထည်း က ရုပ်ရှင်ရိုက်ဖို့  နည်းမျိုးစုံ ကြိုးစားခဲ့ပေမဲ့ မရိုက်ဖြစ်ခဲ့ပါဘူး။ခုလဲ ဒါရိုက်တာ ဘကြီးအောင် ရဲ့ သရာစောထိ ကို ၀င် ကူပေးရင်း ရိုက်ကွင်းနဲ့ပြန်လည် နီးစပ်ခဲ့ရပါတယ်။ဆယ်စုနှစ် တစ်ခုလောက် ရုပ်ရှင် လောက နဲ့ ဝေးကွာနေ လိုက်တာ ပြောင်းလဲ မှုတွေ တပုံတခေါင်းနဲ့တွေ့လိုက်ရပါတော့တယ်။




